ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကြည့်ရှု

နေပြည်တော်    ဇူလိုင်    ၁


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမ၌     လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ   လေဆိပ်ဝန်ထမ်းများနှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာန ဝန်ထမ်းများသည်    နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်စပ်ဆောင်ရွက်ရပြီး ပြည်သူကို ဝန်ဆောင်မှုပေးရသူများ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့သည့်အခါ လေကြောင်း လိုင်းများခွင့်ပြုပြီး ပြည်တွင်း/ပြည်ပခရီးသွားများ ပြန်လည်များပြားလာနိုင်သည့်အတွက်   လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင် ရေး ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ယခုကာလတွင်  လုပ်ငန်းဆိုင်ရာ စက်ကိရိယာများ ပြည့်စုံရေးနှင့် ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးဆောင် ရွက်ကာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု ကျွမ်းကျင်ပိုင်နိုင်ရေးအတွက်     အစဉ်လေ့ကျင့် ဆောင်ရွက်နေကြရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉  ကူးစက်မြန်ရောဂါ  ကာကွယ်တားဆီး နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များကို   တိကျစွာ  လိုက်နာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က     ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။ 


ထို့နောက်    တာဝန်ရှိသူများက   ပြည်တွင်း/ ပြည်ပ    လေကြောင်းလိုင်းများ   အခြေအနေနှင့် ပြည်တွင်း/ပြည်ပ    ခရီးသွားများ   ဝင်ရောက်/ထွက်ခွာမှု၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်  လုပ်ငန်းဆိုင်ရာ  လိုအပ်ချက် များကို   ရှင်းလင်းတင်ပြကြရာ      ပြည်ထောင်စု ဝန်ကြီးက    လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက် ပေးသည်။ 


ယင်းနောက်      ပြည်ထောင်စုဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ ကောင်တာ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival – VOA) ကောင်တာ၊ ဆာဘာခန်းနှင့် ပြည်ပဆိုက်ရောက် ကောင်တာတို့ကို  ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။ 
     

သတင်းစဉ်