
ကူမင်း ဩဂုတ် ၁၈
တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိ နေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းနှင့် အဖွဲ့သည် မဲခေါင် ဒေသနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များနှင့်အတူ ယနေ့တွင် ကူမင်းမြို့ရှိ ယူနန်စိုက်ပျိုးရေး တက္ကသိုလ်၊ လူစစ်ဝမ် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ကူမင်း နိုင်ငံတကာ ပန်းရောင်းဝယ်ရေး စင်တာတို့ကို သွားရောက်လေ့လာ ကြသည်။
လိုက်လံရှင်းလင်းပြသ
နံနက်ပိုင်းတွင် ယူနန်စိုက်ပျိုး ရေးတက္ကသိုလ်( Yunnan Agri-cultural University) သို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး စိုက်ပျိုးရေး ဆိုင်ရာ သုတေသနစင်တာ (Data Center) တွင် သုတေသန ပြုလုပ်၍ အချက်အလက်များ စုဆောင်းမှုနှင့် ဖြန့်ချိမှုလုပ်ငန်း များ ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ကြက်မွေးမြူရေး ပြတိုက်တွင် မျိုးရင်းကြက်များ၊ စပ်မျိုးကြက်များ၊ ဥနှင့်အသား ထုတ်လုပ်မည့် ကြက်များဆိုင်ရာ လေ့လာစုဆောင်းထားမှုနှင့် ပညာ မျှဝေဖြန့်ဖြူးရေး ဆောင်ရွက်မှု အခြေအနေကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ ထုတ်လုပ်သည့် အစားအသောက် ဆိုင်ရာပြပွဲတွင် ယာစပါးအမျိုးမျိုး၊ ဖူးစား/နှံစား ပြောင်းအမျိုးမျိုး၊ အာလူးနှင့် ကန်စွန်းဥအမျိုးမျိုး စမ်းသပ်ထုတ်လုပ်မှုများ အပြင် လက်ဖက်ခြောက်၊ စပျစ်ဝိုင် စသည်ဖြင့် ထုတ်လုပ်မှုများကို လည်းကောင်း လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းတက္ကသိုလ်၌ ပါရဂူဘွဲ့ ရယူနိုင်ရန် တက်ရောက်နေ ကြသည့် မြန်မာနိုင်ငံ ရေဆင်း တက္ကသိုလ်မှ ကျောင်းသူသုံးဦး အနက် နှစ်ဦးအား ပြည်ထောင်စု ဝန်ကြီးက ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ ပညာသင်ကြားမှု အခြေအနေများကို မေးမြန်းကာ ပညာသင်ထောက်ပံ့ငွေ ပေးအပ်၍ ကျောင်းစားရိပ်သာ၌ နေ့လယ် စာ အတူသုံးဆောင်ကြသည်။
အဆိုပါ ယူနန်စိုက်ပျိုးရေး တက္ကသိုလ်သည် ကူမင်းမြို့တွင် စိုက်ပျိုးရေးကျောင်းအဖြစ် ၁၉၃၈ ခုနှစ်မှ စတင်တည်ထောင်၍ ၁၉၇၁ ခုနှစ်တွင် ယူနန်စိုက်ပျိုးရေး တက္ကသိုလ် (Yunnan Agricul-tural University) အဖြစ် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါ အဝင် ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်းမှ ကျောင်းသူစုစုပေါင်း သုံးသောင်းခန့် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ယူနန်လယ်ယာ စိုက်ပျိုးရေးတက္ကသိုလ် Yunnan Agricultural University ၌ ဒေသစင်တာတစ်ခုရှိပြီး ဒေသ စင်တာမှ စုဆောင်းထားသည့် အချက်အလက်များအား ကုမ္ပဏီ များကို ပေးပို့မှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။
သွားရောက်လေ့လာ
မွန်းလွဲပိုင်းတွင် ကူမင်းမြို့ လော့စစ်ဝမ် နိုင်ငံတကာကူးသန်း ရောင်းဝယ်ရေးမြို့တော် (Luosi-wan International Trade City) ကိုသွားရောက်လေ့လာရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရှေးဦးစွာ ရှေးဟောင်းရထားတွဲ ပုံစံပြုလုပ်ထားမှုဖြင့် ခေါ်ဆောင် ၍ ဧည့်ခံသည်။
ဆက်လက်၍ ရှင်းလင်း ဆောင်၌ တာဝန်ရှိသူများက ၎င်းတို့နေရာကို ဆိုင်ခန်းပေါင်း ၃၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်း တည်ဆောက်၍ အဝတ်အထည်၊ လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းများ ဖြင့် အဆောက်အအုံသုံးခုတွင် ဇုန်အလိုက် ခွဲခြားဆောင်ရွက် နေကြောင်း၊ ပြည်တွင်းထုတ်ကုန် များကို အခြေခံပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ဖြန့်ချိသည့် လက်ကားရောင်းဝယ်ရေးစင်တာ ဖြစ်လာစေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်း တင်ပြပြီး စင်တာအတွင်းလိုက်လံ ရှင်းလင်းပြသသည်။
အဆိုပါ လက်ကားစျေးမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တွင် အကြီးဆုံးဖြစ်ပြီး တရုတ် နိုင်ငံ၌ တတိယအကြီးဆုံးဖြစ်ကာ လုပ်ငန်များ တိုးတက်အောင်မြင် လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ကူမင်း နိုင်ငံ တကာ ပန်းရောင်းဝယ်ရေးစင်တာ (Kumming International Flora Auction Trading center) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ၎င်းတို့စင်တာသည် ကမ္ဘာပေါ်တွင် နံပတ်(၂)အကြီးဆုံးနှင့် အာရှနှင့် တရုတ်နိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ပန်းစိုက်ဧက သုံးသိန်းခွဲခန့်ဖြင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်နေကြောင်း၊ နေ့စဉ် ပန်းစည်း(၄/၅)သန်းခန့်ကို ပြည်တွင်းသို့ ၉၀ ရာခိုင်နှုန်းနှင့် ကျန် ၁၀ ရာခိုင် နှုန်းကို ပြည်ပသို့ ရောင်းချတင်ပို့ နေကြောင်း၊ ပန်းများ အဆင်းအနံ့ အရည်အသွေး တိုးတက်စေရန် မြှင့်တင် ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းတင်ပြပြီး စင်တာအတွင်း လိုက်လံရှင်းလင်း ပြသခဲ့သည်။
သတင်းစဉ်