
ရန်ကုန် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး China Media Group (CMG) နှင့် တရုတ် ယဉ်ကျေးမှုစင်တာတို့ပူးပေါင်း၍ တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (Chinese Film Week) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်း တွင် ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေး မှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံမှူးကြီး Mr.Zheng Zhihong နှင့် ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာ တာဝန်ခံ Mr. Xiang Jianbo၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည် စိုးထွန်း၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်း မောင် (မြင်းမူ-မောင်နိုင်မိုး)၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ တရုတ်ယဉ်ကျေးမှု စင်တာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။
အမှာစကားပြောကြား
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ရုပ်ရှင်အနုပညာသည် အနုပညာ နယ်ပယ်အရပ်ရပ်အနက် လှုံ့ဆော် နိုင်မှုစွမ်းပကား ကြီးမားပြီး လူတို့အပေါ်တွင် သြဇာအာဏာ သက်ရောက်မှုရှိသလို လူ့အသိုင်း အဝိုင်းနယ်ပယ်အတွင်း ထိုးထွင်း ဝင်ရောက်နိုင်စွမ်းရှိတာကို တွေ့ရ ပါကြောင်း၊ ရုပ်ရှင်တွင် ဖော်ကျူး သည့် အနုပညာလက်ရာများသည် လည်း နိုင်ငံအချင်းချင်း၊ ပြည်သူ အချင်းချင်း၊ ယဉ်ကျေးမှုအချင်း ချင်း နှီးနှောပေါင်းစပ်ပေးနေသည့် အနုပညာသုခုမ ပညာရပ်ပင် ဖြစ်ပါကြောင်း။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှု သမိုင်းကောင်း မှတ်တိုင်များရှိပါကြောင်း၊ ယင်းတို့ အနက် တရုတ်နိုင်ငံ ထန်မင်းဆက် ခေတ်၊ မြန်မာနိုင်ငံပျူခေတ်တို့တွင် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုကို ဂီတနှင့် အနုပညာ အခြေခံပြီး မြှင့်တင် ဆောင်ရွက်ခဲ့သည့် အကြောင်းအရာတစ်ခု ရှိခဲ့ဖူးပါ ကြောင်း၊ ခရစ်နှစ် (၈၀၂) ခုနှစ် တွင် တရုတ်ပြည်သို့ ရောက်ခဲ့သည့် ပျူဂီတအနုပညာ သံတမန်အဖွဲ့က ဂီတအနုပညာ စွမ်းပကားနှင့်ပင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ ယင်း ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဒေသတွင်း နိုင်ငံတကာရေးရာနှင့် စီးပွားဆက်သွယ်မှုများကိုလည်း ပိုမိုတိုးတက်စေခဲ့ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ချစ်ကြည်ရင်းနှီးမှုကို အခြေခံ ပြီး အနုပညာတစ်ရပ်ဖြစ်သည့် ဂီတနှင့် သရုပ်ဆောင်မှုအနုပညာ ကို ဖန်တီးသည့်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယူနန်ရုပ်မြင်သံကြားဌာန တို့ ပူးပေါင်းသည့် “ဒဏ္ဍာရီထဲက တေးကဗျာ” ဇာတ်လမ်းတွဲ ရိုက်ကူး ခဲ့ရာ တရုတ်နိုင်ငံမှ ပြည်သူများ နှင့် မြန်မာနိုင်ငံမှ ပြည်သူများပါ ကြိုက်နှစ်သက်ကြသည့်အတွက် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် အောင်မြင်မှု များ ရရှိခဲ့ပါကြောင်း။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ သည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ သည့် ကာလမှာ နှစ် (၇၀) ကျော် ခဲ့ပြီဖြစ်၍ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူချင်း မကြာ ခဏ ထိတွေ့ဆက်ဆံမှု၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာပြဿနာ များအပေါ် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုတို့ကို နှစ်နိုင်ငံ မြင့်မြင့်မားမား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှု၊ အပြန် အလှန် ယုံကြည်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုတို့အပေါ် အခြေခံ ခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုအားကောင်း စေပြီး နှစ်နိုင်ငံ ပြည်သူလူထု အတွက် ပိုမိုအကျိုးဖြစ်ထွန်းမှုများ ဆောင်ယူလာနိုင်မယ်လို့ ယုံကြည် မိပါကြောင်း။
မိမိတို့ နှစ်နိုင်ငံသည် အိမ်နီး ချင်းနိုင်ငံဖြစ်သည်နှင့်အညီ ရုပ်ရှင် ကဏ္ဍတွင်သာမက အခြားစီးပွား ရေးကဏ္ဍများ၊ ပြည်သူအချင်းချင်း ဆက်ဆံမှုများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်ကို တက်ရောက် လာကြသည့် ပရိသတ်များ သိရှိ ပြီးဖြစ်ပါကြောင်း။ မြန်မာနိုင်ငံ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြီးမှူး၍ တရုတ်ရုပ်ရှင် ပွဲတော်များကို နှစ်စဉ်ကျင်းပလျက် ရှိပါကြောင်း၊ မြန်မာပရိသတ်များ အနေဖြင့် တရုတ်ရုပ်ရှင်ဇာတ်ကား များကို ယခင်ကတည်းကနှစ်ခြိုက် ကြသည့်အတွက် နှစ်စဉ်ကျင်းပ ခဲ့သည့် တရုတ်ရုပ်ရှင်ပွဲတော် များတွင် စိတ်အားထက်သန်စွာ ဖြင့် ကြည့်ရှုနေကြပါကြောင်း။
နိုင်ငံအချင်းချင်း၊ လူမျိုး အချင်းချင်း ဆက်ဆံရာတွင် အချို့ မှာ ဘာသာစကား နားမလည် သည့်တိုင် ရုပ်ရှင်တွင် ရိုက်ကူး ဖော်ပြချက်များကြောင့် လူသား အချင်းချင်း၊ နှလုံးသားချင်း၊ ရင်ဘတ်ချင်း နားလည်မှု ရရှိပြီး ပိုမိုရင်းနှီးလာစေပါကြောင်း၊ မိမိ တို့ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ နှစ်စဉ် ကျင်းပသည့် Golden Rooster & Hundred Flowers Film Festival တွင်လည်း နှစ်စဉ် ရုပ်ရှင်ဇာတ်ကား ပါဝင်ပြသ ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ထုတ်လုပ်သူ နှင့် ဒါရိုက်တာများ အပါအဝင် ကိုယ်စားလှယ်အဖွဲ့များ တက် ရောက်ခဲ့ကြပါကြောင်း။
ထို့အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၌ လန်မေ နိုင်ငံတကာရုပ်ရှင် ရက်သတ္တပတ်ပွဲတော် (Lanmei International Film Week) သို့ လည်း မြန်မာနိုင်ငံက ရုပ်ရှင် ဇာတ်ကားများပေးပို့ပြီး မြန်မာ နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါကြောင်း။
၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တို့ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ က ကြီးမှူးကျင်းပသည့် Screen-ing of Outstanding ASEAN- China Audio – Visual Program, 5th Guangxi Online Animation Competition, 2022 China- ASEAN Film Culture Week, 5th Lancang-Mekong Interna-tional Film Week တို့သို့ မြန်မာ နိုင်ငံက ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတိုများ ပေးပို့ပြသခဲ့ပါ ကြောင်း၊ ရုပ်ရှင်ပွဲတော်ကျင်းပ ခြင်းနှင့်အတူ နှစ်နိုင်ငံအကြား ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေးဆက်သွယ်ဆောင်ရွက် မှုကို ပိုမိုတိုးတက်စေရန်နှင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီး မှုကို ပိုမိုခိုင်မြဲအောင် ဖော်ဆောင် သည့် သဘောပင်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် “၂၀၂၃ တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်ကို မြန်မာပရိသတ်များက တရုတ် နိုင်ငံအကြောင်းကို ပိုမိုနားလည် သိရှိပြီး နှစ်နိုင်ငံအကြား ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အရှိန် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာများကို ထိန်းသိမ်းပြီး နောင်လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပ နိုင်ပါစေ ကြောင်း၊ တရုတ်-မြန်မာချစ်ကြည် ရင်းနှီးမှုသည်လည်း ပိုမိုခိုင်မြဲပါ စေလို့ ဆုမွန်ကောင်းတောင်း ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ သံမှူးကြီး Mr.Zheng Zhihong က အမှာစကားပြောကြားသည်။
ယင်းနောက် ၂၀၂၃ ခုနှစ် တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် တွင် ပြသမည့် ဇာတ်ကားများကို မိတ်ဆက်ပြသသည်။
ထို့နောက် တက်ရောက်လာ ကြသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိ သူများက ဖြေကြားသည်။
ယင်းနာက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး၊ ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာ တာဝန်ခံ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူ များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအကြောင်း ရိုက်ကူးတင်ဆက် ထားသည့် အတွင်းရေးမှူး အားရှာ ဇာတ်ကားကို ပြသရာ တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ တရုတ်ပုံရိပ် ရုပ်ရှင် သီတင်းပတ်တွင် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအကြောင်း ရိုက်ကူးတင်ဆက် ထားသည့် အတွင်းရေးမှူး အားရှာ ဇာတ်ကား၊ တရုတ်ရှေးခေတ် ဝတ္ထုရှည်တစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားသည့် ခန်းဆောင်နီ အိမ်မက် ဇာတ်ကား၊ တရုတ်အစား အစာ ယဉ်ကျေးမှုအကြောင်း ရိုက်ကူး တင်ဆက်ထားသည့် A Bite Of China Season 2 မှတ်တမ်းရုပ်ရှင်၊ သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းဖြစ်သည့် Dete-ctive Chinatown 1 ဇာတ်ကား၊ အနောက်သို့ ခရီးသွားခြင်း ရုပ်သံ ဇာတ်လမ်းတွဲ စသည့်သုတရသ ယဉ်ကျေးမှုစုံလင်သည့် ခေတ်သစ် တရုတ်ပုံရိပ် ရုပ်ရှင်များကို နိုဝင် ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ပြသသွားမည်ဖြစ်ရာ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်