ရန်ကုန် ဇွန် ၂၄
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ရှေးဟောင်းသမိုင်းဝင် ဝဇီရာ ရုပ်ရှင်ရုံအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝဇီရာ ရုပ်ရှင်ရုံကို ဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်နိုင်ရေးနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့ရုပ်ရှင်သမိုင်း တွင် အရေးပါသည့် ရှေးဟောင်း သမိုင်းဝင် ရုပ်ရှင်ရုံကြီးအား အဆင့်မြှင့်တင် ပြင်ဆင်ထိန်းသိမ်း ခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ပါကြောင်း၊ ဝဇီရာ ရုပ်ရှင်ရုံကြီးသည် ၁၉၂၀ ပြည့်နှစ် က တည်ဆောက်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံကြီးတစ်ခု ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာတွင် ရှေးဟောင်း ရုပ်ရှင်ရုံကြီးများကို တန်ဖိုးထားထိန်းသိမ်းကာ မိမိတို့ ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များ၊ အနုပညာဖန်တီးမှုများကို စီစဉ်ပြသလျက် ရှိကြပါကြောင်း၊ ရုပ်ရှင်ရုံကြီးကို ပြင်ဆင်ရာတွင် သာမန် အဆောက်အအုံတစ်ခု ပြင်ဆင်ထိန်းသိမ်းသည့် ပုံစံမျိုး ဖြင့် ဆောင်ရွက်၍ မရဘဲ ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းရာတွင် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက် များအတိုင်း စနစ်တကျ ပြင်ဆင် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ဝဇီရာရုပ်ရှင်ရုံကြီး ပြင်ဆင် ထိန်းသိမ်းပြီးပါက စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ ပွဲလမ်းသဘင်များကို စီစဉ်ကျင်းပ နိုင်တော့မည် ဖြစ်ပါကြောင်း၊ ရှေးဟောင်းသမိုင်းဝင် ရုပ်ရှင်ရုံ ကြီးဖြစ်သဖြင့် ခင်းကျင်းပြသမှု အပိုင်း၊ ဖျော်ဖြေတင်ဆက်မှုအပိုင်း များတွင် အဆင့်အတန်းမြင့်မြင့် ဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အတွင်း ရေးမှူး ဦးမြင့်အောင်၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ပြန်ကြားရေးမှူး ဒေါ်ပတ္တမြား ကေခိုင်နှင့် တာဝန်ရှိသူများက အကြံပြု တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် မှာကြားပြီး ဝဇီရာရုပ်ရှင်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဝဇီရာရုပ်ရှင်ရုံကို ၁၉၂၀ ပြည့် နှစ်တွင် တည်ဆောက်ခဲ့ကာ မြန်မာနိုင်ငံ၌ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံဖြစ်ပြီး မူလ နာမည်မှာ Excelsior (အိတ်ဆဲ စီယာရုံ) ဖြစ်သည်။ ၁၉၄၂ ခုနှစ် တွင် “အေဝမ်းရုပ်ရှင်ရုံ” ဟူ၍ လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် “ဝဇီရာ” ဟူ၍လည်းကောင်း အမည်ပြောင်းခဲ့ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ် တွင် အလျား ၁၁၅ ပေခန့်၊ အနံပေ ၁၄၀ ခန့်ဖြင့် တည်ဆောက်ထားရှိသည်။
ဝဇီရာ ရုပ်ရှင်ရုံသည် ၁၆ ရာစု မှ ၁၈ ရာစုအတွင်းရှိ ပြင်သစ် ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံး ရုပ်ကြွများဖြင့် တန်ဆာဆင်ထား သည်။ ယခုအခါ ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲ များ ကျင်းပနိုင်ပြီး သင်တန်း ကျောင်း၊ စတူဒီယိုနှင့် အနုပညာ ဖန်တီးနိုင်သည့် နေရာအဖြစ် လည်းကောင်း၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့် ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များ ကျင်းပရန်နေရာအဖြစ် လည်းကောင်း လျာထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်ပခရီးသွား ဧည့်သည်များ၊ ရှေးဟောင်းအမွေ အနှစ် ပြတိုက်တစ်ခုအဖြစ် လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီး၍ စနေ၊ တနင်္ဂနွေနေ့များ တွင် ရှေးဟောင်းဇာတ်ကားများ ပြသခြင်း၊ ရုပ်သေးပွဲများ ပြသ ခြင်း၊ ရုပ်ရှင်နှင့်ပတ်သက်သည့် ပြခန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



