
နေပြည်တော် မတ် ၂၀
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန် နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများနှင့် ရန်ကုန်မြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ တိုးပွား အပျော်စီးသင်္ဘောဖြင့် ရန်ကုန် မြစ်ကြောင်းတစ်လျှောက် လိုက်ပါ စီးနင်းကာ တာဝန်ရှိသူများကို ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့် လာရောက်အပန်းဖြေ စီးနင်းနိုင်ရေးနှင့် စီးနင်းလိုက်ပါ မည့် ပြည်သူများ၏ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း အထူး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား သည်။
စိတ်ကြည်နူးစွာ တွေ့ရှိနိုင်
အဆိုပါ အပျော်စီးသင်္ဘောဖြင့် လိုက်ပါစီးနင်းရာတွင် ရန်ကုန် မြစ်အတွင်းရှိ ရှုခင်းအလှအပ မြင်ကွင်းများ ကြည့်ရှုနိုင်ခြင်း၊ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အဦများ၊ ငှက်မျိုးစိတ် များ၊ ဒလသင်္ဘောကျင်း၊ စိတ်ဝင် စားဖွယ် မြင်ကွင်းများကို စိတ်ကြည်နူးစွာ တွေ့ရှိနိုင်မည် ဖြစ်သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒေါပုံမြို့နယ်ရှိ Yangon Waterboom သို့ ရောက်ရှိပြီး တာဝန်ရှိသူများက ရေကစားကွင်းနှင့် ပတ်သက်သည့် QR-Code စနစ်ဖြင့် စာရင်းပေး သွင်းနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ကစားကွင်းများ၊ စားသောက်ဆိုင် များနှင့် နားနေခန်းများကို ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ် စည်းမျဉ်း စည်းကမ်းများအတိုင်း ပြင်ဆင်ထားရှိမှုနှင့် မကြာမီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိ မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အပန်းဖြေ လာရောက်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် ရေသန့်စင် စနစ် ဆောင်ရွက်မှု ကောင်းမွန် စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် တာဝန်ကျဝန်ထမ်း များက ကူညီဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး ရေကစားကွင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုနောက် ပြည်ထောင်စု ဝန်ကြီးသည် ဗိုလ်ဆွန်ပက်လမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာနသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် အတွက် လုပ်ငန်းတာဝန်များကို လစ်ဟင်းမှုမရှိစေဘဲ နိုင်ငံတော် အစိုးရနှင့် ဝန်ကြီးဌာန၏ မူဝါဒ နှင့်အညီ လိုက်နာလုပ်ဆောင်ရန် အလေးအနက်ထား ပြောကြား လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်သည့်အလျောက် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေတွင် ပါရှိသည့် အတိုင်း ပါတီနိုင်ငံရေးကင်းရှင်းပြီး ဥပဒေဘောင်အတွင်း နေထိုင်ရန် နှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ အမိန့်နှင့်ညွှန်ကြား ချက်ကို လိုက်နာရန် လိုအပ် ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ထမ်းများအားလုံး အထက်၊ အောက် နားလည် ယုံကြည်မှု တည်ဆောက်ပြီး အားသွန်ခွန်စိုက် ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက် နှင့် အခက်အခဲများကို တင်ပြ ဆွေးနွေးပေးစေလိုကြောင်း ပြော ကြားသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ကရဝိက်ခန်းမ သို့ ရောက်ရှိရာ တာဝန်ရှိသူက ခန်းမနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုအပေါ် သန့်ရှင်းသာယာ လှပရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပြီး ကရဝိက် ခန်းမအား လှည့်လည်ကြည့်ရှု သည်။ ထို့နောက် ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ဖွင့်လှစ်လျက်ရှိသည့် Chatrium Hotel ၊ Sedona Hotel နှင့် Lotte Hotel များသို့ သွားရောက်ခဲ့ပြီး ဟိုတယ်များမှ တာဝန်ရှိသူများက ဟိုတယ် ဆိုင်ရာ ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ နှင့်အညီ ဧည့်သည်များကို ဝန်ဆောင်မှုပေးသည့် အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ သတ်မှတ်ချက်များကို အထူး အလေးအနက်ထား လိုက်နာ ဆောင်ရွက်သွားရန်၊ ခရီးသွား ဧည့်သည်များနှင့် အဓိကထိတွေ့ သည့် ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစား ပေး ထိုးနှံပေးနိုင်ရေးအတွက် ဝန်ထမ်းအင်အားစာရင်း ကြိုတင် ပြုစုထားရှိရန်၊ ခရီးသွားလုပ်ငန်း များ စတင်ပြီဖြစ်သည့်အတွက် လာရောက်တည်းခိုသည့် ခရီးသွား ဧည့်သည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ ကို အထူးအလေးထား လိုက်နာ နိုင်ရေး အသိပေးဆောင်ရွက်သွား ရန်နှင့် ဟိုတယ်ဝန်ထမ်းများ အနေဖြင့်လည်း ခရီးသွား ဧည့်သည်များကို ပိုမိုကောင်းမွန် သော ဝန်ဆောင်မှုပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်