
နေပြည်တော် မေ ၂
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော် ဝန် ဦးမောင်မောင်၊ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေ ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြိုတင်စီမံဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ရိုက်ကူးထုတ်လွှင့်ပြသရေး၊ ဆုများချီးမြှင့် ရေး၊ ဆုရကောက်နုတ်ချက်များ ပြသရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေး၊ ဧည့်ခံ ကျွေးမွေးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကျန်းမာရေး၊ မီဒီယာများ နေရာချထား မှုနှင့် ကြီးကြပ်ရေး၊ စင်မြင့်ဆောက်လုပ် ပြီးစီးမှုအခြေအနေ၊ မီး / အသံ စနစ်များ တပ်ဆင်ပြီးစီးမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက မေ ၆ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကို အဘက်ဘက်မှ လစ်ဟာမှုမရှိ စေရေး ကြိုတင်စီမံဆောင်ရွက်ကြရန်၊ အခမ်းအနား တက်ရောက်မည့် အနုပညာ ရှင်များ စာရင်းကို ရရှိထားပြီးဖြစ်၍ တည်းခိုနေထိုင်စားသောက်ရေး၊ သွားလာ ရေးကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီ အလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထား ရန်၊ မသမာသူ အဖျက်သမားများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို နည်းမျိုးစုံဖြင့် ပြစ်တင်ဝေဖန် နှောင့်ယှက် မှုများ ရှိလာနိုင်သည့်အတွက် ကြိုတင်စီမံ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဟန်ချက် ညီညီ ဆောင်ရွက်ထားရှိရန်၊ မည်သည့် အနှောင့်အယှက် အတားအဆီးများရှိစေ ကာမူ မိမိတို့၏ စိတ်စေတနာအမှန်ဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ကြည့်ရှုစစ်ဆေးခဲ့
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားကျင်းပမည့် စင်မြင့် ပြင်ဆင်ထားရှိမှု၊ LED နှင့် မီးများ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
သတင်းစဉ်