
နေပြည်တော် ဧပြီ ၂၅
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ ၌ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌ တာဝန်ရှိ သူများက အကယ်ဒမီပေးပွဲစင်မြင့် တည်ဆောက်နေသည့် လူအင်အား၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေမှု၊ သီဆို ဖျော်ဖြေမည့် တေးသံရှင်များနှင့် တေးသီချင်းများ ရွေးချယ်လျာထားမှု၊ LED တပ်ဆင်နေမှုနှင့် အသံစနစ်အတွက် လိုအပ်သည့်ပစ္စည်းများ ရောက်ရှိမည့်ရက်၊ အစမ်းလေ့ကျင့်မည့်ရက်၊ ရွှေကြိုများ ကြိုတင် ဇာတ်တိုက်လေ့ကျင့်နေမှု၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကိစ္စရပ်များ၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် အကယ်ဒမီဆုပေးပွဲစင်မြင့် တည်ဆောက်နေမှု၊ ဖွင့်ပွဲတွင် နည်းပညာမြင့် 3D Projection Mapping စနစ်ဖြင့် ဖွင့်လှစ်ရန် ဆောင်ရွက်ထားမှု၊ LED ဘုတ်များ တပ်ဆင်နေမှု၊ ဖျော်ဖြေရေးစင်မြင့်များ တည်ဆောက်နေမှု၊ မီးအလှဆင်ခြင်း၊ ဂုဏ်ပြုခံ လျှောက်လမ်း (Red Carpet)နေရာ၊ အခမ်းအနားသို့ တက်ရောက် ကြမည့်သူများအတွက် နေရာထိုင်ခင်းနှင့် လေအေးပေးစက်များ စီစဉ် ဆောင်ရွက်မည့်အခြေအနေ၊ မီဒီယာဇုန် သတ်မှတ်ထားမှု၊ မီးရှူးမီးပန်း များ ပစ်ဖောက်မည့် အခြေအနေနှင့် မုခ်ဦးများ တည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင် ပြင်ဆင်ထားရှိရန်၊ ရာသီဥတုအခြေအနေကို ထည့်သွင်းတွက်ချက် ထားရန်၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေထိုင်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်၊ အခမ်းအနားအစီအစဉ် များ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေ ၆ ရက်တွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပ သွားမည်ဖြစ်သည်။ ယခုနှစ်တွင် အခမ်းအနားသို့ တက်ရောက်လာကြ သည့် အနုပညာရှင်များအနက်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး တို့ကို ဖက်ရှင်ဆုများ (Fashion Awards) ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်