
နေ့စဉ် ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား သီတင်းကျွတ်အမှတ်တရလက်ဆောင်များ ပေးအပ်
နေပြည်တော် အောက်တိုဘာ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ဗုဒ္ဓ
ရုပ်ပွားတော်များနှင့် မဟာဗောဓိပင်အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
ဆက်ကပ်လှူဒါန်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် မဟာဗောဓိ အောင်မြေကုန်းတော်ရှိ ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူနှင့် မဟာဗောဓိပင်တို့အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများ ဆက်ကပ် လှူဒါန်းပူဇော်သည်။
ဆက်လက်၍ နေပြည်တော်တပ်ကုန်း မြို့နယ် သံဃနာယကဥက္ကဋ္ဌ မဟာဇနက ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏာရဟနှင့် သံဃာတော်များက ဗုဒ္ဓ ရုပ်ပွားတော်ရှစ်ဆူနှင့် မဟာဗောဓိပင် တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ထို့နောက် ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ခြင်းများပြုလုပ်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဗုဒ္ဓရုပ်ပွားတော်များ အား ရေသပ္ပာယ်ခြင်းနှင့် မဟာဗောဓိပင် အား ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ပြုလုပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီးတို့က ဗုဒ္ဓရုပ်ပွားတော်များနှင့် မဟာဗောဓိပင် လှူဒါန်းပူဇော်ရခြင်း ကမ္ပည်းကျောက်စာတိုင်ကို စိုက်ထူ ဖွင့်လှစ်ပေးပြီး ရတနာရွှေမိုးငွေမိုး ရွာသွန်းကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ နေ့စဉ် ရုပ်သံလွှင့်လုပ်ငန်း တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးကာ သီတင်းကျွတ် အမှတ်တရလက်ဆောင်များ ပေးအပ် သည်။
အသိအမှတ်ပြုဂုဏ်ပြု
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များအား နှုတ်ဆက်အားပေးစကား ပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများသည် ယခင် ကိုဗစ်ကာလ ရုံးပိတ်ရက်ရှည်များ၊ ယခုလို သီတင်းကျွတ်ရုံးပိတ်ရက်များ၊ သင်္ကြန်ရုံးပိတ်ရက်ရှည်များအပါအဝင် ရုံးပိတ်ရက်များတွင် အခြားသောဝန်ထမ်း များကဲ့သို့ နားရက်မရှိဘဲ မီဒီယာလုပ်ငန်း များကို နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဆောင်ရွက်နေကြရသည့်အတွက် အသိ အမှတ်ပြု ဂုဏ်ပြုပါကြောင်း ပြောကြား သည်။
နေ့စဉ် ရုံးပိတ်ရက်မရှိ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သည် ပြည်သူ့အတွက် သတင်းအချက် အလက် ပြန်ကြားခြင်း၊ အသိပညာမျှဝေ ပေးခြင်းနှင့် ဖျော်ဖြေမှုပေးခြင်းတို့ကို ရုပ်မြင်သံကြား ထုတ်လွှင့်မှုများအား MRTV-HD ၊ NRC ၊ Farmers ၊ Education၊ Sports ၊ Hluttaw Channel တို့အပြင် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် MITV ၊ MRTV Entertainment Channel တို့ဖြင့်လည်းကောင်း၊ ရေဒီယို ထုတ်လွှင့်မှုများအား မြန်မာ့အသံရေဒီယို၊ တိုင်းရင်းသားဘာသာအစီအစဉ်၊ သပြေ ရေဒီယို၊ မေယု FM နှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio (FM Channel) တို့ဖြင့်လည်းကောင်း၊ MRTV Webportal တည်ထောင်ပြီး Online Media များဖြင့်လည်းကောင်း အများ ပြည်သူဝန်ဆောင်မှု မီဒီယာပုံစံဖြင့် နေ့စဉ် ရုံးပိတ်ရက်မရှိ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်