ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော် ခေတ်မီစံပြကျေးရွာများ၏ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်  အောက်တိုဘာ  ၁၂


နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ခေတ်မီစံပြကျေးရွာများ၏ စီမံကိန်းလုပ်ငန်း များကို  ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကွင်းဆင်းစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့ သည် အိမ်ခြေ ၂၉၃ အိမ်၊ အိမ်ထောင်စု  ၃၂၈ စု၊ လူဦးရေ  ၁၃၂၂ ဦးရှိ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာသို့ရောက်ရှိကာ ဂွေးပင်စံပြစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍     ပြည်ထောင်စုဝန်ကြီးက   ဂွေးပင်စံပြ ကျေးရွာအား စိုက်ပျိုးရေးအခြေခံ စံပြကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးပါက နွေစပါး(သို့မဟုတ်) ဆောင်း သီးနှံ နေကြာ၊ ပဲတီစိမ်းတွင် မည်သည့်သီးနှံစိုက်ပျိုး လိုသည်ကို သမဝါယမအသင်းသား တောင်သူများက ဦးစွာတိုင်ပင် ဆွေးနွေးကြစေလိုကြောင်း၊ စိုက်ပျိုးရေ ပေးဝေရေး အဆင်ပြေနိုင်ရန်အတွက် မည်သည့်သီးနှံ စိုက်ပျိုးမည်ကို အားလုံးက ဝိုင်းဝန်းတိုင်ပင်ဆွေးနွေး ရမည် ဖြစ်ကြောင်း၊ နွေစပါး (သို့မဟုတ်) ဆောင်းသီးနှံ နေကြာ၊ ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊  ပေါင်းသတ် ဆေးများ   ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊  ထွန်ယက် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊    ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသော       ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြား သည်။ ဆက်လက်၍ ဒေသခံတောင်သူများက စက်မှု လယ်ယာစနစ် ဆက်လက်ဖော်ထုတ်ပေးရန် ကျန်ရှိ နေသည့် လယ်မြေ ၇၈ ဧကအား ဖော်ထုတ်ပေးနိုင်ရေး တင်ပြမှုအပေါ်   ပြည်ထောင်စုဝန်ကြီးက  စက်မှု လယ်ယာစနစ်ဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာဌာန များနှင့်   ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ  လုပ်ငန်းလိုအပ်ချက်များ  တင်ပြမှု အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ခေတ်မီ စံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ၊ စံပြဂွေးပင်စိုက်ပျိုး ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းမှ    အသင်းသားတောင်သူ  ခြောက်ဦး၏ စိုက်ပျိုးမြေ ၇ ဒသမ ၀၅ ဧကတွင် အစေ့ချ(စီဒါ) စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုး ခြင်း စသည့်စိုက်နည်းစနစ် သုံးမျိုးဖြင့် စိုက်ပျိုးထား သော   GW-11    စပါးမျိုး   စမ်းသပ်စိုက်ကွက်များ၏ ၉၈   ရက်သား  စိုက်ပျိုးဖြစ်ထွန်းနေမှုကို  ကြည့်ရှု စစ်ဆေးသည်။

 


 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ခြေ  ၁၄၀ ၊   အိမ်ထောင်စု   ၁၄၀  ၊ လူဦးရေ ၆၃၂  ဦးရှိ   လယ်ဝေးမြို့နယ်  သော်မှော်ကုန်းစံပြ ကျေးရွာသို့  ရောက်ရှိပြီး   ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ သော်မှော် ကုန်းကျေးရွာ   အသက်မွေးဝမ်းကျောင်းအစုအဖွဲ့ ကိုးဖွဲ့၏      ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေဖြင့် မွေးမြူ ရေးလုပ်ငန်းများဖြစ်သည့်    CP   ဝက်မွေးမြူခြင်း သုံးဖွဲ့၊ ဒေသဝက်မွေးမြူခြင်း တစ်ဖွဲ့၊ CP ကြက်မွေးမြူ ခြင်း တစ်ဖွဲ့၊ ဒေသနွားမွေးမြူခြင်းအဖွဲ့ လေးဖွဲ့တို့၏ ၂၀၂၂ ခုနှစ်  မေလမှ  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်       လုပ်ငန်းအခြေအနေများကို   ကြည့်ရှုစစ်ဆေးသည်။ 

 


နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့ နယ်   သော်မှော်ကုန်းကျေးရွာတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ     ထူထောင်ခြင်းလုပ်ငန်း    (RBF)   ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်    အစုအဖွဲ့ကိုးဖွဲ့အနက်   ပထမ အကြိမ် စီမံကိန်းစက်ဝန်း ဆောင်ရွက်ပြီးစီးချိန်တွင် ဦးမြင့်သိန်း   CP   ဝက်မွေးမြူခြင်းအဖွဲ့အနေဖြင့် အသားတင်အမြတ် ငွေကျပ် ၁၄ သိန်း၊ အောင်မြင်သူ CP ကြက်မွေးမြူခြင်းအဖွဲ့အနေဖြင့်   အသားတင် အမြတ် ငွေကျပ် ရှစ်သိန်း၊ ခတ္တာ CP ဝက် မွေးမြူခြင်း အဖွဲ့အနေဖြင့် အသားတင်အမြတ် ငွေကျပ် ၂၅ သိန်း ကျော်နှင့် ရွှေပန်းတိုင် CP ဝက် မွေးမြူခြင်းအဖွဲ့အနေ ဖြင့် အသားတင်အမြတ် ငွေကျပ် ၁၇ သိန်းဖြင့် အစု အဖွဲ့ လေးဖွဲ့တို့သည်  အကျိုးအမြတ်များ စတင်ခံစား နေပြီဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်