ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီ

 

နေပြည်တော်   စက်တင်ဘာ   ၂၈


ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအား ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convertion on the Prevention and Punishment of the Crime of Genocide)  ကို    ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့်  အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍  ဂမ်ဘီယာက ၎င်း၏ အဆိုလွှာ (Memorial)ကို တရားရုံးသို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုလွှာအား  မြန်မာနိုင်ငံက ပြန်လည်ချေပ လျှောက်လဲသည့်  အချေလွှာ (Counter-Memorial)ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်တွင်  တရားရုံးသို့ တင်သွင်းခဲ့ပြီး  ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့်   ဂမ်ဘီယာနိုင်ငံမှ   ကိုယ်စားလှယ် (Agent)များအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက် တွင် သည်ဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တွေ့ဆုံရန် အကြောင်းကြားခဲ့သည်။ 


ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ၏ကိုယ်စားလှယ်(Agent) ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် အလှည့်ကျ ကိုယ်စားလှယ်(Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်  ဒေါက်တာသီတာဦးတို့  ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင်  ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ  သည်ဟေ့ဂ်မြို့သို့ လေကြောင်းခရီး ဖြင့်  ထွက်ခွာခဲ့ရာ  စက်တင်ဘာ ၂၅ ရက် နံနက်တွင် ရောက်ရှိခဲ့သည်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည်  စက်တင်ဘာ ၂၆ ရက်တွင်   သည်ဟေ့ဂ်မြို့ရှိ  အပြည်ပြည်ဆိုင်ရာ တရားရုံး၌ အပြည်ပြည်ဆိုင်ရာတရားရုံးဥက္ကဋ္ဌနှင့် ဂမ်ဘီယာနိုင်ငံမှ   ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ၌ တရားစွဲဆိုထားသည့်ကိစ္စ ရှေ့ဆက် သွားမည့်လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့သည်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင်  သည်ဟေ့ဂ်မြို့မှ ပြန်လည် ထွက်ခွာခဲ့ရာ  စက်တင်ဘာ ၂၈ ရက်  နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ 


သတင်းစဉ်