ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

 

 

နေပြည်တော် နိုဝင်ဘာ ၂၅

 

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယားသမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ကင်မ်ဂွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

 

 

ထိုသို့တွေ့ဆုံစဉ် ကိုရီးယားသမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်က အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဆက်ဆံ ရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ခြင်းအပေါ် ကိုရီးယားသမ္မတနိုင်ငံ သမ္မတထံမှ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့သည့်အတွက် ကျေးဇူးတင် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံက နှစ်နိုင်ငံချင်း သာမက အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ အကူအညီများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ New Southern Policy Plus နှင့်အညီ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်နေမှုများကိုလည်း ကြိုဆို ကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့သည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) စီမံကိန်းနှင့် ကိုရီးယား - မြန်မာ စက်မှုဇုန်စီမံကိန်း (Korea-Myanmar Industraial Complex) တို့ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာဖွံ့ဖြိုးမှု အဖွဲ့အစည်း (Myanmar Development Institute) နှင့် သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင် သိပ္ပံ၊ ရန်ကုန် (Technical Vocational Education and Training Teacher Training Institute of Myanmar-TTTI) အား ဖွင့်လှစ်သွားရေးကိစ္စ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် အကောင်အထည်ဖော် နိုင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရရှိရေး ကိစ္စများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

သတင်းစဉ်