ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သစ်တောစိုက်ခင်းများနှင့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၁၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ နေပြည်တော်-ကံပြားလမ်း မိုင်တိုင်အမှတ်(၁၂/၀)အနီး ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၈)အတွင်းရှိ ၂၀၂၀ ပြည့်နှစ် မိုးရာသီ တွင် စိုက်ပျိုးတည်ထောင်ထားသည့် ပုဂ္ဂလိကသစ်မာ မန်ဂျန်ရှား သစ်မျိုး ဧက ၅၀ စိုက်ခင်း အောင်မြင် ရှင်သန်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်းပြုစု စောင့်ရှောက် ထိန်းသိမ်းရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြား သည်။

 

ရှေးဦးစွာ စိုက်ခင်းယာယီ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ က စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် အကြံပေး ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ နေပြည်တော်-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၀)အနီး ငလိုက် ကြိုးဝိုင်း အကွက်အမှတ် (၂၉)နှင့် (၃၀) အတွင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသည့် ဂေဟစနစ် ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်း ဧက ၁၀၀ အောင်မြင်ရှင်သန်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်း မီးကာကွယ်ခြင်း၊ ခြောက်သွေ့ရာသီ အတွက် စိုက်ခင်းရေပေးဝေခြင်းနှင့် စိုက်ခင်းပြုစု စောင့်ရှောက်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၇)အနီး ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၃၀)အတွင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စိုက်ပျိုး တည်ထောင်ထားသည့် ဂေဟစနစ် ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်းဧက ၁၀၀ ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ အား စိုက်ခင်းစခန်း ရှင်းလင်းဆောင် တွင် တာဝန်ရှိသူများက စိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ အချက် အလက်များကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း နောက်ထပ် စိုက်ပျိုးမည့် ဂေဟစနစ်ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်း ဧက ၁၀၀ နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ သည့် ကာလအတွင်း စိုက်ခင်း ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်းနှင့် စိုက်ခင်းတည်ထောင်ခြင်းများအတွက် အလုပ်သမားများ ရရှိနိုင်မည့်အခြေ အနေ၊ စိုက်ပျိုးမည့် သစ်မျိုးများ၊ စိုက်ပျိုးမည့်ပုံစံနှင့် စိုက်ခင်းရေပေးဝေ ရေးအတွက် အသေးစိတ် ညှိနှိုင်း ဆွေးနွေးပြီး တင်ပြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း သို့ ရောက်ရှိပြီး စခန်းအတွင်း တောတွင်း ဖြတ်လျှောက်လမ်း တည်ဆောက်မည့် လမ်းအူကြောင်း နေရာကို လည်းကောင်း၊ အပူပိုင်း ထင်းရှူးမျိုး ကွက်လပ်ဖြည့်စိုက်ခင်း ကိုလည်းကောင်း၊ တောတွင်း ဖြတ်လျှောက်လမ်းတည်ဆောက်ခြင်း၊ ယာယီနားနေဆောင်နှင့် ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ ရွက်အုပ်ဖြတ်ကျော် လျှောက်လမ်းကို လည်းကောင်း စစ်ဆေးကြည့်ရှုပြီး တည်ဆောက်ရေး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေး၊ အများပြည်သူများ အပန်းဖြေ နားနေရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တည်ဆောက်ရေး အချိန်ကာလတို့နှင့်စပ်လျဉ်း၍ လိုအပ် သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း ရှိ ဆင်များကို ကြည့်ရှုစစ်ဆေး၍ ဆင်များအား အစာကျွေးခြင်းနှင့် ဆင်ပြတိုက်အား စစ်ဆေးကြည့်ရှုခဲ့ ကြောင်း သိရသည်။ သတင်းစဉ်