
နေပြည်တော် အောက်တိုဘာ ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ROSGEO (Russian State Geologi-cal Holding) ကုမ္ပဏီမှ CEO (Chairman of the Management Board) Mr. Sergey N. GORKOV ခေါင်းဆောင်သောအဖွဲ့နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် တွေ့ဆုံဆွေးနွေးကြသည်။
ယင်းနောက် Russian Energy Week Interna-tional Forum (REW 2021) တွင် ပြသထားသော ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် Manege Central Exhibition Hall ခန်းမ၌ ကျင်းပသော Plenary Session သို့ တက်ရောက်သည်။ အဆိုပါအစီအစဉ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် RUSHVDRO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sergey MACHE-KHIN နှင့် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်အကောင်အထည်ဖော်နိုင်မှုနှင့် ထပ်မံ ဆောင်ရွက်နိုင်မည့် ရှေ့အလားအလာများကို တွေ့ဆုံ ဆွေးနွေးကြကာ REW 2021 ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်