
နေပြည်တော် ဩဂုတ် ၂၆
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော်တည်ဆောက် ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါနယ်စပ် ကုန်သွယ်ရေးစခန်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံရုံး မှ ဒုတိယသံရုံးအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင် များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားမစတင်မီ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များက ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့သည် ရှေးရာစုနှစ်များစွာကပင် ချစ်ခင် ရင်းနှီးခဲ့ကြသော နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများအနေဖြင့် ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ရာဘာသာလည်း တူညီကြကြောင်း၊ နှစ်နိုင်ငံ အကြား မဲခေါင်မြစ် ပိုင်းခြားထားမှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးခဲ့ခြင်းမရှိသော်လည်း မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ခဲ့ပြီးဖြစ်၍ သဘာဝအတားအဆီးကို ကျော်လွန်နိုင်ခဲ့ကာ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမှု ကို အခြေပြု၍ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်နိုင် ရန် ယခင်က ယာယီဖွင့်လှစ်ခဲ့သည့် ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးစခန်း အင်္ဂါရပ်များနှင့် ညီညွတ်သော စခန်းတစ်ခုဖြစ်လာ စေရန် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စခန်းရုံးအဆောက်အအုံများ တည်ဆောက်ရေး အတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အထူးရန်ပုံငွေမှ ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိ ကြောင်း၊ ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြင့်လာမည့်အပြင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး က ဝမ်းမြောက်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များက ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်သွယ်ရေးစခန်း ကို လှည့်လည်ကြည့်ရှုကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကုန်သည် အသင်းအဖွဲ့များ၊ လာအိုနိုင်ငံမှ စီးပွားရေး ဆိုင်ရာ အသင်းအဖွဲ့များနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်နယ်စပ် ကုန်သည်အသင်းတို့၏ ဒေသထွက်ကုန်များ ခင်းကျင်းပြသမှုတို့ကို လိုက်လံကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မဲခေါင်မြစ်ကူး မြန်မာ- လာအို ချစ်ကြည်ရေးတံတားကို သွားရောက် လေ့လာကြပြီး တာချီလိတ်မြို့ မယ်ယန်းရပ်ကွက်ရှိ ကုန်သွယ်ရေးစခန်းသို့သွားရောက်ကာ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ပို့ကုန်မြှင့်တင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
သတင်းစဉ်