
နေပြည်တော် နိုဝင်ဘာ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာများဖြစ်သည့် ဘို့မကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံကာ တိုင်းရင်းသားများ၏ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆွေးနွေးညှိနှိုင်းပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။
ဒေသခံများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နေပြည်တော်နှင့် အလှမ်းမဝေးလှသော်လည်း သွားလာ ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျ နေသည့် ဒေသဖြစ်သောကြောင့် လိုအပ်မှုများကို သိရှိရန်နှင့် ကူညီ ထောက်ပံ့မှုများပေးနိုင်ရန် လာရောက် ရခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သာတူ ညီမျှခံစားရရှိရေးကို ဥပဒေနှင့် အညီ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ် ထွန်းကားရေး ဆောင်ရွက်ရာတွင် ယခုအချိန်သည် အကူးအပြောင်းကာလဖြစ်ကြောင်း၊ အစိုးရ၏ ပထမငါးနှစ် သက်တမ်း တွင် ဒီမိုကရေစီအုတ်မြစ်ကို ချခဲ့ပြီး ဒီမိုကရေစီ ခိုင်မာတည်တံ့ရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင် ရေးကို ဆက်လက်ကြိုးပမ်းမည်ဖြစ် ပါကြောင်း။
လိုအပ်ချက်များဆွေးနွေး
ယခု ကျေးရွာများကဲ့သို့ နောက်ကျကျန်ခဲ့သော ဒေသများတွင် ပိုမိုအားဖြည့်ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ လိုအပ်ချက်များကို အစိုးရအနေဖြင့် သိရှိအောင် ပြည်သူ့ ကိုယ်စား ပြည်သူ့ကိုယ်စားလှယ် များက ဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း၊ ကျေးရွာရှိ တိုင်းရင်းသား ပြည်သူများကလည်း မိမိတို့ကြုံတွေ့ ခံစားရသော အခက်အခဲများ၊ လိုအပ် ချက်များကို ဆွေးနွေးဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူတစ်ဦးချင်း၏ အခွင့်အရေး များကို ဖြည့်ဆည်းပေးရာ၌ လိုအပ် သောမူဝါဒ၊ ဥပဒေနှင့်အညီဆောင်ရွက် ရသဖြင့် အလျင်အမြန်ဖြည့်ဆည်း မပေးနိုင်သည့် ကိစ္စများလည်း ရှိပါ ကြောင်း၊ သို့သော်လည်း အစိုးရအနေ ဖြင့် လာမည့်နှစ်များတွင် အရှိန်အဟုန် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိရာ တိုင်းရင်းသားအများစု နေထိုင်သည့် ပြည်နယ်များတွင် ဥပဒေ အရ သာတူညီမျှခံစားရရှိစေပြီးထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်း အဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများပါဝင်ပြီး ညှိနှိုင်းဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ရာ ဘုံသဘောတူညီ ချက်အချို့ရရှိခဲ့ပြီး ထာဝရငြိမ်းချမ်း ရေးကို ဦးတည်သည့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကို လည်း ချမှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေရရှိရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့အပြင် ပဋိသန္ဓေ တည်သည်မှစ၍ သက်ကြီးရွယ်အို အထိ တစ်ဦးချင်းစီ၏ အခွင့်အရေးများ ကို ဥပဒေနှင့်အညီ ဖော်ဆောင်ပေး ရသည့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း၊ မိမိ တို့အနေဖြင့် လိုအပ်ချက်များအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ဖြည့်ဆည်း ပေးရမည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဆောင်ရွက်နေရချိန်ဖြစ်သဖြင့် မိမိတို့ဒေသရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ စည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာပြီး ရောဂါမပြန့် ပွားစေရေး အသိ သတိဖြင့် လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ဒေသဖွံ့ဖြိုးရေး အတွက် ဒေသခံပြည်သူများ၏ လိုအပ် ချက်များအပေါ် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးမည့် အခြေအနေ တို့ကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တိုင်းရင်းသား ကျေးရွာအုပ်စု ခုနစ်စုဖြစ်သည့် ကိုးတစ်၊ ဘန့်ဘား၊ သစ်တွန်၊ ပြည် ထောင်ကိုး၊ ဘို့မ၊ မဲပေါက်၊ အလယ် ချောင်းတို့မှ ကျေးရွာတာဝန်ခံများက ကျေးရွာများတွင် အဓိကဖြည့်ဆည်း ပေးရန်လိုအပ်သော မိုဘိုင်းတယ်လီ ဖုန်းလိုင်းများ ဖြည့်ဆည်းပေးရေး၊ အိမ်သုံးဆိုလာမီးလင်းရေး လက်ရှိ အခြေအနေနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ သဘာဝဘေးကြောင့် ပျက်စီးသွားသော ကုန်ထုတ်လမ်းများ နှင့် တံတားများ ပြုပြင်ပေးရေးနှင့် အသစ်တည်ဆောက် ပေးရန်လိုအပ် မှုများ၊ သောက်သုံးရေရရှိရေး စိမ့်စမ်း ရေသွယ်တန်းခြင်း လိုအပ်ချက်များ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြသည်။
ပြန်လည်ရှင်းလင်း
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက တင်ပြဆွေးနွေးခဲ့ကြသော လိုအပ်ချက် များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန အလိုက် လုပ်ထုံးလုပ်နည်းများနှင့် အညီ အမြန်ဆုံးဆက်လက်ဖြည့်ဆည်း နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဘို့မအုပ်စု ကျေးရွာတာဝန်ခံများထံ လျှပ်စစ်မီး အတွက် အိမ်သုံးဆိုလာမီးအိမ် ၆၃ လုံး၊ ရေမလိုလက်သန့်ဆေးရည်၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို ထောက် ပံ့ပေးအပ်ပြီး ဘို့မအုပ်စုကျေးရွာ လေးရွာနှင့် အလယ်ချောင်းအုပ်စုငါးရွာ တို့တွင် အမျိုးသမီးနှင့် ကလေးများ အပါအဝင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး တွင် အသုံးပြုရန် စုစုပေါင်းငွေကျပ် ကိုးသိန်းနှင့် ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့် များကို ပံ့ပိုးပေးကြသည်။ သတင်းစဉ်