
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်၌ ပြည်ထောင်စုသဘောတူစာချုပ်ပါ လူမှုရေးကဏ္ဍ အခြေခံမူ
သဘောတူညီချက်များ အကောင်အထည်ဖော်မှုနှင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဆိုင်ရာ ပံ့ပိုးကူညီမှုများဆောင်ရွက်
=============================================================
မြစ်ကြီးနား ဩဂုတ် ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူ များနှင့်အတူ ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု သဘောတူစာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီ ချက်များ အကောင်အထည်ဖော်မှုနှင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဆိုင်ရာ ပံ့ပိုးကူညီမှု များ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာတွင် မိမိတို့ဒေသသို့ ပြန်လည်နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်ချက်များကို မေးမြန်းသည်။
ယင်းနောက် အခြေခံပညာ အလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ များနှင့် လိုအပ်ချက်များကို ဆွေးနွေးကာ ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အရ အကောင်အထည်ဖော်မည့် စိုက်ပျိုးမြေဧက ၁၀၀ ဖော်ထုတ် မည့်မြေနေရာများကို ကြည့်ရှုသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာ နေပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့မှုများ ဆောင်ရွက် သည်။ ကျေးရွာပြည်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြည်သူ့အစိုးရအနေဖြင့် တာဝန်စတင်ယူချိန် ကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးကို ဦးစားပေးဖော်ဆောင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနက နေရပ်စွန့်ခွာရသူများကို ပံ့ပိုးကူညီမှုပေးခြင်း၊ စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ရေးဆွဲ အတည်ပြုပြီး အကောင်အထည်ဖော်လျက်ရှိခြင်း၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များကို ပံ့ပိုးကူညီမှုပေးခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ၊ သုံးစွဲခြင်းများကို စနစ်တကျ တားဆီးကာကွယ်အရေးယူမှုများ ပြုလုပ်ခြင်း၊ ကဏ္ဍ အသီးသီးတွင် အမျိုးသမီးများ ပါဝင်မှုနှုန်းမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံ နိုင်သော ပညာရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များကို ရေရှည်စီမံချက်များဖြင့် အကောင်အထည် ဖော်လျက်ရှိခြင်း၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် ဥပဒေများပြဋ္ဌာန်း၍ အခွင့် အရေးများ ဖော်ဆောင်ပေးလျက်ရှိခြင်း၊ လူမှုဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် လူမှုသဟဇာတ သဘောတရားကို ထည့်သွင်းဆောင်ရွက်ခြင်း၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်၍ အလွဲသုံးမှုလျှော့ချရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စနစ်တကျ စီမံချက်များဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိခြင်း၊ ကလေး သူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု ပပျောက် စေရေး ဦးတည်သည့် စီမံချက်များကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိ ကိုဗစ်-၁၉ ကာလတွင် အခက်အခဲများ ကြုံတွေ့ နေရသော ပြည်သူများအတွက် အစိုးရက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဆိုင်ရာ ပံ့ပိုးကူညီမှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာ ရသူများအနေဖြင့် မိမိနေရပ်တွင် ပြန်လည်နေထိုင်ကြပြီး မိမိဒေသဖွံ့ဖြိုးရေးကို မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း၊ အစိုးရကလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီ မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပံ့ပိုးကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး ကျေးရွာသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား
သည်။
ဆက်လက်၍ နန်ဆန်ယန်ကျေးရွာရှိ အိမ်ထောင်စု ၉၈ စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃ ဒသမ ၉၂ သန်း၊ ကလေးပျော်နေရာ ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် ၁၅ သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ဆန် လေးပြည်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် ၁၆ အိတ်တို့ကို ထောက်ပံ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေထိုင်လျက်ရှိ သည့် ဒဘတ်ယန်ကျေးရွာကို လှည့်လည်ကြည့်ရှုပြီး ကျေးရွာသားများအား အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ တွင် ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယွမ် လေးသန်းအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။
လွှဲပြောင်းပေးအပ်
ထို့အပြင် IDP စခန်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ထောက်ပံ့ငွေ တစ်အိမ်ထောင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၈၈၄၀ အတွက် စုစုပေါင်းငွေကျပ် ၃၅၃ ဒသမ ၆ သန်း၊ ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် ၂၀၃ ဒသမ ၆ သန်း၊ IDP စခန်းများရှိ ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၅၀၊ ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေကျပ် ၁၅၁ ဒသမ ၁ သန်းနှင့် ပြန်လည်နေရာ ချထားသည့် ကျေးရွာ နှစ်ရွာအတွက် ကလေးပျော်နေရာ နှစ်ခု တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် သိန်း ၃၀ တို့အား ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်