ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျေးရွာများရှိ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်းပွဲတက်ရောက်

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၆
 
 
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ACCOR Hotel Myanmar အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကသာမြို့ တောင်ပေါ်ကျောင်းတိုက် ပရဟိတ (ဘဝမြှင့်တင်ရေး) အမှတ် (၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ကြပြီး ကျောင်းထိုင်ဆရာတော် အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
 
 
ထောက်ပံ့ငွေကျပ် ၁၀ သိန်း ပေးအပ်
 
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ ပရဟိတအဖွဲ့အစည်းများကို ပုံမှန်ထောက်ပံ့ မှုလုပ်ငန်းစဉ်၌ အကျုံးဝင်ရန် ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို ရှင်းလင်း လျှောက်ထားကာ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ကျောင်းအကျိုးတော်ဆောင်များထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချောင်းဝကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကြ ပြီး ကျေးရွာများမှ ကျောင်းသား ကျောင်းသူ များအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ် လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစား များ လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
 
 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနား၏ ရည်ရွယ်ချက်သည် ရေနစ်မြုပ်မှုဘေးကြောင့် အသက်ဆုံးရှုံးရ ခြင်းများမှ ကာကွယ်နိုင်ရန်အတွက် အသက် ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်း ခြင်းဖြစ်ပါကြောင်း၊ ယနေ့ ကျောင်းသား လူငယ်များသည် အနာဂတ်အတွက် တန်ဖိုး ရှိသော လူသားအရင်းအမြစ်များဖြစ်၍ ကျောင်းသားလူငယ်များ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မိမိတို့တွင်တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို အစိုးရနှင့် ပြည်သူ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့လှူဒါန်းပွဲတွင် ACCOR Hotel Myanmar ဝန်ထမ်းများစုပေါင်း၍ ခြိုးခြံချွေတာ စုဆောင်းထားသောငွေများဖြင့် လူမှုအကျိုးပြုလုပ်ငန်းအဖြစ် ဤဒေသရှိ လိုအပ်ချက်ကို ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ဖြေရှင်းပေးခြင်းဖြစ်ပါကြောင်း။
 
 
ဤဒေသရှိ ကျောင်းသား ကျောင်သူများ သည် မိုးတွင်းကာလတွင် ရေလမ်းခရီးဖြင့် ကျောင်းများသို့ သွားရောက်ရာ၌ အသုံးပြု သော စက်လှေများမလုံလောက်ခြင်း၊ ရာသီ ဥတုဆိုးရွားမှု၊ စက်ပစ္စည်းချွတ်ယွင်းမှုနှင့် လူများ၏ ပေါ့ဆမှုများကြောင့်လည်း စက်လှေ တိမ်းမှောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် အရည်အသွေးကောင်းမွန်သော စက်လှေ များကို စနစ်တကျအသုံးပြုနိုင်ရန် လိုအပ် လာပါကြောင်း၊ မတော်တဆ စက်လှေ တိမ်းမှောက်မှုဖြစ်ပွားပါကလည်း အသက် အန္တရာယ်ကာကွယ်နိုင်ရန် အသက်ကယ် အင်္ကျီများ မဖြစ်မနေလိုအပ်ပါကြောင်း၊ ယနေ့ လှူဒါန်းမှုအစီအစဉ်၏ အနှစ်သာရသည် “Jackets for lives” အသက်များ၊ ဘဝများ အတွက် အသက်ကယ်အင်္ကျီများလိုအပ်မှုကို ဖော်ညွှန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ တော်တွင် ဒီမိုကရေစီစနစ်ကို တည်ဆောက် ရာ၌ အစိုးရ၏ဆောင်ရွက်ချက်များကို ပြည်သူ များက ပံ့ပိုးကူညီပူးပေါင်းပါဝင်ရန် လိုအပ် သကဲ့သို့ ထိုသို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းသည် ဒီမိုကရေစီအဆင့် အတန်းကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ယနေ့ လှူဒါန်းမှုသည် ပြည်သူမှ ပြည်သူသို့ လှူဒါန်း ပံ့ပိုး ကူညီခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ် များ၏ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက် ခွင့် အခွင့်အရေးများကိုလည်း ဖော်ဆောင်ပေး ရာရောက်ကြောင်း ပြောကြားသည်။
 
 
အသက်ကယ်အင်္ကျီ လှူဒါန်း
 
ဆက်လက်၍ ACCOR Hotel Myanmar အဖွဲ့၏ကိုယ်စား M Gallery Hotel မှ အထွေ ထွေမန်နေဂျာက မိမိတို့အဖွဲ့အနေဖြင့် လူမှု အကျိုးပြုလုပ်ငန်းများကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ACCOR Hotel အဖွဲ့က ချမှတ်ပေးထားသော ပြည်သူ့ အကျိုးပြုလူမှုရေးလုပ်ငန်းများ ဆောင်ရွက် ရန်တာဝန် (Corporate Social Respon-sibility - CSR) အရ ဝန်ထမ်းများ၏ စုပေါင်း ခြိုးခြံချွေတာမှုများဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် ရှိ လျှပ်စစ်မီးမရရှိသေးသော ဒေသများ၌ Light for Lives အစီအစဉ်ဖြင့် ဆိုလာမီးလုံး ၄၅၀ လှူဒါန်းခဲ့ပါကြောင်း၊ ယခုနှစ်တွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Jackets for Lives အစီအစဉ်ဖြင့် အသက် ကယ်အင်္ကျီများနှင့် စက်တပ်လှေများကို လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ACCOR Hotel Myanmar အဖွဲ့က ချောင်းဝ ကျေးရွာအုပ်စု သမန်းဒေါင့်ကျေးရွာအတွက် စက်တပ်လှေနှစ်စင်းနှင့် အသက်ကယ်အင်္ကျီ များ၊ သံပုရာကျေးရွာအုပ်စု သံပုရာကျွန်း အတွက် စက်တပ်လှေနှစ်စင်းနှင့် အသက်ကယ် အင်္ကျီများ၊ သံပုရာကျေးရွာအုပ်စု ကျောက်ပုံ ကျေးရွာအတွက် စက်တပ်လှေတစ်စင်းနှင့် အသက်ကယ်အင်္ကျီများ၊ အင်းကြီးကျေးရွာ အုပ်စု မယ်ငိုကျေးရွာအတွက် စက်တပ်လှေ တစ်စင်းနှင့် အသက်ကယ်အင်္ကျီများကို အသီး သီးပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ က လက်ခံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ACCOR Hotel Myanmar အဖွဲ့ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
 
 
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကျောင်းသား ကျောင်းသူများအတွက် ကျောင်း ဝတ်စုံများနှင့် အဝတ်အစားများကို ပံ့ပိုး ထောက်ပံ့ပေးခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ လှူဒါန်း ထားသော စက်တပ်လှေများကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးတို့က မိမိတို့ဒေသရှိ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအတွက် ယခု လို လှူဒါန်းပံ့ပိုးမှုများအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရ သည်။
 
 
သတင်းစဉ်