
နေပြည်တော် စက်တင်ဘာ ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင်ရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာခရီးသွား ပြပွဲများတွင်ပါဝင်၍ မြန်မာနိုင်ငံ ၏ ပုံရိပ်နှင့်ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာခြင်းလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပသော (၁၆) ကြိမ်မြောက် ဟိုချီမင်းနိုင်ငံတကာ ခရီးသွားပြပွဲနှင့် အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်သည်။
အဆိုပါ ခရီးသွားပြပွဲကို “Growth Forward Together” ခေါင်းစဉ် နှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ အဆင့်မြင့်ဖိုရမ်ကို ပူးတွဲကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စိုးဝင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက် မြှင့်တင်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း “စီးပွားရေး - အပန်းဖြေခရီးသွားလုပ်ငန်း အလားအလာများကို ဟိုချီးမင်းမြို့နှင့် ဗီယက်နမ်နိုင်ငံတွင် မြှင့်တင် ဖော်ထုတ်ခြင်း” အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။ “စီးပွားရေး-အပန်းဖြေခရီးသွားလုပ်ငန်း” သည် အပန်းဖြေခရီးသွားစဉ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပူးတွဲဆောင်ရွက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အချိန်နှင့် ကုန်ကျစရိတ်များကို ချွေတာ နိုင်ပြီး လုပ်ငန်းခွင်နှင့် နေ့စဉ် လူမှုဘဝမျှတနိုင်စေသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အဆိုပါ ခရီးသွားလာမှုပုံစံသစ်များ ဖွံ့ဖြိုးတိုးတက်လာ ခြင်းဖြစ်ပါကြောင်း၊ အဆိုပါခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယဉ်ကျေးမှု၊ သဘာဝအရင်းအမြစ်၊ ဆန်းသစ်သော လူနေမှု အတွေ့အကြုံများသည် အထောက်အကူဖြစ်စေပါကြောင်း၊ ထို့အပြင် တည်းခိုနေထိုင်ရေးကဏ္ဍတွင်လည်း အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခြင်းသည်လည်း အဆိုပါခရီးသွားလုပ်ငန်း အတွက် များစွာအရေးကြီးသော သွင်းအားစုတစ်ခုဖြစ်ပါကြောင်း၊ လေဆိပ်များနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍများမှလည်း ခရီးသွားဧည့်သည်များတွက် ဘေးကင်းလုံခြုံပြီး လျင်မြန်ချောမွေ့သော ခရီးစဉ်များကို ဖန်တီးပေးနိုင်ရန်လည်းလိုအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် တွင် ဟိုချီးမင်းမြို့နှင့် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး-အပန်းဖြေ ခရီး သွားဧည့်သည် (၁ ဒသမ ၇) သန်း ရရှိရေးမျှော်မှန်းချက်အရ ဟိုတယ်၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် နေမှုကို သက်ဆိုင်ရာ အစိုးရ-ပုဂ္ဂလိက ကိုယ်စားလှယ်များက ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး-အပန်းဖြေခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အိမ်ရာစီမံ ကိန်းရေးဆွဲဖော်ဆောင်နေမှုကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ စီမံကိန်းတာဝန်ခံများက ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် တက်ရောက်လာသည့် ခရီးသွား လုပ်ငန်းဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ပြည်တွင်းပြည်ပ ခရီးစဉ် ဝယ်ယူသူများအတွက် ဗီယက်နမ်နိုင်ငံက တည်ခင်းဧည့်ခံ သည့် “ဗီယက်နမ်ည” ညစာစားပွဲ အခမ်းအနားကို ဟိုချီမင်းမြို့ရှိ GEM စင်တာတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ် ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီး များနှင့် ခရီးစဉ်ဝယ်ယူသူများကို ဟိုချီးမင်း ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဖန်မိုင်က ကြိုဆိုအဖွင့်အမှာစကား ပြောကြားပြီး ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များကို ဗီယက်နမ်နိုင်ငံက နိုင်ငံဖြစ်တည်လာမှုသမိုင်းကြောင်းများနှင့် ရိုးရာ ယဉ်ကျေးမှုများကို သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။
စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုချီမင်းမြို့ရှိ ဆိုင်းဂုံပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာတွင် (၁၆) ကြိမ် မြောက် ဟိုချီးမင်းနိုင်ငံတကာ ခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ခရီး သွားလုပ်ငန်းဆိုင်ရာ ပြည်တွင်း ပြည်ပပြခန်းများ ပါဝင်ပြသနေမှုကို လိုက်လံကြည့်ရှုသည်။ ထို့နောက် ဖိုရမ်သို့ တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်း များမှ “နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်မှု အဖြေ ရှာရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေး” အဆင့်မြင့်ဖိုရမ်ကို ဆက်လက် ကျင်းပသည်။ အဆိုပါဖိုရမ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွား လုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ တက်ရောက်လာ သည့် ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် မိုက်(စ်) ခရီးသွားလုပ်ငန်းဖြစ်သည့် Meeting ၊ Incentive၊ Convention၊ Exhibition များဖြင့် ခရီးသွားလုပ်ငန်း များ ပိုမိုကောင်းမွန်လာစေရေး အထူးပြုဆောင် ရွက်ရန် လိုအပ်သည်များ ကို မျှဝေခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေးအသင်းမှ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ခင်းကျင်းပြသနေမှုများနှင့် ပြည်တွင်း ပြည်ပမှ စိတ်ပါဝင်စားသူများ မြန်မာပြခန်းသို့ လာရောက် လေ့လာကြည့်ရှုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ခရီးသွားလုပ်ငန်းဝန်ကြီး ဒေါက်တာ သွန်ခွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကို ဟိုချီးမင်းမြို့ရှိ ရိနေဆန်းဟိုတယ်တွင် လက်ခံ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် လေ့လာရေးအဖွဲ့(FAM Trip)များ စေလွှတ်ခြင်း၊ နှစ်နိုင်ငံ ခရီးသွား မြှင့်တင်ရေး အမှတ်တံဆိပ် ဖော်ဆောင်ခြင်းနှင့် ၂၀၂၃ ခုနှစ် မတ်လတွင် ဂျာမနီနိုင်ငံ၌ ကျင်းပမည့် ITB Berlin ခရီးသွားပြပွဲတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်းကာ နှစ်နိုင်ငံ ခရီးစဉ်ဒေသ တစ်ခုအဖြစ် ခရီးသွားပြခန်းဖွင့်လှစ် ပြသရေးကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားပြပွဲသို့ တက်ရောက် လာသော ကိုယ်စားလှယ်များအတွက် တည်ခင်းဧည့်ခံသော “ကမ္ဘောဒီးယားည” အခမ်းအနားကို ဟိုချီးမင်းမြို့ရှိ ရက်(စ်)ဟိုတယ် တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့မှ တက်ရောက်ခဲ့သည်။
အဆိုပါ (၁၆) ကြိမ်မြောက် ဟိုချီမင်းနိုင်ငံတကာခရီးသွားပြပွဲနှင့် အဆင့်မြင့်ဝန်ကြီးများဖိုရမ်သို့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ပြည်တွင်းပြည်ပ ပြခန်း ၂၆၀ ပါဝင်ပြသခဲ့ပြီး အစိုးရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာထုတ်ကုန်နှင့် ခရီးစဉ်ရောင်းချသူ/ ဝယ်ယူသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်