ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (၁၀) နှစ်ပြည့် အခမ်းအနား၌ ဗီဒီယိုမိန့်ခွန်းပြောကြား

 

 

နေပြည်တော် နိုဝင်ဘာ ၂၈

 

 

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့်အခမ်းအနား (China - ASEAN Free Trade Area 10th Anniversary Forum) ကို ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားရာတွင် ယခု ၂၀၂၀ ပြည့်နှစ်သည် အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှု‌ဒေသ ထူထောင်သည့် (၁၀)နှစ်ပြည့်သည့် နှစ်တစ်နှစ်ဖြစ်သည့်အပြင် တရုတ်- အာဆီယံ ဒစ်ဂျစ်တယ်စီးပွား‌ရေး ပူးပေါင်းဆောင်ရွက်မှု စတင်ဆောင် ရွက်သည့်နှစ်လည်း ဖြစ်ပါကြောင်း၊ အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်ပြီး စားသုံးသူဦးရေ ၂ ဘီလီယံခန့်ရှိသည့်အပြင် ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံး ဖြစ်သည့် အုပ်စုတစ်ခုဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသ စတင်ထူထောင်ခဲ့စဉ်မှစ၍ တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးမားဆုံးကုန်သွယ်မှု မိတ်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ယခုနှစ် တွင် နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့နေရ သော်လည်း အာဆီယံနှင့် တရုတ်နိုင်ငံ အကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက် လျက်ရှိပါကြောင်း။

ထို့ပြင် တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်လျက်ရှိပါကြောင်း၊ ယနေ့ အခမ်းအနားသည် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို နောင် နှစ်ပေါင်းများစွာတိုင် နက်နက်ရှိုင်းရှိုင်း နီးကပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ဒေသတွင်း ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေး၊ စီးပွားရေးလုပ်ငန်း စတင် ဆောင်ရွက်သူများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ ခုခံနိုင်မှုအားနည်းသော အစုအဖွဲ့များအတွက် စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်ရေးကို မိမိတို့အနေ ဖြင့် ယခင်ကထက် နှစ်ဆကြိုးစား အားထုတ်ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေးအခွင့် အလမ်းသစ်များ ဖော်ဆောင်ရန်၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးရန်နှင့် အလားအလာရှိသည့် နည်းပညာများ အား အသုံးပြုရေး တွန်းအားပေး ဆောင်ရွက်ရန်အတွက် အတူတကွ လက်တွဲဆောင်ရွက်ရန်တို့ကိုလည်း ယနေ့အခမ်းအနားတွင် အလေးထား ဖော်ပြထားပါကြောင်း။

ဒစ်ဂျစ်တယ် ပေါင်းစည်းမှုသည် ဒေသတွင်း စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အားအတွက် အလွန်အရေးကြီး ပါကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံ အကြား ဒစ်ဂျစ်တယ်စီးပွားရေးမြှင့်တင် နိုင်ရန်အတွက် Cyber Space ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး လိုအပ်သည့် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများကို ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်တွင် အာဆီယံ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် အစိုးရ အဖွဲ့အစည်းများသာမက ပြည်သူလူထု အသိုက်အဝန်းတစ်ခုလုံး ကို အခြေပြု၍ အခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန် ကြိုးစားဖော်ဆောင် သွားရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပ သည့် အာဆီယံ-တရုတ် လွတ်လပ် သော ကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့် ဖိုရမ်အခမ်းအနားတွင် ကိုဗစ်-၁၉ ကာလအတွင်း ရင်ဆိုင်ကြုံတွေ့နေရ သည့် အခက်အခဲများကို ကျော်လွှား နိုင်ရေး ဆောင်ရွက်မှုများအပြင် post Covid -19 ကာလအတွက် ကုန်သွယ် မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ် မှုများကို ဆောင်ရွက်နိုင်သည့် သမိုင်း မှတ်တိုင်တစ်ခု ဖြစ်လာမည်ဟုလည်း ယုံကြည်ပါကြောင်း။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု များသည် နိုင်ငံရေး ကတိကဝတ် တစ်ခုတည်းဖြင့် မအောင်မြင်နိုင်ပါ ကြောင်း၊ နိုင်ငံများအကြား မတူညီ သည့် အခြေအနေနှင့် နက်နဲသိမ်မွေ့ သည့် တန်ဖိုးထားမှုများကို သိရှိ နားလည်မှုမှာလည်း အ‌ရေးကြီးပါ ကြောင်း၊ မိမိအနေဖြင့် အာဆီယံ-တရုတ်နိုင်ငံများအကြား လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်သော ပတ်ဝန်းကျင်တစ်ခုကို ထိရောက်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့် အခမ်းအနား၌ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ စီးပွားရေးဝန်ကြီး များနှင့် အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်တို့က ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြ သည့် အာဆီယံသံအမတ်ကြီးများနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများက Key Note Speech များပြောကြားပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

 

 

ဆက်လက်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်မှု ဒေသအတွင်း စျေးကွက်အခွင့်အလမ်း များနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

(၁၇) ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်