
နေပြည်တော် နိုဝင်ဘာ ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ရန်ကုန် တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်တို့နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Strand Hotels International Co.,Ltd.တို့ ဖက်စပ်ဆောင်ရွက်နေသော ဟိုတယ်များဖြစ်သည့် ဒဂုံမြို့နယ်ရှိ Hotel G ၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် (Inya lake Hotel) များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် Hotel G သို့ ရောက်ရှိ စဉ် Myanmar Hotel International Co.,Ltd. ၏ Managing Director Mr. Sukhdeep Singh နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွား ဧည့်သည်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများစုလာရောက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ လာရောက်သည့် ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြ စေရေးကို ကြိုးစားမြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Hotel G ၏ တည်နေရာကောင်းမွန်မှုနှင့် ထူးခြားသော ဝန်ဆောင်မှုများဖြင့် ပေါင်းစပ်မြှင့်တင် ဆောင်ရွက်ပါက ခရီးသွားဧည့်သည်များ ပိုမို လာရောက်ကြမည်ဖြစ်ပြီး ဟိုတယ်ပုံရိပ် ကောင်းမွန် လာကာ ဝင်ငွေလည်း တိုးတက်ရရှိလာမည်ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် (Inya Lake Hotel) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်