
နေပြည်တော် ဩဂုတ် ၁၈
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာရေး၊ ဗီဇာ ဖြေလျှော့ပေးရေး၊ တရုတ်ခရီးသွား ဧည့်သည်များ ငွေကြေးသုံးစွဲမှု လွယ်ကူချောမွေ့စေရေးတို့အတွက် ဆက်စပ် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ မြန်မာ နိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံလိုသူများကို ဖိတ်ခေါ် ဆောင်ရွက်သွားမည့် အခြေအနေ များ၊ နှစ်နိုင်ငံခရီးသွား ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန် အဆင့်မြင့် အရာရှိကြီးများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ နယ်ရုံးခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် အဆိုပါဝန်ကြီး ဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် တရုတ်ခရီးသွား များ ပြည်ပသို့ အဖွဲ့လိုက် ခရီးသွား ခွင့်ပြုသည့်နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ ပါရှိသည့်အတွက် ဝင်ရောက်လာမည့် တရုတ်ခရီးသွား ဧည့်သည်များ အဆင်ပြေစွာ လာရောက် လည်ပတ်နိုင်ရေး အတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲ့မှု ဆိုင်ရာ ကိစ္စရပ်များကို အဆင်သင့် ဖြစ်နေစေရေး ကြိုတင်ပြင်ဆင် ထားကြရန် လိုအပ်ကြောင်း၊ ဝင်ရောက်လာသော ခရီးသွား ဧည့်သည်များ ငွေကြေးသုံးစွဲမှု၊ လွယ်ကူချောမွေ့စွာ သွားလာ လည်ပတ်နိုင်ရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ နှင့် မျှော်မှန်းခရီးသွားဈေးကွက် နိုင်ငံများက ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာ ရေးအတွက် ဗီဇာဖြေလျှော့ပေး ရေး၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် များစီစဉ်ရေး၊ ခရီးသွားမြှင့်တင် ရေးတို့ကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့ဆက်ပူးပေါင်း ဆောင် ရွက်မည့်အခြေအနေများ၊ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီး သွားဖိုရမ်ဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြကြ ပြီး တက်ရောက်လာကြသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေး ကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်