ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများနှင့် ပြည်သူ့ဆေးရုံကြီးများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်    ၂၆


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းရှိ ရိုးမရိပ်သာ Quarantine center သို့သွားရောက်၍ ပြည်ပမှ ပြန်လာသူများကို Quarantine ထားရှိဆောင်ရွက်နေမှုနှင့် လုံခြုံရေးအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


 ထိုသို့စစ်ဆေးစဉ်   ပြည်ထောင်စုဝန်ကြီးက လူနာများအား  ဆေးရုံသို့လွှဲပြောင်းကုသရန် လိုအပ် ပါက အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားရှိရန်နှင့် မလွှဲပြောင်းမီ အရေးပေါ် ကုသမှုပေးနိုင်ရန် ဆေးခန်းထားရှိရေး၊ လူနာများ၏  ကျန်းမာရေးအခြေအနေများကို control roomမှ အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲနိုင်ရေးနှင့်  လိုအပ် သည့် Volunteer များကို   အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးတို့နှင့်ပတ်သက်၍ မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော် မြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါပြင်းထန်လူနာများ လက်ခံကုသနိုင်ရန် ICU နှင့် HDU ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။


အရှိန်အဟုန်မပျက်  ဆောင်ရွက်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့သွားရောက် ပြီး ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံကာ COVID-19 လူနာများကို      ရောဂါအခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာဆေးရုံများမှ စနစ်တကျ လက်ခံကုသမှု ပေးနိုင်ရေး၊ COVID-19 ရောဂါကုသရေး တာဝန်များ အပြင် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန် မပျက်       ဆက်လက်ဆောင်ရွက်သွားရေးတို့နှင့် ပတ်သက်၍ မှာကြားသည်။ 


ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် Myanmar Convention Center   တွင်   ဖွင့်လှစ်ထားသော COVID-19 ရောဂါကုသရေးဌာနတွင် ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ COVID-19 ရောဂါကုသရေးဌာန စတင် ဖွင့်လှစ်နိုင်ရန်     ဆောင်ရွက်ထားရှိမှုကို     ကြည့်ရှု စစ်ဆေးရာ   ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ၊    စည်ပင်ကျန်းမာဌာနမှူး   ဒေါက်တာ သန်းသန်းလွင်နှင့် တာဝန်ရှိသူများက ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက  လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ ကိုဖြည့်ဆည်းပေးသွားမည့်အခြေအနေ၊ လိုအပ်လျက် ရှိသည့် Volunteerများကို နေ့စားဝန်ထမ်းစနစ်ဖြင့် ဖြည့်ဆည်းပေးသွားရန်၊    လူနာများ    နေထိုင် စားသောက်ရေး အဆင်ပြေစေရေးအတွက်  စီစဉ် ဆောင်ရွက်သွားရန် မှာကြားသည်။


တိတိကျကျလိုက်နာရန် မှာကြား


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် COVID-19 ရောဂါကုသရေးဌာန (မရမ်းကုန်း)အင်းယားစင်တာ သို့ သွားရောက်ကာ အသင့်အတင့် ရောဂါလက္ခဏာရှိ လူနာများကို Oxygenပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လူနာများအား   စနစ်တကျ   ကျန်းမာရေးစစ်ဆေး နိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လူနာများ၏ အခြေအနေ ကို Control room မှနေ၍  အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ရန်        ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လူနာလွှဲပြောင်း လက်ခံကုသမှု စနစ်   ဆောင်ရွက်ထားရှိရန်၊    ကုသရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဌာနဆိုင်ရာအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ လူနာများ သက်သောင့် သက်သာရှိစွာဖြင့်   အမြန်ဆုံး  ရောဂါသက်သာ ပျောက်ကင်းစေရန်       ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လူနာများအပေါ် မိမိတို့၏ မိသားစုဝင် များကဲ့သို့ သဘောထားကာ ဆေးပညာကျင့်ဝတ်များ နှင့်အညီ ပြုစုစောင့်ရှောက်သွားရန်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင်လည်း မိမိတို့ကျန်းမာရေး ဝန်ထမ်းများ    ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် infection control procedure များကို တိတိကျကျ လိုက်နာသွားကြရန် မှာကြားသည်။


လက်ခံကုသပေး


ရိုးမရိပ်သာ COVID-19 ရောဂါကုသရေးဌာန အနေဖြင့်  Quaratine    လူဦးရေ   ၁၀၀၀  နှင့် COVID-19    ရောဂါအတည်ပြုလူနာ   ၅၇၆ ဦး၊ COVID-19    ရောဂါကုသရေးဌာန    (မရမ်းကုန်း) အင်းယားစင်တာတွင် COVID-19 ရောဂါအတည်ပြု လူနာ ၄၀၀၊ MCC   COVID-19 ရောဂါကုသရေးဌာနတွင် COVID-19 ရောဂါအတည်ပြုလူနာ  ၂၅၀  လက်ခံ ကုသပေးသွားနိုင်မည်ဖြစ်ပြီး    MCC   COVID-19 ရောဂါကုသရေးဌာနအနေဖြင့် ဇွန် ၂၆  ရက်မှစတင်၍ လူနာလက်ခံကုသပေးသွားမည်ဖြစ်ကာ   ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့်   အထွေထွေရောဂါဆေးရုံ သစ်ကြီး ရန်ကုန်တို့တွင်လည်း COVID-19 ရောဂါ လူနာများ          လက်ခံကုသပေးနေပြီဖြစ်ကြောင်း သိရသည်။ 

 


သတင်းစဉ်