ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်အမှာစကားပြောကြား

Image not available
နိုင်ငံအတွက်၊ ပြည်သူအတွက် တတ်စွမ်းသည့်လုပ်ငန်းတာဝန်များကို ပိုမိုဖြည့်ဆည်းကာ လေ့လာသင်ယူကြခြင်းဖြင့် တန်ဖိုးကိုမြှင့်တင်
 
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၅
 
 
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ (၇၄)နှစ်တာ ခရီးမှတ်တမ်းအစီအစဉ်ကို ပြသသည်။
 
 
သမိုင်းကြောင်း အလွန်ရှည်လျား
 
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အမှာစကားပြောကြားရာတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသည် ၇၄ နှစ်တာ သက်တမ်းကို အောင်မြင်စွာ ဖြတ်သန်း ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၁၉၄၆ ခုနှစ် တွင် ဗမာ့အသံအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ် တွင် မြန်မာ့အသံ၊ ၁၉၈၀ ပြည့်နှစ်တွင် အရုပ်နှင့် အသံပါတွဲဖက်၍ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ ပါကြောင်း၊ ရုပ်မြင်သံကြား စတင်ကြည့်ရှုခွင့် ရရှိခဲ့သည်မှာ နှစ်ပေါင်း ၄၀ ခန့်ရှိလာပြီး ရေဒီယိုနားသောတဆင်ခွင့် ရရှိခဲ့သည်မှာ လည်း ၇၄ နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဖြတ်သန်း လာခဲ့သည့် သမိုင်းကြောင်းသည် အလွန်ပင် ရှည်လျားခဲ့ပြီ ဖြစ်ပါကြောင်း။
 
 
ကိန်းဂဏန်းကာလ မြင့်လာလေလေ အမည်နာမ၏ တန်ဖိုးသည်လည်း ရင့်လာလေ ဖြစ်ပါကြောင်း၊ အတွေ့အကြုံကောင်းများ ပိုမိုရရှိလာခြင်းကြောင့် တန်ဖိုးလည်း မြင့်မား လာရပါကြောင်း၊ ၇၄ နှစ်သက်တမ်းကို ဖြတ်သန်းခဲ့ပြီး ခေတ်ကာလအဆက်ဆက် ဖြစ်ရပ်များကို ပြည်သူများထံ တင်ဆက်နိုင်ခဲ့ ပါကြောင်း၊ လွတ်လပ်ရေး မရခင်ကတည်းက ပေါ်ထွက်ခဲ့သည့်ဌာနကြီးဖြစ်ပြီး နိုင်ငံရေး ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲလာမှုနှင့်အတူမြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်လည်း ပြောင်းလဲမှုများစွာကို ကြုံတွေ့ခဲ့ရပါကြောင်း။
 
 
ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ပုဒ် ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဆောင်ပုဒ်လည်းဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်တို့သည် ခေတ်စနစ်များ မည်သို့ပင်ပြောင်းလဲသော် လည်း ပြည်သူများအတွက် လိုအပ်လျက်ရှိ နေဦးမည်ဖြစ်ပါကြောင်း၊ အစိုးရတိုင်းသည် အများပြည်သူနှင့် ဆက်သွယ်သည့် ဆက်သွယ် ရေး ယန္တရား လိုအပ်မည်ဖြစ်ပါကြောင်း၊ အမည်နာမများသာ ပြောင်းလဲသွားနိုင်လျှင် ပြောင်းလဲသွားနိုင်သော်လည်း လုပ်ငန်း၏ အနှစ်သာရမှာ ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း၊ ယခင်နေရာများတွင် နည်း ပညာသစ်များက အစားထိုးဝင်ရောက်လာ နိုင်ပါကြောင်း၊ ယနေ့ အွန်လိုင်းခေတ်တွင် လည်း လူအများအတွက် သတင်းအချက် အလက်ပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေခြင်းတို့မှာ လိုအပ်နေမည်ပင်ဖြစ် ပါကြောင်း၊ ခေတ်စနစ်နှင့်အညီ နည်းပညာ များကို အသုံးပြု၍ တင်ပြပုံပြောင်းလဲ ဆန်းသစ်ခြင်းများကို ဖော်ထုတ်ကြရမည်ဖြစ် ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ အသွင်သဏ္ဌာန် များ ကွာခြားသွားနိုင်သော်လည်း အတွင်း အနှစ်သာရသည် ပြောင်းလဲမှုမရှိဘဲ အတတ် ပညာများ ပိုမိုဖြည့်ဆည်းကာ ပိုမိုတိုးတက် အောင် လုပ်ကိုင်ဆောင်ရွက်သွားကြစေလို ပါကြောင်း။
 
 
ကဏ္ဍအလိုက် လိုအပ်ချက်များဖြည့်ဆည်း
 
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း များကိုလည်း အချိန်များစွာ ရင်းနှီးကာ လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်နေ ကြချိန်တွင် မိမိဖန်တီးသည့်လက်ရာ၊ မိမိ၏ ဆောင်ရွက်ချက်များကို ကိုယ်တိုင်အကဲဖြတ် ကာ မိမိတန်ဖိုးကို သတ်မှတ်ပြဋ္ဌာန်းစေလို ပါကြောင်း၊ နိုင်ငံအတွက်၊ ပြည်သူအတွက် တတ်စွမ်းသည့်လုပ်ငန်းတာဝန်များကို ပိုမို ဖြည့်ဆည်းကာ လေ့လာသင်ယူကြခြင်း ဖြင့် တန်ဖိုးကို မြှင့်တင်စေလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်လုပ်ကိုင်ခြင်း နှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် တိုးတက်မှုကို ရှာဖွေ စေလိုပါကြောင်း ပြောကြားသည်။
 
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လာမည့်နှစ်သည် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ၇၅ နှစ်မြောက် စိန်ရတုကာလ ကို ရောက်ရှိတော့မည် ဖြစ်ပါကြောင်း၊ လာမည့်နှစ်စိန်ရတုပွဲကိုလည်း ရုပ်ရှင်ရာပြည့် ပွဲတော်၊ တက္ကသိုလ်ရာပြည့်ပွဲတော်များ နည်းတူ ခမ်းနားစွာ ပြသတင်ဆက်စေလို ပါကြောင်း၊ ၇၅ နှစ်တာကာလအတွင်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ဆောင်ရွက်ခဲ့ သည့် ဖြတ်သန်းမှုပုံရိပ်များ၊ ပစ္စည်းများနှင့် အမှတ်တရများကို ပြသစေလိုပါကြောင်း၊ ကြိုတင်၍လည်း ရုပ်သံအစီအစဉ်များတွင် စိန်ရတုပွဲအတွက် အစီအစဉ်များ ထည့်သွင်း တင်ဆက်စေလိုပါကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ဖြင့် တင်ဆက်ပြသနိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးစားစေလိုပါကြောင်း ပြောကြားသည်။
 
 
ဆုများချီးမြှင့်
 
ယင်း‌နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်အတွက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ရုပ်သံထုတ်လုပ်၊ ထုတ်လွှင့်မှု ဆိုင်ရာ ထူးချွန်ဆုရရှိသူများဖြစ်သည့် အိပ်မက် လမ်းသို့ ခရီးရှည်အစီအစဉ်ဖြစ်သည့် ဝေးလံ ခေါင်ဖျားသည့် ကချင်ပြည်နယ် ခေါင်လန်ဖူး ဒေသသို့ သွားရောက်ကာ ပညာသင်ကြား ပေးနေသည့် ပညာရေးဝန်ထမ်းများ၏ အကြောင်းကို ကြိုးစားတင်ဆက်နိုင်ခဲ့သဖြင့် တိုင်းရင်းသားရုပ်သံလိုင်းမှ ဝန်ထမ်းများအား လည်းကောင်း၊ အသံလွှင့်ဌာနခွဲမှ ဦးခွန်နေဝင်း အားလည်းကောင်း ဆုများချီးမြှင့်ပေးသည်။
 
 
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက ရေဒီယိုတင်ဆက်မှု ထူးချွန်ဆု ရရှိသူ အသံလွှင့်ဌာနခွဲမှ ဒေါ်သဲစုမိုးနှင့် ရုပ်မြင်သံကြား တင်ဆက်မှုထူးချွန်ဆုရရှိသူ ရုပ်မြင်ဌာနခွဲမှ ဒေါ်အိမွန်ကျော်တို့အား ဂုဏ်ပြု ဆုချီးမြှင့်ပေးအပ်သည်။
 
 
စံပြ ဂုဏ်ပြုဆုများချီးမြှင့်
 
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စက်ပိုင်းဆိုင်ရာ ထူးချွန်ဆု ရရှိသူ စက်မှုဌာနခွဲမှ ဦးရဲမာန်ဦး၊ ရိုက်ကူးရေး ပိုင်းဆိုင်ရာ ထူးချွန်ဆုရရှိသူ ဦးထွန်းနိုင် မောင်နှင့် ဌာနခွဲအလိုက် စံပြဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များ၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိ သူများက ဌာနခွဲအလိုက်စံပြဆုရရှိကြသူ ရှစ်ဦးနှင့် ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်း ကောင်း တံဆိပ်ရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
 
 
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုး မြင့်မောင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများအားလုံးအတွက် ဝတ်စုံစရိတ် များကို ဒုတိယညွှန်ကြားရေးမှူးချုပ် (EIC) ဦးမျိုးမြင့်အောင်နှင့် ခေတ္တဒုတိယညွှန်ကြား ရေးမှူးချုပ်(စီမံ) ဦးဇေယျာတို့ကို ပေးအပ်ပြီး နှစ်ပတ်လည်အခမ်းအနားအတွက် ကူညီပံ့ပိုး ပေးသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီ များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။
 
 
ကံစမ်းမဲဖောက်ပေး
 
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲဖောက် ပေးသည့်အစီအစဉ်ကို ကျင်းပရာ ကံစမ်းမဲ ဆုကြီးများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး တို့က လည်းကောင်း၊ ကျန်ဆုမဲများအား တာဝန်ရှိသူများကလည်းကောင်း မဲဖောက်ပေး ခဲ့ကြ သည်။
 
 
သတင်းစဉ်