
ရန်ကုန် ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် များ၏ စာကြည့်တိုက်များနှင့် ဘာသာရပ်ဆိုင်ရာ ဌာနများအတွက် အသိပညာ၊ အတတ်ပညာနှင့် ဗဟု သုတများရရှိစေမည့် စာအုပ်စာတမ်းများနှင့် ဘာသာရပ် ဆိုင်ရာ စာအုပ်စာတမ်းများကို နှစ်စဉ်ပိုမိုဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ သင်ထောက်ကူပစ္စည်းများ၊ သုတေသနသုံး ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချကြစေလိုကြောင်း၊ တက္ကသိုလ်များ၏ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးအတွက် အလေး ထားဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်ကောင်းဖြစ်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများသာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှုရှိစေရန် အတွက် စာအုပ်စာပေများကို အမြဲမပြတ်ဖတ်ရှု လေ့လာနေကြရန် လိုအပ်ကြောင်း၊ စာသင်ကြားရာ တွင် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလို ကြောင်း၊ ထို့ပြင် မိမိတို့၏ ကျောင်းသား ကျောင်းသူ များကို လိမ္မာယဉ်ကျေးပြီး နိုင်ငံတော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိစေရေး၊ ယဉ်ကျေးမှုဓလေ့ များကို တန်ဖိုးထားတတ်စေရေး၊ ဂါရဝတရား၊ နိဝါတ တရားရှိပြီး စိတ်ကောင်းရှိစေရေးနှင့် ကိုယ်ချင်းစာ စိတ်များ ရှိလာစေရေးတို့ကို အလေးအနက်ထား သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာ ယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်စေရန် ထိန်းသိမ်းတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ အောင် သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းကုန်း မြို့နယ် ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၊ ကြိုးကြာကွင်းကျေးရွာ အခြေခံပညာမူလ တန်းကျောင်း၊ မာလာကွင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ရေကြည်မြို့နယ် အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အနောက်ဘက် ကမ်း အခြေခံပညာမူလတန်းကျောင်း၊ သပြေကွင်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဝက်ရုပ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့သို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည် မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းများ ၌ စာသင်ဆောင်များ လုံလောက်မှုရှိစေရေး၊ ရေသန့် စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် သန့်စင်ခန်း များ လုံလောက်မှုရှိစေရေး၊ ကျောင်းပတ်၀န်းကျင် လုံခြုံစေရန် ခြံစည်းရိုးများ စနစ်တကျ ကာရံရေးတို့ကို မှာကြားပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုး လွယ်အိတ်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ရေတံခွန်) ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက် ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး KG တန်း ကျောင်းသား ကျောင်းသူများ အတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။
ထို့နောက် ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းကုန်းမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ များကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်