ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မေ   ၁၃


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်  တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်  ညောင်နှစ်ပင်အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိပြီး   စက်မှု၊   စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြား မည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

 


ရှင်းလင်းဆွေးနွေး


ထိုသို့ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီး က  စက်မှု၊ စိုက်ပျိုး၊  မွေးမြူရေး  ဘာသာရပ်များ တွဲဖက်သင်ကြားပေးရခြင်း၏   ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကျောင်း  ပညာရေး၏ အရေးပါပုံများ၊ သင်ကြားပေးမည့်   အစီအစဉ်များ၊  နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ ရရှိနိုင်မည့် အကျိုး ကျေးဇူးများ၊   ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့်   အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုဆိုင်ရာကိစ္စရပ်များကို   ရှင်းလင်းဆွေးနွေး ပြောကြားပြီး တာဝန်ရှိသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကာ   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင် ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့်ကွန်ပျူတာများ    တပ်ဆင်ထားရှိသည့်  အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် လှည်းကူး မြို့နယ်  ငါးဆူတောင်    အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ      တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို    ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။                         
 သတင်းစဉ်