
နေပြည်တော် အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်တွင် Zoom Webinar စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms Au-drey Azoulay ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Guterres ၊ နော်ဝေနိုင်ငံဝန်ကြီးချုပ် Ms Erna Solberg ၊ ဂါနာနိုင်ငံ သမ္မတ Mr Nana Akufo-Addo ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ms Baroness Sugg တို့က အဖွင့်မိန့်ခွန်းများ ပြောကြား ကြသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပညာရေး အစည်း အဝေး ကြေညာစာတမ်းကို ရှင်းလင်းဆွေးနွေးကာ ဆရာ များ အသင်းအဖွဲ့၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ နိုင်ငံအကြီးအကဲ ၁၄ ဦး၊ အထူးဧည့်သည် တော် ၁၄ ဦး၊ အာရှပစိဖိတ်ဒေသမှ ဝန်ကြီး ၁၀ ဦး၊ အာရပ် နိုင်ငံများမှ ဝန်ကြီး ရှစ်ဦး၊ ဥရောပနှင့် မြောက်အမေ ရိကမှ ဝန်ကြီး ၁၉ ဦး၊ အာဖရိကမှ ဝန်ကြီး ၁၆ ဦး၊ လက်တင်အမေ ရိကနှင့် ကာရစ်ဘီယံဒေသမှ ဝန်ကြီး ၁၁ ဦးတို့က Rei-magine and Re-commit to Education ခေါင်းစဉ်ဖြင့် တစ်ဦးချင်း ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လူတိုင်း အကျုံးဝင်ပညာရေး၊ သာတူညီမျှပညာရေးနှင့် အရည် အသွေးရှိသော ပညာရေးကို ဖော်ဆောင်ရာတွင် မူဝါဒ၊ စီမံကိန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေး ရှိသော ဒေတာအချက်အလက်တို့သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက် မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးတို့အတွက် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် အခမဲ့ KG+12 ပညာရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးလျက်ရှိပြီး ၂၁ ရာစု ကျွမ်းကျင်မှုများကို ဖြည့်ဆည်း ပေးနိုင်မည့် သင်ရိုးညွှန်းတမ်းအသစ်များကိုလည်း ရေးဆွဲ သင်ကြားသင်ယူလျက် ရှိပါကြောင်း၊ မြန်မာဒစ်ဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) နှင့် ဆင့်ပွားသင်တန်း များဖြင့် အခြေခံပညာ ဆရာ ဆရာမများ အားလုံးအား သင်ရိုးသစ်သင်တန်းများပေးပြီး ဖြစ်ပါကြောင်း၊ အထက် တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း။
IQ၊ EQ၊ ၂၁ ရာစု ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင် မည့် စာသင်ခန်းတွင်းသင်ယူမှု၊ အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုများမှတစ်ဆင့် လူတိုင်းအတွက် အကျိုး ရှိမည့် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများဖြင့် ကျွမ်းကျင်မှု၊ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးမှုများ ရရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ကျောင်းသင်ခန်းစာများကို မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း (MDEP)၊ ပညာရေး ရုပ်သံလိုင်းများနှင့် FM ရေဒီယိုများမှတစ်ဆင့် ထုတ်လွှင့်လျက် နေအိမ်မှ လေ့လာ သင်ယူနိုင်စေရန် အားပေးလျက်ရှိပါကြောင်း၊ အင်တာနက် မရရှိသော ဝေးလံခေါင်ဖျားဒေသများတွင် DBE Boxes နှင့် DBE Sticks များမှတစ်ဆင့် ဒစ်ဂျစ်တယ်ကျောင်း သင်ခန်းစာ များကို လေ့လာသင်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ပညာရေးပုံစံသစ်နှင့် လိုက်လျော ညီထွေမှုရှိစေရန် High-tech Learning နှင့် High-touch Learning တို့ကို မျှတစွာအားပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ပညာသင်ယူနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကျောင်း များ၊ တက္ကသိုလ်များအား နည်းပညာနှင့် အခြေခံအဆောက် အအုံများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသ များ၊ ဖွံ့ဖြိုးမှုအားနည်းသောဒေသများနှင့် အထူးလိုအပ် လျက်ရှိသော ဒေသများတို့ကို ဦးစားပေး ဖြည့်ဆည်းဆောင် ရွက်နေပါကြောင်းနှင့် ပညာရေး အထူးဝန်ဆောင်မှု အစီ အစဉ် (Special Needs Education Programme) ကို လည်း စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း။
အမျိုးသားပညာရေးဥပဒေတွင် အစိုးရအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးဘတ်ဂျက်တွင် ခွဲဝေသုံးစွဲ နိုင်စေရန် အားပေးထားပါကြောင်း၊ နိုင်ငံတော်အစိုးရက အမျိုးသား ပညာရေးဥပဒေနှင့်အညီ နှစ်စဉ်ပညာရေးအသုံး စရိတ်များ တိုးမြှင့်ပေးလျက်ရှိသဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုကို အရည်အသွေးမြင့်မားလာရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်-၄ (SDG-4) ၏ အညွှန်းကိန်းများ ပြည့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာငွေအထောက်အပံ့များဖြင့် ရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး (Education for Sustainable Development – ESD)ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း။
ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း စုပေါင်းအင်အားဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချကာ အရည်အသွေးရှိသော ပညာရေးကို ဖော်ဆောင်နိုင်မည် ဟုလည်း ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ယူနက်စကို ပညာရေးဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် Ms Stefania Giannini က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်