ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


 

နေပြည်တော် သြဂုတ် ၁၈


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (Covid-19 Economic Relife Plan-CERP)အရ ဖွင့်လှစ်သည့် ဝက်မွေးမြူရေးသင်တန်းသို့ ရောက်ရှိပြီး သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများအား တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန်လမှ စက်တင်ဘာလအတွင်း တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း၊ မေထုန်မဲ့ သားစပ်သင်တန်း၊ မွေးမြူထုတ်လုပ်မှုသင်တန်းများကို ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကျပ်သန်း ၁၄၄၀ အသုံးပြု၍ တိုင်းဒေသကြီး နှင့် ပြည်နယ် ရှစ်ခုရှိ မြို့နယ် ၁၀၀ ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ငမိုးရိပ် ရေလှောင်တမံ မိုင်နာမြောင်း DM-6 တွင် ငမိုးရိပ်ရေသောက် တောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချသူများ အဖွဲ့များနှင့် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ တောင်သူမိသားစုများ၏ ကျန်းမာရေး၊ လူမှုရေးအခြေအနေများမေးမြန်းပြီး ပြည်ထောင်စုဝန်ကြီး က အားပေးစကားပြောကြားကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ အမှတ်(၃၅) စက်မှု လယ်ယာစခန်းတွင် CERP အရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိကြပြီး ကောက်စိုက်စက် ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့်တိုင်းဒေသကြီး ခြောက်ခုတွင် ကောက် စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပေးခြင်း၊ ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်း၊ ကြားပေါင်းလိုက်ခြင်း စသည့် လုပ်ငန်းများကို ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) အရ ငွေကျပ် ၂၀၄ သန်း အသုံးပြုဆောင် ရွက်ပေးလျက်ရှိကာ တိုင်းဒေသကြီးနှင့်ပြည်နယ်၁၁ ခုတွင် လယ်ယာသုံးစက်ကိရိယာ၁၂၅၆ ဒသမ ၈၅ သန်းဖိုး ဖြန့်ဖြူး ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုန်းနှဲကုန်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဒေသနေ တောင်သူများနှင့်တွေ့ဆုံ၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ လုပ်ငန်းရပ်ဆိုင်းမှုရှိနေသော်လည်း စားနပ်ရိက္ခာဖူလုံမှုအပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရန်နှင့် တောင်သူများ၏ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ဆောင်ရွက် မှုအား အထောက်အကူဖြစ်စေရန် နိုင်ငံတော်က ကိုဗစ်- ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ရေးဆွဲချမှတ်ပေးမှုအပေါ် မိမိတို့ဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးမှာ ကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် တို့ က မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုး စရိတ်များ ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံ ရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် မိသားစုဥယျာဉ်ခြံစိုက်ခင်းများ အား ကြည့်ရှုစစ်ဆေး အားပေးကြသည်။
ယင်းနောက် သနပ်ပြင်ကျေးရွာ တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ဆေးကြည့်ရှု သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့ရှိ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ စိုက်ကွင်း တွင် CERP အရ စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းရောက်ရှိကြပြီး(RS to CS) မျိုးသန့်မျိုးပွားစိုက်ပျိုး ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးသည်။
ထို့နောက် စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှု စခန်းတွင် ပြည်ထောင်စုဝန်ကြီးက ဒေသနေ တောင်သူ များအား တွေ့ဆုံအမှာစကားပြောကြားပြီး ကျေးရွာအုပ်စု ၁၇ အုပ်စု မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက ၇၁၉ ဧကအတွက် CERP အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေကျပ် ၁၀၆၇၇၁၅၀၀ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ကျေးရွာအုပ်စု ၁၃ အုပ်စု မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၃၂၉ ဧကအတွက်CERP အရ စိုက်ပျိုးစရိတ် ထောက်ပံ့ငွေကျပ် ၄၈၈၅၆၅၀၀ ကို လည်းကောင်း ပေးအပ် ရာ အကျိုးဆောင်တောင်သူကိုယ်စားလှယ်များက လက်ခံ ရယူကြသည်။
ယခုအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ တောင်သူ ၃၈၀၊ စုစုပေါင်း စိုက်ဧက ၁၀၄၈ ဧကအတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်အရ မိုးစပါးမျိုးစေ့ ထုတ်စိုက် စရိတ် ငွေကျပ်စုစုပေါင်း ၁၅၅၆၂၈၀၀၀ ကို ထောက်ပံ့ပေး ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက တစ်သိန်းအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေးစီမံချက်အရ စုစုပေါင်းငွေကျပ် ၁၄၉၁၁ ဒသမ ၃၃ သန်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်