
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် FAO နှင့် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတက်ရောက်
============================================================
နေပြည်တော် နိုဝင်ဘာ ၆
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် FAO နှင့် ပူးပေါင်း ဆောင်ရွက်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအစီအစဉ် မူဘောင်(Country Program Framework - CPF) (၂၀၁၇-၂၀၂၂) အရ ဆောင်ရွက်မည့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရ ပြည့်မီရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေး၊ မြေနှင့်ရေအရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးဒဏ်ခံရမှုလျော့ပါးရေး အစီ အစဉ်ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ ဦးစားပေးအစီအစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အမယ်စုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် အာဟာရ ပြည့်ဝပြီး စားသုံးမှုနည်းပါးသော ဟင်းသီးဟင်းရွက်၊ သီးနှံ များ ပိုမိုတိုးမြှင့်စားသုံးရေး၊ ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး တိုးမြှင့်ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတု ပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာ ကဏ္ဍတွင် ကြုံတွေ့ရသည့် အကျိုးဆက်များအပေါ် ကျော်လွှားနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အသက်မွေးမှုနှင့် လူမှုဘဝ ပြန်လည်ထူထောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (AAPDRR)အား အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်