ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများအား တွေ့ဆုံ

 

နေပြည်တော်   မတ်    ၂


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း သည် ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့    ဧည့်ရိပ်သာခန်းမတွင် ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် နှင့် အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံသည်။

 


ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ရခိုင်ပြည်နယ် MSME အေဂျင်စီ ကို ဖွဲ့စည်းထားပြီးဖြစ်၍  အေဂျင်စီဥက္ကဋ္ဌက ဦးဆောင် ပြီး    ပြည်နယ်တွင်း  အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို ဦးစားပေးဆောင်ရွက်သွားရန်၊ နိုင်ငံတော် ဝန်ကြီးချုပ်၏   ခရီးစဉ်လမ်းညွှန်ချက်များ၊   MSME လုပ်ငန်းရှင်များ၏    တင်ပြဆွေးနွေးချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ MSME လုပ်ငန်းများ အား စနစ်တကျ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ရန်နှင့်    လိုအပ်ချက်များကိုလည်း   ဗဟိုအေဂျင်စီသို့ တင်ပြဆောင်ရွက်သွားရန် မှာကြားသည်။

 


ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ်က  MSME လုပ်ငန်းများအတွက် လိုအပ်သော သတင်းအချက် အလက်များ လျင်မြန်စွာ သိရှိနိုင်ရေးအတွက် MSME Web Portal ကို ရှင်းလင်းဆွေးနွေးသည်။

 


ဖေဖော်ဝါရီ   ၂၈   ရက်    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ရှိ ခရိုင် စက်မှုကြီးကြပ်ရေးနှင့်    စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ခရိုင်ဦးစီးဌာနမှူးက ဝန်ထမ်းအင်အား အခြေအနေ၊    စက်မှုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခဲ့မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြ ရာ နိုင်ငံတော်မှ အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိသဖြင့် ပြည်နယ် အတွင်းရှိ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးပြီး ရေရှည် ရပ်တည်နိုင်အောင်    အားသွန်ခွန်စိုက်    ကြိုးစား ဆောင်ရွက်ပေးရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ သိရှိကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် လုပ်ငန်းခွင်အရောက် မြေပြင်ကွင်းဆင်းဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ထားရန် လိုအပ်သလို ဝန်ထမ်းများကလည်း ကိုယ်ပိုင်အရည်အချင်းများ    မြင့်တက်လာအောင် အစဉ်အမြဲ   လေ့လာသင်ယူသွားကြရန်မှာကြားပြီး ဝန်ထမ်းများကို  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများ၏   တင်ပြချက်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

သတင်းစဉ်