
နေပြည်တော် ဇွန် ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဇွန် ၂၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်ဘူတာ၊ ပုသိမ်မြစ်အတွင်း မြစ်ကြမ်းခင်း မြေသားစွမ်းအင်မြှင့်တင်ပေးခြင်း လုပ်ငန်းနေရာ၊ ကမ်းနားလမ်းတိုးချဲ့ခြင်းနှင့် ကမ်းနားတစ်လျှောက် သာယာလှပရေးလုပ်ငန်းနေရာနှင့် အပြည်ပြည်ဆိုင်ရာ ရေအောက်ဆက်သွယ်ရေးစခန်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက် ၈ နာရီတွင် ပုသိမ်ဘူတာ၌ မြန်မာ့မီးရထားမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်ရေး၊ ရထားများ အချိန်မှန်ကန်မှုရှိစေရေး၊ ရထားလမ်းများကောင်းမွန် စေရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေး မှာကြားပြီး ပုသိမ်ဘူတာကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ အား ပုသိမ်မြစ် မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင်ခြင်းလုပ်ငန်းနေရာတွင် တာဝန်ရှိသူက ရေပြင်ပိုင်းနှင့် ဆက်စပ်သည့် ကုန်းတွင်းပိုင်းတွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပုသိမ်မြစ် အတွင်း မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင် ပေးခြင်းလုပ်ငန်း၊ ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်းလုပ်ငန်းနေရာများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဧရာရွှေဝါခန်းမ၌ ဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်း အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး (အပေါ်ပုံ) လိုအပ်သည်များကို မှာကြား ကာ ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ အပြည်ပြည်ဆိုင်ရာ ရေအောက် ဆက်သွယ်ရေးစခန်းသို့ ရောက်ရှိပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာက ရေအောက်ကေဘယ်ဆက်သွယ်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်