နေပြည်တော် ဇွန် ၂၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီကာလ အမျိုးသားဘောလုံး ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲများကို ဇွန် ၂၀ ရက်မှစတင် ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ အားကစားရုံ (C)၌ လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောဗိုလ်လုပွဲများကို အားကစားရုံ(B)၌ လည်းကောင်း ကျင်းပသည်။
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်အားပေးကြသည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ယခင်က အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများ၊ အာရှအဆင့် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များရရှိအောင်မြင် ခဲ့သည့် ဝန်ထမ်းများကို မွေးထုတ်ပေးနိုင် ခဲ့သော သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ဤအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ ဝန်ကြီးဌာနနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် တာဝန်ရှိသူအဆင့်ဆင့်မှ စဉ်ဆက်မပြတ် အားပေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများကို ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများကလည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိသောအသင်းများကို ပြည်ထောင်စုဝန်ကြီး၏ဇနီးနှင့် ဒုတိယဝန်ကြီး များ၏ ဇနီးများကလည်းကောင်း ဆုများ ချီးမြှင့် ပေးအပ်သည်။
ဆက်လက်ကျင်းပသွားမည်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အမျိုးသား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ အသင်း ၁၉ သင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲသို့ အသင်း ၁၁ သင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲသို့ အသင်း ၄ သင်း စုစုပေါင်း အားကစားသမား ၃၈၉ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား စားပွဲတင်တင်းနစ်နှင့် ဘောလုံးပြိုင်ပွဲများကိုလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းအင်အား ၇၀၀ ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



