
နေပြည်တော် အောက်တိုဘာ ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့မီးရထား၊ တံတားပေါင်အလုပ်ရုံ (မလွှကုန်း)၊ မလွှကုန်း ဘူတာယာဒ်ဝင်း၊ ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)၊ မြန်မာ့မီးရထားဆေးရုံ (အင်းစိန်)နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၊ တံတားပေါင်အလုပ်ရုံ (မလွှကုန်း) အလုပ်ရုံရှင်းလင်းဆောင်ခန်းမ၌ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မြန်မာ့မီးရထား ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံလုပ်ငန်းဆိုင်ရာများကို ဦးဆောင်ညွှန်ကြား ရေးမှူးက ရှင်းလင်းတင်ပြပြီး အထွေထွေမန်နေဂျာ (မြို့ပြ)က မြန်မာ့မီးရထားပြတိုက် ဆောက်လုပ်ရန် လျာထားသည့် မြေနေရာနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တံတားပေါင်အလုပ်ရုံ(မလွှကုန်း) လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မြန်မာ့မီးရထားပြတိုက် ဆောက်လုပ် မည့် လျာထားမြေနေရာသုံးခုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမဆောင်တွင် အထွေထွေမန်နေဂျာ (စက်မှုနှင့်လျှပ်စစ်)က စက်ရုံ၏လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း၊ ဒုတိယအထွေထွေ မန်နေဂျာ(ဆေး)က မြန်မာ့မီးရထားဆေးရုံ(အင်းစိန်) ၏ လုပ်ငန်းများဆောင်ရွက်မှုကို လည်းကောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်)၏ လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခုတင်(၅၀)ဆံ့ မြန်မာ့မီးရထားဆေးရုံ (အင်းစိန်)၌ ဆေးရုံရှိ ဆရာဝန်ကြီး၊ လက်ထောက် ဆရာဝန်နှင့် ဝန်ထမ်းများအားတွေ့ဆုံပြီး ဆေးရုံဝင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မွန်းလွဲပိုင်းတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ရှင်းလင်းခန်းမဆောင်တွင် ဦးဆောင်ညွှန်ကြားရေး မှူးမှ ရေယာဉ်တည်ဆောက်ပြုပြင်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ မြန်မာ့သင်္ဘော ကျင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များမေးမြန်း၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်