
နေပြည်တော် စက်တင်ဘာ ၃၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်မှ ကြီးမှူး၍ (၁၁) ကြိမ်မြောက် အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာ ဥပဒေဖိုရမ် (The 11th Inter- national Legal Forum of the Asia-Pacific Region) ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။
အမှာစကားပြောကြား
ဦးစွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦးသည် တက်ရောက်လာကြသည့် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အမှာစကား ပြောကြားခဲ့သည်။
လက်မှတ်ရေးထိုး
ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ‘အာရှနှင့် ပစိဖိတ်ဒေသတွင်း စီးပွားရေးအငြင်းပွားမှုများ ဖြေရှင်းခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Economic Dispute Resolution Procedures in Asia - Pacific)’ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် တရားစီရင်ရေးကဏ္ဍသည် စီးပွားရေးဆောင်ရွက်ချက်များအပေါ် များစွာ အကျိုးသက်ရောက်မှုရှိပါကြောင်း၊ မြန်မာနိုင်ငံ တရားစီရင်ရေး ကဏ္ဍအနေဖြင့် တိုးတက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုအခြေအနေများနှင့် လိုက်လျောညီထွေစွာ အငြင်းပွားမှုများ ကို တရားစီရင်ရေးအရ ဖြေရှင်းခြင်းနှင့် တရားစီရင်ရေးမဟုတ်သည့် အခြားနည်းလမ်းများဖြင့် ဖြေရှင်းခြင်း (Alternative Dispute Resolution) တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေအရ ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့် ယင်းတို့အကြား အငြင်းပွားမှုများကို အနုညာတ စီရင်ဆုံးဖြတ်ခြင်းဖြင့် ဖြေရှင်းနိုင်ပြီး ပြည်တွင်းပြည်ပ အနုညာတ ဆုံးဖြတ်ချက်များကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးများတွင် အတည်ပြု နိုင်ပြီဖြစ်ပါကြောင်း၊ ဒေသတွင်းတရားစီရင်ရေးအဖွဲ့အစည်းများနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနှင့် စင်ကာပူနိုင်ငံ တရား ရေးကဏ္ဍများအကြား ငွေကြေးဆိုင်ရာစီရင်ချက်များနှင့် ပတ်သက်၍ လမ်းညွှန်မှုစာချွန်လွှာ (MoG) ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မှုခင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်း အထူးတရားရုံးများကို ဆောင်ရွက်ရန် လေ့လာလျက်ရှိပြီး ယင်းမှုခင်းများနှင့် ပတ်သက်၍ နိုင်ငံတကာကျင့်သုံးမှုများကို တရား သူကြီးများအနေဖြင့် လေ့လာနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များကို ဥပဒေရှုထောင့်မှ လေ့လာ ခြင်းစာအုပ် (Case Study Book on International Transaction) ကို ထုတ်ဝေထားပါကြောင်း၊ လက်ရှိတွင် ကူးသန်းရောင်းဝယ်ဆိုင်ရာ မှုခင်းများကို တရားရုံးများတွင် စီရင်ပိုင်ခွင့်အလိုက် စစ်ဆေးစီရင်လျက် ရှိပြီး အမှုစီရင်ဆုံးဖြတ်ချက်များကို တရားရုံးအသုံးပြုသူများနှင့် အများ ပြည်သူ လေ့လာနိုင်ရန် စီစဉ်ထားပါကြောင်း၊ အမှုသည်များအကြား အချင်းချင်း သဘောတူညီချက်ဖြင့် အငြင်းပွားမှုများကို အချိန်ကုန် ငွေကုန်သက်သာစွာ ဖြေရှင်းနိုင်ရေးအတွက် တရားရုံးက ဦးဆောင် သည့် စေ့စပ်ဖြေရှင်းရေးစနစ်(Court-Led Mediation) ကို ၂၀၁၉ ခုနှစ် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သည့် ရလဒ်ကောင်းများရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ တရားရုံး များ၌ ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံ တကာနှင့် ဒေသတွင်းတရားစီရင်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နားလည်မှုစာချွန်လွှာများ ရေးထိုးခြင်း၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများတွင် ပါဝင်တက်ရောက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်