
နေပြည်တော် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) သင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အလုပ် ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာနများ မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်း အုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူး များ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုး များ တက်ရောက်ကြသည်။
လေ့ကျင့်သင်ကြားပေးလျက်ရှိ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)တွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအား မိမိ ဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် MSME လုပ်ငန်းများတွင် ဦးဆောင် ပါဝင်ဆောင်ရွက်စေရန်”ဟု လမ်းညွှန်မှာကြားချက်အရ သင်တန်း ဆင်း မောင်တို့ မယ်တို့ကို အဆိုပါ လမ်းညွှန်ချက်နှင့်အညီ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနများတွင် တာဝန်ပေး ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ နယ်စပ် ဒေသများရှိ တိုင်းရင်းသားလူငယ်များ အား ၎င်းတို့၏ နယ်စပ်ဒေသများ၌ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင် ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၄၆ ဦး၊ သိပ္ပံဘွဲ့ ၁၂၉၂ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၉၅၉ ဦး စုစုပေါင်း တိုင်းရင်းသားလူငယ်၂၇၉၇ ဦး ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းဆင်း တိုင်းရင်းသားလူငယ်များမှာ ဝန်ကြီးဌာန အသီးသီးတွင် ကျရာကဏ္ဍမှ နိုင်ငံ့တာဝန် များ ထမ်းဆောင်နေကြပါကြောင်း၊ တစ်ဖက်က နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက်ဖြစ်သည့် “အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာစေရန်” ဆိုသည့်အတိုင်း အဆင့် မြင့် ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူခဲ့ကြရာ ယနေ့အချိန်ထိ မဟာဝိဇ္ဇာ ဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ Ph.D ဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး ရရှိပြီးဖြစ်သည့်အတွက် များစွာအားရ ကျေနပ်ဖွယ်ဖြစ်ရပါ ကြောင်းနှင့် ယနေ့ သင်တန်းဆင်း မောင်တို့ မယ်တို့အနေဖြင့်လည်း အားကျ အတုယူကာ ဆက်လက်ကြိုးစားသွားကြ မည်ဟု ယုံကြည်ပါကြောင်း။
ကြိုးစားသွားကြရန်မှာကြား
အစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီး နှင့် ပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန်အတွက် မဖြစ်မနေ တတ်မြောက်ရမည့် အင်္ဂလိပ်စာ၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိ နိုင်ငံ ကောင်းကျိုးရရှိစေရေးအတွက် အသိ၊ သတိဖြင့် အထူးဂရုပြု လေ့လာကြ ရန်နှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွား ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စစ်မှန် သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို မမေ့မလျော့ နှလုံးသွင်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးဆောင်လမ်းပြ နိုင်မည့် ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ် မိမိကိုယ်ကို အမြဲနှလုံးသွင်းကာ နေထိုင်ကျင့်ကြံပြီး နိုင်ငံတော်က အားကိုး အားထားပြုရသည့် သားကောင်း၊ သမီးမွန်များ ဖြစ်လာအောင် ကြိုးစားသွား ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဝိဇ္ဇာဘာသာတွဲ ထူးချွန်ဆုရ ကျောင်းသူတစ်ဦးနှင့် သိပ္ပံဘာသာတွဲ ထူးချွန်ဆုရ ကျောင်းသားတစ်ဦးတို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီး ဌာန ကိုယ်စားလှယ်များက သင်တန်း ဆင်း ကျောင်းသား ကျောင်းသူ ၁၆၂ ဦးတို့ ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ သည် အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမ များ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုး များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန်ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား နှစ် ဦးနှင့် ဒီဂရီကောလိပ် ဘက်စုံဖွံ့ဖြိုးရေး အတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ လေးထပ် အင်ဂျင်နီယာ စာသင်ဆောင်၊ အဆင့်မြှင့်တင်လျက်ရှိ သည့် ဘောလုံးကွင်းနှင့် ပွဲကြည့်စင်၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စိမ်းလန်း စိုပြည်သာယာလှပရေးနှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟို လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများမှ သင်တန်းသား သင်တန်းသူများကို တွေ့ဆုံ အမှာစကားပြောကြား၍ ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်များ၊ ဆောက်လုပ်ဆဲ လေးထပ်အိပ်ဆောင်နှင့် စိုက်ပျိုးမွေးမြူ ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ယာဉ်၊ ယန္တရားကြီးများ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုများ၊ လူပျို၊ အပျိုဆောင်များ၊ ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရာသီ သီးနှံစိုက်ခင်းများနှင့် ငါးမွေးမြူရေးကန် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေ ရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်