ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

မိန့်ခွန်း
======
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း
=============================================================
 
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်)
=======================
 
အားလုံးမင်္ဂလာနံနက်ခင်းပါ၊
ကြွရောက်လာကြတဲ့ ဒုတိယ သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီး သီးမှ အရာထမ်းအမှုထမ်းများ၊ တိုင်းရင်းသားများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ကျောင်းသား ကျောင်းသူ များ၊ ဧည့်သည်တော်များ၊ နိုင်ငံ တစ်ဝန်းရှိ မိဘပြည်သူများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခတို့နဲ့ပြည့်စုံကြပါစေလို့ ဆုမွန် ကောင်း တောင်းအပ်ပါတယ်။
ကျေးဇူးတင်ရှိ
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖွင့်ပွဲကျင်းပရေး ဆပ်ကော်မတီနဲ့ လုပ်ငန်းအဖွဲ့များ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအတွက် အလှူရှင်များ၊ဝိုင်းဝန်းပံ့ပိုးကူညီသူများ အားလုံးတို့ ကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြော ကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ လည်း ယခုလိုတက်ရောက်နှုတ်ခွန်း ဆက်စကားပြောကြားပြီး ဖွင့်လှစ်ခွင့် ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက် ရပါတယ်။
ဒီနေ့ဟာ ကျက်သရေမင်္ဂလာ အပေါင်းခညောင်းတဲ့နေ့တစ်နေ့ဖြစ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသား အာဇာနည်ခေါင်းဆောင် ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ မြို့တော်လည်း ဖြစ်ပြီး ပြည်ထောင်စုနယ်မြေလည်း ဖြစ်တဲ့ နေပြည်တော်မှာ ပြည်ထောင်စု ကျေးဇူးရှင်ကြီးရဲ့ ကြေးရုပ်တုကို မင်္ဂလာရက်မြတ် အခါသမယမှာ တင့်တယ်ဝင့်ကြွား ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ စိုက်ထူနိုင်ခဲ့ လို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် ရဲ့ မြို့တော်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံ စေပြီး ပြည်ထောင်စုနယ်မြေဆိုတဲ့ ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်စေပါ တယ်။ တိုင်းရင်းသားပြည်သူများ ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ ကြမယ်လို့ နားလည်ထားပါ တယ်။
အနှစ်သာရရှိရှိ
ယခုလို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုစိုက်ထူတာဟာ သာမန် ကာလျှံကာ အသွင်သဏ္ဌာန်အရလုပ် နေကြခြင်းမဟုတ်ဘဲ နိုင်ငံရဲ့အရေးအရာများနှင့်စပ်လျဉ်းပြီး အနှစ်သာရ ရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ မျိုးဆက်သစ်လူငယ် များအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ် တည်ကြည်မှု၊ တိုင်းပြည်အတွက် ဖြူစင်တဲ့စေတနာ၊ သန့်ရှင်းတဲ့မေတ္တာ၊ မွန်မြတ်တဲ့လမ်း စဉ်တွေကိုအတုယူကြကာ တိုင်းကျိုး ပြည်ကျိုးသယ်ပိုးစေရန် လည်း ကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြတ်သားတဲ့ လက်ရုံးရည် နှလုံးရည်၊ သီလ၊ သမာဓိ၊ သိက္ခာ၊ ပြောင်မြောက် တဲ့ အသိပညာ၊ အတွေးအခေါ်၊ အယူ အဆတွေကိုလည်း အားကျလျက် တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန် စေရန်လည်းကောင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးမဖက် ရာထူး မမက် လွတ်လပ်ရေးအတွက် အသက် ပေးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသွား ခဲ့တာတွေကို နမူနာယူကြပြီး ဇာတိ သွေး ဇာတိမာန် ရှင်သန်စေရန်လည်း ကောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် မော်ကွန်းထိုးထားရမယ့် ကြီးကျယ် ခမ်းနားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်များကို စံပြုကြရန် လည်းကောင်း ရည်ရွယ်ချက်ကောင်း များရှိတယ်လို့ ကျွန်တော်ခံယူထားပါ တယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကိုမြင်တွေ့တိုင်း ဗိုလ်ချုပ် ရဲ့မူဝါဒလမ်းစဉ်တွေကို အကောင် အထည်ဖော်ရန် ကျန်သေးတယ်ဆိုတာ ကို မမေ့မလျော့စေရန်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတိုင်း ဗိုလ်ချုပ်ရဲ့အဆိုအမိန့် လုပ်ငန်းလမ်း ညွှန်တွေကို ဆောင်ရွက်ရန်ရှိသေးတာ ကို မလစ်ဟင်းကြစေရန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မျှော်မှန်းတမ်းတ ထုဆစ်ပုံဖော် လိုတဲ့ တိုင်းပြည်မျိုးဖြစ်အောင် ကြိုးပမ်းကြဖို့ တာဝန်ဝတ္တရားတွေ မပြီးသေးတာကို သတိမပြတ်ကြစေ ရန် မွန်မြတ်တဲ့ ဦးတည်ချက်တွေ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
 
လေ့လာမှတ်သားစရာ
 
ကျောင်းသားဘဝ၊ တို့ဗမာအစည်း အရုံးဝင် သခင်ဘဝ၊ တပ်မတော်သား ဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝတို့မှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ လေ့လာမှတ်သားစရာအလွန်များပြားလှပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းများကို စေ့င သေချာစွာ လေ့လာပါက ဗိုလ်ချုပ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း၊ ဘယ် အယူဝါဒ ရှိကြောင်း၊ မည်သို့သော အရည်အချင်းတွေရှိကြောင်း၊ မည်ကဲ့ သို့သော ခေါင်းဆောင်ကောင်းဖြစ် ကြောင်း ခွဲခြမ်းစိတ်ဖြာ သိမြင်လာနိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းများကို ဖတ်မှတ် ပြီး လိုက်နာကျင့်သုံးနိုင်သည်နှင့် အမျှ မိမိအတွက်ရော တိုင်းပြည်နှင့်ပြည်သူလူထုအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါ တယ်။ ဗိုလ်ချုပ်ရဲ့ စံပြုဖွယ်မိန့်ခွန်းများ မှ ကောက်နုတ်ချက်အနည်းငယ်မျှနှင့် ပင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဗိုလ်ချုပ်ရဲ့ ခေတ်ရှေ့ပြေးနေတဲ့ ဉာဏ်ရည်ဉာဏ် သွေးတို့ကို ထင်ထင်ရှားရှားသိမြင်နိုင် မှာဖြစ်တဲ့အတွက် ဗိုလ်ချုပ်ရဲ့ကျေးဇူးကို ဦးညွှတ်အလေးပြုပြီး ကျွန်တော့် အနေနဲ့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ လမ်းစဉ် လုပ်ငန်းလမ်းညွှန်အချို့ကို နိုင်ငံသူ နိုင်ငံသားများ ပြန်လည်သတိရ စေရန်အလို့ငှာ အခွင့်အခါကြုံခိုက် ရှင်းလင်းတင်ပြလိုပါတယ်။
မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မြူတစ်မှုန်သဲတစ်ပွင့်မျှ ဂရုမစိုက်ဘဲ လုံးဝလွတ်လပ်တဲ့ အချုပ်အခြာအာဏာ ပိုင်နိုင်ငံဖြစ်ရေးအတွက် စဉ်ဆက် မပြတ် အသက်ပေးပြီး ကြိုးပမ်းခဲ့တဲ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရပြီးတဲ့အခါ ဒီမိုကရေစီ ဝါဒကို ကျင့်သုံးရမယ်။ ဒီလိုကျင့်သုံးမှ သာလျှင် နိုင်ငံသူနိုင်ငံသားများ ဒီမို ကရေစီနဲ့လူ့အခွင့်အရေးများ ရရှိခံစား ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက် ကာ ငြိမ်းချမ်းရေး ရရှိနိုင်မှာဖြစ်ကြောင်း ကြိုတင်မူဝါဒ ချမှတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော် တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ် စားအောင်လုပ်ရမယ်၊ ဒီမိုကရေစီ ဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော် တယ်။ ဒီဝါဒသာငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကို သာ ကျွန်တော်တို့ ရည်ရွယ်ရမယ်” လို့ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထအကြိမ် မြောက် နိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေးမှာ အတိအလင်းမြွက်ကြားခဲ့ ပါတယ်။
 
သတိမမူ ဂူမမြင်
 
ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီ နှင့်စပ်လျဉ်းပြီးတော့လည်း နိုင်ငံသူ နိုင်ငံသားတွေ အလစ်အငိုက်မခံရစေဖို့၊ သတိမမူ ဂူမမြင်မဖြစ်စေဖို့ ပြောကြားခဲ့ တာတွေလည်း ရှိပါတယ်။ ၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှာ ကျင်းပတဲ့ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှာ “အခု ဒီမိုကရေစီတွေခေါ်နေတဲ့ တိုင်းပြည် များဟာ တကယ့် ဒီမိုကရေစီမဟုတ် သေးဘူး၊ ငါးမူးသုံးမတ်တစ်ပဲလောက် ပဲ ဒီမိုကရေစီတွေဖြစ်သေးတယ်”
“ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာ တဲ့အခါမို့ ရောယောင်ပြီးသံဖမ်းပြော ကြတာတွေလဲ အများကြီးပဲ ” စသည် ဖြင့် နိုင်ငံသူနိုင်ငံသားများ ဒီမိုကရေစီ အခွင့်အရေး မဆုံးရှုံးစေရန် ပြောကြား ခဲ့ပါတယ်။
 
အုပ်ချုပ်ရေးနှင့်စပ်လျဉ်းပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းက ၎င်း ကိုယ်တိုင် ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နိဒါန်းမှာ လူမှုဆက်ဆံရေးတရားမျှ တမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေ အရာတွင် ညီမျှမှုတို့ကို နိုင်ငံသား အားလုံးတွင် တန်းတူရည်တူ ရရှိခံစား နိုင်စေခြင်းငှာ အခိုင်အမာသန္နိဋ္ဌာန် ချရန် လမ်းညွှန်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတို့ရဲ့ လွတ်လပ်မှု နဲ့ လုံခြုံမှုကိုကာကွယ်ပေးတဲ့ အုပ်ချုပ် ရေးယန္တရားဖြစ်စေရန်၊ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာစေရန် ရည်သန်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းသူပြည်သားဆန္ဒအရမဟုတ်ဘဲ၊ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ် လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေရင် အများ ပြည်သူတို့ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမို ကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာ နိုင် တယ်။” လို့ သတိထားကြရန်ပြောခဲ့ ပါသေးတယ်။
 
မိန့်ဆိုခဲ့
 
ဒါ့အပြင် တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော် နှင့် စပ်လျဉ်း၍လည်းလိုက်နာရန် ယခု လို မိန့်ဆိုခဲ့ပါသေးတယ်။ “ဗမာ့လွတ် လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ အလျဉ်းစွက် ဘက်ခြင်း ပြုလိမ့်မည်မဟုတ်၊ ဗမာ့ လွတ်လပ်ရေးတပ်မတော် ဗိုလ်များနှင့် တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ် ချုပ်ရေး ကိစ္စများနှင့်ပတ်သက်၍ ပါဝင် စွက်ဘက်ခြင်း အလျဉ်းမရှိစေရ”လို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးကို ရည် ရွယ်၍ ဆောင်ရန်ရှောင်ရန်ကိုလည်းလမ်းညွှန်ခဲ့ကြောင်း ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေးဂန္ထဝင်စာအုပ် တွင် လေ့လာတွေ့ရှိရပါတယ်။
 
တစ်ဖန် တပ်မတော်ဖခင်ကြီးက တစ်မျိုးသားလုံး ညီညွတ်ရေးကို ရည် ရွယ်ပြီး “ဒီတပ်မတော်ဟာ လူတဦး တယောက်အတွက် တည်ထောင် ထားတာမဟုတ်ဘူး၊ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာတဖွဲ့တပါတီ လူတစု အတွက် တည်ထောင်ထားတာ မဟုတ်ဘူး၊ တနိုင်ငံလုံးတမျိုးသားလုံးအတွက်ဖြစ်တယ်”ဟု မည်သို့သောတပ်မတော်မျိုးဖြစ်သင့်သည်ကို အထူး သတိပြုဆင်ခြင်ဖွယ်ရာ မိန့်ကြားခဲ့ တာကို ဗိုလ်ချုပ်အောင်ဆန်း၏ရှားပါး မိန့်ခွန်းတွင် ဖတ်ရှုရပါတယ်။
 
သဘောတူခဲ့
 
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်း သားများအရေးနှင့် စပ်လျဉ်း၍လည်းတောင်တန်းဒေသများအတွက် နယ် တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်းကို ပင်လုံစာချုပ် အပိုဒ်- ၅တွင် လက်ခံခဲ့ပါ တယ်။ “တောင်တန်းဒေသရှိ ပြည်သူ တို့သည် ဒီမိုကရေစီ တိုင်းပြည်များ တွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့် များဟု သတ်မှတ်ထားသည့် အခွင့် အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်”ဟုလည်း ပင်လုံစာချုပ် အပိုဒ် - ၇ တွင် သဘောတူခဲ့ပါတယ်။
ဒါ့အပြင် ၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှာ ကျင်းပတဲ့ ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံတွင် ဗိုလ်ချုပ် အောင်ဆန်းက “ကျွန်တော့်အမြင် အရဆိုရင်တော့ အထက်လူမျိုးရေး အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုး တွေကို စည်းကမ်းသတ်မှတ်ပေးပြီး တော့ (Unitary State) လူမျိုးကြီး တမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ထောင်လို့မဖြစ်ဘူး၊ ပြည်ထောင်စု သဘောမျိုးပဲ ဖြစ်ရမှာဘဲ”လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် တည် ထောင်ရန် ရှင်းလင်းစွာလမ်းညွှန်ခဲ့ သည်မှာ ဗိုလ်ချုပ်ရဲ့မွန်မြတ်တဲ့ စေတနာနဲ့ ဖြူစင်တဲ့သဘောထားကိုကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေ ပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စိတ်ဓာတ်မှန် လုပ်ရပ်မှန် အနစ်နာခံခဲ့ပါတယ်။
 
အမြော်အမြင်ကြီးစွာ
 
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေး၊ စည်းရုံးရေး စွမ်းရည်ရှိမှု၊ တပ်မတော် ကို ဦးဆောင်ဖွဲ့စည်းနိုင်မှု၊ တိုင်းရင်း သားလူမျိုးများ စည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်မှု၊ တိုင်းရင်းသား ပြည် သူအပေါင်းက ချစ်ခင်လေးစား အားကိုး ယုံကြည်မှု စသည်တို့ကို သိမ်းကျုံး ရရှိထားပြီး တုဖက်ကင်းတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ပြည်သူလူထု ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊စစ်ရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းပြည်နဲ့ ပြည်သူလူ ထုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ ညီညွတ်ရေးစတဲ့ နယ်ပယ်စုံကဏ္ဍ စုံမှာ ယခုလိုမူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်း လမ်းညွှန်ချက်များကို အမြော်အမြင်ကြီးစွာ ညွှန်ပြခဲ့သော် လည်း ယခုထိတိုင် ပြီးပြည့်စုံအောင် အကောင်အထည် မဖော်နိုင်ကြသေး တာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရ မှာဖြစ်ပါတယ်။
 
ကြိုးပမ်းလျက်ရှိ
 
ဒါ့ကြောင့် ကျွန်တော်တို့အစိုးရ အနေနဲ့ အမျိုးသားအာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသားခေါင်းဆောင် ကြီးများ မျှော်မှန်းခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလျက်ရှိပါ တယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။ ဒီမို ကရေစီထွန်းကား၍ တည်တံ့ခိုင်မြဲ သော ပြည်ထောင်စုကြီးအဖြစ် တည် ထွန်းစေရန်ရည်သန်ပြီး ဖြစ်ပါတယ်။ အခြေခံလူ့အခွင့်အရေးများကို အာမခံ မည့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက် ထားရှိပြီးလည်း ဖြစ်ပါတယ်။ အာဏာ ရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ် စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည် ထွန်းကားလာခြင်း မရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
 
ဝိုင်းဝန်းအားပေးကူညီ
 
ဒီလိုမွန်မြတ်တဲ့ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံ တော်အစိုးရက ကြိုးစားဆောင်ရွက် နေပါတယ်။ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား ကျောင်းသူ၊ တိုင်းရင်း သားများအားလုံးကလည်း အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ကျေးဇူးဆပ်သောအားဖြင့် ဝိုင်းဝန်း အားပေးကူညီကြရန် ပန်ကြားအပ်ပါ တယ်။
 
ကျွန်တော်တို့အနေနဲ့ ဤကဲ့သို့ ကျေးဇူးတရားကြီးမားတဲ့ ဗိုလ်ချုပ် အောင်ဆန်းအား မည်သို့မျှမမေ့ မပျောက်နိုင်ပါ။ ရာဇဝင်တွင်လောက် တဲ့ ဗိုလ်ချုပ်ရဲ့ အဆိုအမိန့်များနဲ့ မော်ကွန်းထိုးလောက်တဲ့ သက်စွန့် ကြိုးပမ်း စွမ်းဆောင်ချက်များမှာ လည်း ထာဝရ တည်တံ့နေမယ်လို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ်ကျင့်သုံးခဲ့ တဲ့လမ်းစဉ်၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ၊ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ပန်းတိုင်တို့ကို ကျွန်တော်တို့နဲ့အတူ ပြည်သူလူထုကြီးကပါ လိုက်နာ အကောင်အထည်ဖော်ရင်း ဗိုလ်ချုပ် ကို မမေ့ကြသေး ကြောင်းပြသကြပါစို့။ တိုင်းရင်းသားလူမျိုးများအားလုံးကို စုစည်း ဦးဆောင်ကာ ဗိုလ်ချုပ် တည်ဆောက်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ရေးတို့ကို ထိန်း သိမ်းကာကွယ်ကြပါစို့၊ ဗိုလ်ချုပ် ရည်ရွယ်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပန်းတိုင်သို့အရောက် စည်းလုံး ညီညွတ်စွာ ချီတက်ကြပါစို့လို့ အလေးအနက် သန္နိဋ္ဌာန်ပြုကြရန် တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ် ပါတယ်။
 
အားလုံးကိုကျေးဇူးတင်ပါတယ်။