ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၄၇) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက် ချစ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများ ခင်ဗျား - ယနေ့ မတ်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၄၇) နှစ် မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခွင့် ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သူပြည်နယ် သားများ၊ မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာ နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။ မွန်ပြည်နယ်သည် ယခင်တနင်္သာရီတိုင်းအမှတ် (၁) အတွင်း ပါဝင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၀၊ ပုဒ်မခွဲ (ဂ) တွင် တနင်္သာရီတိုင်းအမှတ် (၁)ကို မွန်ပြည်နယ်ဟု ကမ္ပည်းတင်ရေးသား ခဲ့သည့် မတ်လ (၁၉) ရက်နေ့ကို “မွန်ပြည်နယ်နေ့” အဖြစ် သတ်မှတ် ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၄၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မွန်တိုင်းရင်းသားတို့သည် အခြားညီနောင်ဘွား တိုင်းရင်းသားမျိုးနွယ်စုတို့နှင့်အတူ ပြည်ထောင်စုအတွင်း အေးအတူ ပူအမျှ နေထိုင်ခဲ့ကြပါသည်။ ထိုသို့နေထိုင်ခဲ့ကြရင်း နယ်ချဲ့လက်အောက်ကို ကျရောက်သွားခဲ့ချိန်တွင်လည်း အခြားတိုင်းရင်းသားများနှင့်အတူ ဆုံးရှုံးထားသော လွတ်လပ်ရေးကို ပြန်လည်ရယူရာတွင်လည်း ကောင်း၊ ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ရေးတို့တွင်လည်းကောင်း စုပေါင်းလက်တွဲပါဝင်ခဲ့ကြပြီး ဥမကွဲ သိုက်မပျက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နေထိုင်လာခဲ့ကြပါသည်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်လျက်ရှိသော အခြားတိုင်းရင်း သား မျိုးနွယ်စုများကဲ့သို့ပင် မွန်တိုင်းရင်းသားတို့သည် ရှည်လျား လှသောသမိုင်းစဉ်နှင့် အဆင့်မြင့်သော ယဉ်ကျေးမှုတို့ကို ပိုင်ဆိုင်သည့် လူမျိုးများဖြစ်ပါသည်။ ထိုကဲ့သို့ ကောင်းမြတ်သည့် သမိုင်းအစဉ် အလာကို ဆက်လက်ထိန်းသိမ်း၍ တိုင်းရင်းသားများအချင်းချင်း ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်ရေးသည် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် အလွန်ပင် အရေးကြီးလှပါသည်။ မွန်ပြည်နယ်တွင် မွန်နှင့် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့်ပအိုဝ့် စသည့်တိုင်းရင်းသား များလည်း အတူတကွ ချစ်ကြည်အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတ၍ စိမ်းလန်းစိုပြည် သည့် သစ်တော၊ မြစ်ချောင်း၊ ပြန့်ပြူးသာယာသည့် ပင်လယ်ကမ်းခြေ အလှတို့နှင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးများအလိုက် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများ ထွန်းကားရာ ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ ဤကဲ့သို့ရရှိပြီးသော အခြေအနေကောင်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူများအားလုံးက စည်းလုံးချစ်ခင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့မှသာ မိမိတို့ ဦးတည်ရည်မှန်းထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို အောင်မြင်ချောမောစွာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီးချိန် မှစ၍ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့် ရိုက်ခတ်မှုကြောင့် ခါးသီးသော အတွေ့အကြုံများကို ခံစားခဲ့ရပြီးဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်းကြား နိုင်ငံရေးအယူဝါဒ မတူညီမှုများနှင့် သံသယများကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်း မပြုနိုင်သည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ညီရင်းအစ်ကိုမောင်နှမများကဲ့သို့သော တိုင်းရင်းသားများအကြား ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် အစိုးရအဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း အရင်းခံပြဿနာဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ယနေ့ထိတိုင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးခြင်းဖြစ်ပါသည်။ ပဋိပက္ခများ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့သည့်အတွက် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံ များထက် နောက်ကျခဲ့ရပါသည်။ ယနေ့အချိန်အခါကာလတွင် ထိုခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံး အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် လက်တွဲဖော်ဆောင်ရမည့် အချိန်အခါ ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်း နိုင်ရေးအတွက် အခြေခံကောင်းများကို ကြိုးပမ်းတည်ဆောက်လျက် ရှိပါသည်။ ဤကဲ့သို့ကြိုးပမ်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ် ဖော်ဆောင်လျက်ရှိပါသည်။ အဆိုပါဦးတည်ချက်များတွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးသည် တစ်ချက်အပါအဝင်ဖြစ်ပြီး နိုင်ငံတော်အစိုးရ သည် အထူးအလေးထား လုပ်ဆောင်လျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ့်နှင့် ကျန်တိုင်းရင်းသားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ပြည်ထောင်စု တိုင်းရင်းသားသွေးချင်းများ ပီပီ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးတို့ကို တက်ညီ လက်ညီဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း (၄၇) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။