
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား-
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ မင်္ဂလာ အခါသမယ၌ ချင်းပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေထိုင်လျက်ရှိကြသော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ကျွန်ပြုပြီးသည့်နောက် တောင်တန်းနှင့် မြေပြန့်ဒေသများကို သွေးခွဲအုပ်ချုပ်ခဲ့ပါသည်။ ချင်းတိုင်းရင်းသားတို့သည် ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ရန် အသက်သွေးချွေး အိုးအိမ်စည်းစိမ်များစွာကိုစတေးပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ လွတ်လပ်ရေး ရရှိပြီးသည့်နောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူထုညီလာခံကျင်းပပြီး တိုက်သူကြီးများ(စော်ဘွားများ) အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ် ခဲ့ကြပါသည်။ အုပ်ချုပ်ရေးစနစ်ဟောင်းမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည့် ဖလမ်းမြို့၊ လူထုညီလာခံကျင်းပခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို “ချင်းအမျိုးသားနေ့” အဖြစ် ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် သတ္တမအကြိမ် ချင်းရေးရာကောင်စီညီလာခံက ရွေးချယ်သတ်မှတ် အတည်ပြုခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ အစပြုပြီး သတ်မှတ်ခဲ့သည့် ချင်းအမျိုးသားနေ့သည် ယခုအခါ (၇၃) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ ချင်းအမျိုးသားနေ့သည် ဘာသာစကား၊ ယဉ်ကျေးမှုသမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ထုံးတမ်းအရ တူညီသည့် ချင်းမျိုးနွယ်စုဝင်အားလုံးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ချင်းပြည်နယ်သည် သဘာဝပထဝီအနေအထားအရ မြောက်မှတောင်သို့သွယ်တန်းနေသည့် တောင်တန်းများ၊ ရှားပါးအပင်များပေါက်ရောက်ပြီး ရှားပါးသတ္တဝါများခိုအောင်းရာ ခေါနူးစုမ်တောင်၊ လှပသည့်ရိဒ်ရေကန်၊ ကုလားတန် မြစ်၊ မဏိပူရ်မြစ်၊ ဘွေနူးမြစ်၊ ဘုံတလာရေတံခွန် စသည့် လှပသည့်သဘာဝအရင်းအမြစ်များတည်ရှိရာ ပြည်နယ်တစ်ခု ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည်နှင့်အမျှ သဘာဝခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပါသည်။
ချင်းအမျိုးသားနေ့သည် ချင်းပြည်နယ်အတွင်း အုပ်ချုပ်ရေးအာဏာနှင့် အခွင့်အရေးအားလုံးကို စော်ဘွားများ၊ တိုက်သူကြီးများ၊ ရွာသူကြီးများကသာ သားစဉ်မြေးဆက်အမွေဆက်ခံကာ ၎င်းတို့လက်ဝယ်ထားရှိသည့် ပဒေသရာဇ် အမွေ၊ ကိုလိုနီအမွေ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းအား ဒီမိုကရေစီစနစ်နှင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သောနေ့ဖြစ်ပြီး ချင်းမျိုးနွယ်စုဝင်အားလုံးအတွက် လေးနက်သောအဓိပ္ပာယ်ရှိပြီး အနှစ်သာရပြည့်ဝသော သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ချင်းတိုင်းရင်းသားတို့သည် နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်တို့အား ဆန့်ကျင်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတို့တွင် အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တွင်လည်း ချင်းအမျိုးသားများသည် အခြားတိုင်းရင်းသားများနှင့် ကောင်းတူဆိုးဖက်၊ အေးအတူပူအမျှ၊ ပြည်ထောင်စုကြီးအတွင်း အတူတကွလက်တွဲပြီး ညီညီညွတ်ညွတ်နေထိုင်ခဲ့ကြပါသည်။ ချင်းတိုင်းရင်းသားအနွယ်ဝင် အချင်းချင်းသော်လည်းကောင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့်အတွက် ချင်းအမျိုးသားအများစုတို့နေထိုင်ရာ ချင်းပြည်နယ်သည် ယေဘုယျအားဖြင့် တည်ငြိမ်အေးချမ်းခဲ့ပါသည်။
သို့ဖြစ်ပါ၍ တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းတောင်တန်းများအပေါ်တွင် ဆက်သွယ် သွားလာရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းများအသစ်ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင် ခြင်းများ ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ အလားတူ ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများဖွင့်လှစ်ပေးခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများ ပြုပြင်ပေးခြင်းနှင့် ဆရာ/ဆရာမများ တိုးချဲ့ခန့်ထားပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ချင်းပြည်နယ်အနှံ့အပြားတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေး၊ ဖလမ်းမြို့တွင် ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းနှင့် ပလက်ဝမြို့တွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကဏ္ဍအလိုက် သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေပြီဖြစ်ပါသည်။ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ချင်းတိုင်းရင်းသား ပြည်သူများကလည်း လက်တွဲကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုရိုးရာဓလေ့ ပွဲတော်များ၊ ဘာသာစကား၊ စာပေနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ချင်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့်လည်း မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် မြှင့်တင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ မတူညီသော တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဘာသာ၊ စာပေတို့သည် ပြည်ထောင်စု၏ ပဒေသာစုံ အလှတရားများပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ စာပေများကို ယခုထက်မကတိုးမြှင့်ပြီး ထိန်းသိမ်းကာကွယ်၍ ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်းလိုပါသည်။
ချင်းတိုင်းရင်းသားများအနေဖြင့် ဒေသအလိုက် ဘာသာစကားနှင့်စာပေ မတူညီကြသော်လည်း “မတူကွဲပြားမှုကို စည်းလုံးမှုအင်အားတစ်ရပ်” (Unity in diversity) အဖြစ် အသုံးချတတ်ပြီး ချင်းပြည်နယ်ကြီးတစ်ခုလုံး ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်လာစေရန်၊ စွမ်းရည်နှင့် စွမ်းအားရှိသော လူသားအရင်းအမြစ်များ ပိုမိုတည်ဆောက်နိုင်ရန် လိုအပ် ပါသည်။ အစဉ်အလာကြီးမားပြီး ချင်းလူမျိုးများ တစ်လုံးတစ်ဝတည်း စုစည်းစေခဲ့သော အောက်ချင်းငှက်ပမာ သစ္စာရှိမှု၊ ပွင့်လင်းမှု၊ အမှန်တရားကိုချစ်မြတ်နိုးမှုများသည် လက်ရှိချင်းတိုင်းရင်းသားများ၏ ဓလေ့စရိုက်များဖြစ်ပြီး ယင်းစရိုက်ကောင်းများဖြင့် နိုင်ငံတော်ကြီးကို စောင့်ထိန်းကာကွယ်ဖို့ တာဝန်ရှိမည်ဖြစ်ပါသည်။
ပြည်ထောင်စုသားအားလုံးနှင့် တိုင်းရင်းသားပြည်သူအားလုံးတို့က လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပြည်ထောင်စု အောင်မြင်စွာတည်ဆောက်နိုင်ရေး အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ (၁၀) နှစ်တာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ် ထားပြီး ပြည်သူနှင့်လက်တွဲ၍ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနှင့်အတူ ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ခိုင်မာသည့်ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းရင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ