
ငြိမ်းချမ်းရေး၏အရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း
ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်
ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား -
ယနေ့ ဇန်နဝါရီလ(၁၀)ရက်နေ့သည် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်ပါသည်။
ယခုကဲ့သို့ နေ့ထူးနေ့မြတ် အခါသမယတွင် ကချင်ပြည်နယ်အတွင်း ရှိ ကချင်တိုင်းရင်းသားမျိုးနွယ်စုများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြ ပါစေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းလွတ်၍ ကျန်းမာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် တိုင်းရင်းသား လူမျိုးစုအားလုံးတို့သည် မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံး ညီညွတ်စွာဖြင့် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေထိုင်ခဲ့ ကြပါသည်။ နိုင်ငံတော်တွင် စည်းလုံးညီညွတ်မှုပြိုကွဲ၍ အဘက်ဘက်မှ အင်အားနည်းပါးချိန်တွင် မိမိထက်အဆမတန် အင်အားကြီးမားသော
ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရပြီး အချုပ် အခြာအာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပါသည်။ ထိုသို့ နယ်ချဲ့ လက်အောက် ကျရောက်ခဲ့သော်လည်း တိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ သူ့ကျွန်မခံလိုသူများက မျိုးချစ် စိတ်ဓာတ်ထက်သန်စွာဖြင့် မိမိတို့အသက်ကို ပဓာနမထားဘဲ နယ်ချဲ့တို့ကို တော်လှန်ခဲ့ကြပါသည်။ မကြာမီကျရောက်တော့မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခြေခံပင်လုံစာချုပ်ဖြင့် သူ့ကျွန်ဘဝမှလွတ်မြောက်ကာ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ မိမိတို့ တိုင်းရင်းသားအားလုံး၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ မျိုးချစ်စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုတို့ကြောင့်ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံး အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ(၁၀)ရက်နေ့ကို “ကချင်ပြည်နယ် နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၄)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လာချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါးစသည့် ကချင်မျိုးနွယ်စုများ၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီး စသည့်ရှမ်းမျိုး နွယ်စုများနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြားတိုင်းရင်း သားမျိုးနွယ်စုအပါအဝင် လူဦးရေစုစုပေါင်း (၁၇)သိန်းကျော် ချစ်ကြည် ရင်းနှီးစွာ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။
ကချင်ပြည်နယ်သည် အဖိုးတန်သဘာဝသယံဇာတများ ဖြစ်သည့် ရွှေ၊ ကျောက်စိမ်း၊ ပယင်းစသောအဖိုးတန်သယံဇာတများ ပေါများ ကြွယ်ဝသကဲ့သို့ သာယာလှပသည့် တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်ကောင်းများကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင် မြစ်ဖျားခံရာ ဒေသတစ်ခုလည်း ဖြစ်ပါသည်။
ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာ အကအလှများ၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများမှာ ပျော်ရွှင်ချမ်းမြေ့ စရာ ဖြစ်ပါသည်။ ကချင်ရိုးရာမနောပွဲနှင့် ထောင်ကာအကတို့မှာ ပြည်တွင်းသာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသော တိုင်းရင်းသား အမွေအနှစ်များ ဖြစ်ပါသည်။
မိမိတို့ တိုင်းရင်းသားအားလုံးသည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြ သူများ ဖြစ်ပါသည်။ အမျိုးသားရေးလက္ခဏာများနှင့် အမျိုးသား ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်လျက်ရှိရာ အမျိုးသားရေးစိတ်ဓာတ်ရှိကြရန် အလွန် အရေးကြီးသော အချိန်ကာလဖြစ်ကြောင်း အသိပေးလိုပါသည်။
သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသောကြောင့် သဘာဝအလှအပများကို အပြည့်အဝ မခံစားနိုင်သေးသကဲ့သို့ သဘာဝသယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရပါသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၏ အရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ပါသည်။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့် အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာ စေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ် ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းရင်းသားညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် ပေးလျက်ရှိပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူညီသော စိတ်ဆန္ဒများရှိရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင် သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူအားလုံးကလည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်း ပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားကြစေရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် သတိရှိရှိ ဆောင်ရွက်ပေးကြရန် မှာကြားလိုပါသည်။
နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုမရှိပါက ဆက်လက် လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော
တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍ အားလုံးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံနှင့်လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှု မျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှား နိုင်မည်ဟု အပြည့်အဝယုံကြည်ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော် အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏ အန္တရာယ် ကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးထားတိုက်တွန်း အပ်ပါသည်။
သို့ဖြစ်ရာ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလား တောင့်တသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါ ဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကချင်ပြည်နယ်နေ့အခါသမယ တွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ် ပါသည်။
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု များကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်း စွမ်းဆောင်နိုင်သူများဖြစ်ကြပါစေ၊ ပြည်နယ်အကျိုး၊ ပြည်နယ်သား များ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ၏အကျိုး သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ် ပါသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ