
နေပြည်တော် ဇူလိုင် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအေးထွန်း၊ ဦးထွန်းအုံ၊ ဗိုလ်မှူးချုပ် လူမွန်နှင့် ဦးသန့်စင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်
အစည်းအဝေးတွင် ဦးစီးကော်မတီနာယက က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်စွဲပါစာဖြင့် အခမ်းအနားကျင်းပရေးဦးစီးကော်မတီကို နာယက၊ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့်လည်းကောင်း၊ လုပ်ငန်းကော်မတီကို ဒုတိယဝန်ကြီးဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည် နှစ်စဉ်ကျင်းပ နေသည့် အခမ်းအနားဖြစ်သော်လည်း ယခုကာလ တွင် ကိုဗစ်-၁၉ ဗီဇပြောင်း ကူးစက်မြန်ရောဂါ ပြန်လည်တွေ့ရှိနေသည့် ကာလနှင့် တိုက်ဆိုင်နေ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဆိုပါကပ်ရောဂါ ( Third Wave) ကို အမြန်ဆုံး ချုပ်ငြိမ်းရန် စနစ်တကျ ကိုင်တွယ်ထိန်းချုပ်ကုသ နေသည့်ကာလလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် အခမ်းအနားကျင်းပသည့်အခါ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
မွန်မြတ်သည့် ကာလဒါနအလှူ
ယခုကျင်းပမည့်အခမ်းအနားသည် ဗုဒ္ဓဘုရားရှင် က ဝိနည်းသိက္ခာပုဒ် နှစ်ခု ပညတ်၍ သုံးစွဲရမည့် ကာလနှင့် အတိုင်းအတာပမာဏကို ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး သံဃာတော်များအတွက် မိုးတွင်းကာလ အတွင်း မိုးရေခံသင်္ကန်းများ ဆက်ကပ်လှူဒါန်းခွင့် ပြုရန် ဝိသာခါကျောင်း အမကြီး၏လျှောက်ထား ချက်အပေါ် ခွင့်ပြုခဲ့ခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် မိုးရေခံသင်္ကန်းအလှူ တစ်နည်းအားဖြင့် ဝါဆို သင်္ကန်းဆက်ကပ်ခြင်း အခမ်းအနားဖြစ်သည့်အတွက် မွန်မြတ်သည့် ကာလဒါနအလှူလည်းဖြစ်ကြောင်း၊ ကျောင်း၊ သင်္ကန်း၊ ဆေး၊ ဆွမ်း လေးပါးအနက် သင်္ကန်းကို မပင်မပန်း ဆက်ကပ်လှူဒါန်းရသည့် အတွက် လက်တွေ့ဘဝတွင်သာမက နောင်အနာဂတ် ဘဝအတွက်ပါ အကျိုးကျေးဇူးများခံစားရမည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်သက်ဝင်ကြပါ ကြောင်း၊ ထို့ကြောင့် ဝါဆိုကာလရောက်တိုင်း ဗုဒ္ဓဘာသာဝင်တိုင်းက ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းကို အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်အနေဖြင့် ဝါဆိုကာလတွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ပြည့်စုံတော်မူသည့် သံဃာဥသျှောင် သံဃာတော် များကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ဗုဒ္ဓ၏အလိုဆန္ဒအတိုင်း မိုးရေခံသင်္ကန်း တစ်နည်း အားဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းဖြစ်ပြီး မွန်မြတ် သည့်အလှူတော်မင်္ဂလာလည်း ဖြစ်ကြောင်း၊ ယခုနှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီး နှစ်ပါး၊ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော် ကိုးပါး၊ နေပြည်တော် သံဃနာယကဆရာတော် လေးပါး၊ မြို့နယ် သံဃနာယက ဆရာတော်ကြီးများနှင့် စာသင်တိုက် ပဓာနနာယက ဆရာတော်များ စုစုပေါင်း ၂၇ ပါးကို ပင့်လျှောက်ကာ နိုင်ငံတော်အဆင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း။
ရောဂါများမဖြစ်ပွားစေရန် အရေးကြီး
သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း သတိ၊ ဝီရိယ မမေ့မလျော့ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ပြင်ဆင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာ၌ ဆွမ်း စသည့်ဝေယျာဝစ္စများ တွင် မိုးတွင်းကာလနှင့် ပတ်သက်သည့် ရောဂါများ မဖြစ်ပွားစေရန် အရေးကြီးပြီး ဘက်ပေါင်းစုံရှုထောင့် ပေါင်းစုံမှ အထူးဂရုပြု ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့အတူ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာလဖြစ်သည့်အတွက် တက်ရောက်လာ သည့် ဆရာတော်၊ သံဃာတော်ကြီးများနှင့် ဝေယျာဝစ္စ ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက် များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ပြီးသည့်ကိစ္စရပ်များ၊ ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ဆောင်ရွက် ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေးတင်ပြ
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးအေးထွန်း က လုပ်ငန်းကော်မတီက ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးနှင့် အခမ်း အနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ သံဃာတော် များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေး ဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေး ဆပ်ကော်မတီ နှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမောင်မောင်ဝင်းတို့က ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးဦးစီး ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ အခမ်းအနားကျင်းပရေးဦးစီး ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၂၁ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆက်ကပ်လှူဒါန်းမည့် လှူဖွယ် ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်