
နေပြည်တော် အောက်တိုဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ မှန်မှန်ကန်ကန်
လည်ပတ်နိုင်ရေးနှင့် မြေနေရာများကို
အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင်ရွက်ရန်လို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဈေးကွက်စီးပွားရေး စနစ်ဖြင့် ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့ လုပ်ငန်းများ ဖျက်သိမ်းခြင်းများရှိသကဲ့သို့ အချို့ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်များပေးခြင်း နှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ပြီးခဲ့ သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံ အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှု မရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်း အမျိုးမျိုးဖြင့် မြေနေရာများရယူထားရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိ ရကြောင်း၊ နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ် နိုင်မည့်၊ ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်မည့် အဖွဲ့ အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့် အပိုင်းလိုက် ဆောင်ရွက်ရန်လိုကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒ များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးရာတွင်လည်း အမှန်တကယ် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက် ခွင့်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင် ရွက်နေသည့်လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြု သည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွား ရန်လိုကြောင်း။
နိုင်ငံတော်ဘတ်ဂျက်များကို အကျိုးရှိစွာဖြင့်
အသုံးချနိုင်ရေးနှင့် သတ်မှတ်ကာလများအတွင်း
လုပ်ငန်းများအောင်မြင်အောင်
အကောင်အထည်ဖော် ဆောင်ရွက်ရန်လို
မိမိတို့အနေဖြင့် နှစ်စဉ် ဘတ်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များ အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေ နိုင်မည့်လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ် မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန် လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင် သုံးစွဲရမည့်ငွေကြေးပမာဏ များစွာရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျ တွက်ချက်တောင်းခံသွားစေလိုကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာ တွင် နိုင်ငံတော်ဘတ်ဂျက်များကို အကျိုးရှိစွာ ဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ထွက်နှုန်းကောင်းမှသာ
ပြည်တွင်းစားသုံးမှုကို ဖူလုံမည်ဖြစ်ပြီး
ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်
မိုးသီးနှံစိုက်ပျိုးမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက် သည့် နိုင်ငံဖြစ်ကြောင်း၊ မိုးသီးနှံများကို ပြည့်ဝစွာ စိုက်ပျိုးနိုင်ရေး မိမိအနေဖြင့်တိုက်တွန်းဆောင်ရွက် ခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် စိုက်ပျိုးမြေများ၌ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက် ရန်လိုကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါး ထွက်ရှိမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်း ထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင် ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိုးသီးနှံများ စိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင်ရေးနှင့် အထွက် နှုန်းများ ကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမှသာ ပြည်တွင်းစားသုံးမှုဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန များအားလုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် စီးပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင် ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်လျက်ရှိမှုများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုများ မွေးမြူရေး ထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိမှု နှင့် ယခုထက် ပိုမိုတင်ပို့နိုင်ရေး နိုင်ငံတကာနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံအလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် စည်းကမ်း စနစ်တကျဖြစ်စေရေး တို့နှင့်ပတ်သက်၍ လည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး က စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်း များ ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်များ တောင်းခံမှု များနှင့်ပတ်သက်၍ လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဆွေးနွေးသည်။
ထို့နောက် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာ တွင် ဝန်ကြီးဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန်မှန်ကန်ကန်နှင့် နည်းလမ်းတကျဖြစ်စေလို၍ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်များကို အကျိုး ရှိရှိ အသုံးပြုရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ခွင့်ပြုပေးထား သည့် ဘတ်ဂျက်ငွေများကို အကျိုးရှိရှိဖြင့် အသုံးချ သွားရန်လိုကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ငွေ ကြိုတင် စိစစ်ရေးကော်မတီတစ်ခုကို ဖွဲ့စည်း၍ ထိထိ ရောက်ရောက် စိစစ်ဆောင်ရွက်သင့်သည်ဟု မြင်ပါ ကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ရန်လိုပြီး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဖော်ဆောင် ပေးနိုင်မည်ဆိုပါက တိုင်းပြည်၏ GDP သည်လည်း များစွာပြောင်းလဲသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်