ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) ကို  ဇန်နဝါရီ  ၃၁  ရက်  နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးသို့   ယာယီသမ္မတ ဦးမြင့်ဆွေ၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊   ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင်၊   နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊    
အထူးဖိတ်ကြားထားသည့်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊   တွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊   ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့    တက်ရောက်ကြပြီး ဒုတိယ သမ္မတ  ဦးဟင်နရီဗန်ထီးယူအနေဖြင့်  ကျန်းမာရေး အခြေအနေအရ      အစည်းအဝေးမတက်ရောက်နိုင် ကြောင်း ခွင့်ပန်ကြားခဲ့သည်။


တတိယအဖွဲ့အစည်းလိုအပ်မည်


ဦးစွာ     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၂   နှစ်ပြည့်  နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်      စပ်လျဉ်း၍ တင်ပြရာတွင်  မိမိတို့အစိုးရ နိုင်ငံတော်တာဝန်ရယူခဲ့ ရခြင်းသည်  ဒုတိယသက်တမ်းတွင်  တာဝန်ယူခဲ့သည့် အစိုးရ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၏ မဲမသမာမှုဖြစ်စဉ်များကြောင့် ဖြစ်ပါ ကြောင်း၊ နိုင်ငံ၏တည်ထောင်ခါစ ပါတီစုံဒီမိုကရေစီ စနစ်     မယိမ်းယိုင်စေရန်   တပ်မတော်အနေဖြင့် သက်ဆိုင်သူများကို  အကြိမ်ကြိမ်သတိပေး၊ အသိပေး ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက် ပွဲ၌  ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ခဲ့သည့် မဲစာရင်းအရ  မဲပေးပိုင်ခွင့် ရှိသူ    ၃၈,၂၇၁,၄၄၇   (၃၈ ဒသမ ၂၇ သန်းကျော်) အပေါ်တွင်    တပ်မတော်၏   စိစစ်ချက်များအရ ၁၀,၄၈၂,၁၁၆ ဦး(၁၀ ဒသမ ၄၈ သန်းကျော်) သည် မဲမသမာမှုဖြစ်ကြောင်း  သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့်  ပွင့်လင်းမြင်သာစွာ  ရှင်းလင်းပြသ ထုတ်ပြန်ခဲ့ပါကြောင်း၊ မဲမသမာမှုဖြစ်နိုင်သည့် စိစစ် တွေ့ရှိချက်သည် မဲပေးပိုင်ခွင့်ရှိသူပမာဏ၏  လေးပုံ တစ်ပုံကျော်ဖြစ်နေပြီး   သာမန်မှားယွင်းမှု၊ သာမန် အငြင်းပွားမှု မဟုတ်ကြောင်းနှင့်  သေချာစိစစ်မှုမရှိဘဲ ကြိုတင်ပူးပေါင်းကြံစည်မှုများသာ     ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊   လွှတ်တော်အသီးသီး အတွက် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မဲမသမာမှု သည် မည်သည့်နိုင်ငံကမျှ လက်မခံသော ဆိုးရွားသည့် လုပ်ဆောင်မှုဖြစ်ပါကြောင်း၊ မဲမသမာမှုအပေါ် စိစစ် ရန်အတွက် တတိယအဖွဲ့အစည်း  လိုအပ်မည်ဖြစ်ပါ ကြောင်း၊   မိမိတို့နိုင်ငံတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊  နိုင်ငံ၏နိုင်ငံရေးသမိုင်းစဉ် ဖြတ်သန်းမှုအရသော်လည်းကောင်း     စိစစ်ပေးရန် သတိပေး၊   အသိပေးရန်လိုအပ်သည့်  အဖွဲ့အစည်း သည်   တပ်မတော်ပင်ဖြစ်ကြောင်း၊    ကမ္ဘာပေါ်၌ ပြုလုပ်ခဲ့သည့်    ရွေးကောက်ပွဲများတွင်   မဲမသမာမှု ဖြစ်စဉ်များ   မကြာခဏတွေ့ရှိ၊  ကြားနေရဆဲ  ဖြစ်ပါ ကြောင်း၊    ထိုသို့   ဖြစ်လာသည့်အခါတွင်လည်း တည်ဆဲအစိုးရနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကော်မရှင်  UEC တို့က   အလေးထားပြီး ဖြေရှင်းပေးရ မည်ဖြစ်ပါကြောင်း၊   အရေးယူမှုများ   ပြုလုပ်ရပါ ကြောင်း၊ မြန်မာနိုင်ငံတွင်  UEC အပါအဝင် တာဝန်ရှိ သူများက ဖြေရှင်းပေးမှုမရှိသည်ကို တွေ့ရပါကြောင်း၊ တပ်မတော်သည်   ဖွဲ့စည်းပုံအခြေခံဥပဒေ   ၂၀၀၈ ခုနှစ် ပုဒ်မ-၄ အရ   “နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည်    နိုင်ငံသားများထံမှ   ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌  တည်သည်” ၊ ပုဒ်မ-၆ (ဃ)နဲ့ ပုဒ်မ-၇ တို့အရ  “စစ်မှန်၍  စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်  ထွန်းကားရေး”၊ ပုဒ်မ-၆(စ) အရ  “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင် ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”၊  ပုဒ်မ-၂၀(စ)အရ  “တပ်မတော်သည်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို     ကာကွယ်စောင့်ရှောက်ရန်    အဓိက တာဝန်ရှိသည်”    ဟု    ပြဋ္ဌာန်းထားသည့်အတွက်  စိစစ်ရမည်ဟူသည့်    တာဝန်လည်း    ရှိပြီးဖြစ်ပါကြောင်း။ 


လွှဲအပ်တာဝန်ပေးထမ်းဆောင်စေ


မိမိတင်ပြခဲ့သည့် ပြဿနာကို မှန်ကန်စွာဖြေရှင်း ပေးခြင်းမပြုခဲ့ဘဲ      တာဝန်ရှိသူအဆင့်ဆင့်နှင့် အဖွဲ့အစည်းများက    တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ၁-၂-၂၀၂၁ ရက်နေ့တွင်ပြုလုပ်မည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်     ပထမပုံမှန်အစည်းအဝေး၊ ပထမနေ့အစီအစဉ်တွင်  သဘာပတိကသစ္စာပြုခြင်း အစီအစဉ်သာမကဘဲ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်  ကတိသစ္စာပြုခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ  ရွေးကောက်တင်မြှောက်မှု အစီအစဉ် အပါအဝင်   အစီအစဉ် ၁၅ ရပ်ဖြင့်  ဆောင်ရွက်ရန် လွှတ်တော်အား  အတင်းအဓမ္မခေါ်ယူအာဏာရယူရန် ကြံစည်မှုသည်   ပုဒ်မ-၄၀(ဂ)နှင့်   ပုဒ်မ - ၄၁၇ ပါ  “ နိုင်ငံတော်အာဏာကို   အဓမ္မနည်းဖြင့်    ရယူရန် ဆောင်ရွက်ခြင်း ”  အား ကြံစည်ကြိုးပမ်း ဆောင်ရွက် ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့အရ    ဦးဝင်းမြင့်သည်  ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေခြင်း၊   ပါတီတာဝန် ထမ်းဆောင်နေခြင်း၊   ဥပဒေအရ  အမှုဖွင့်အရေးယူ ခံထားရခြင်းတို့ကြောင့် သမ္မတအဖြစ်  ရပ်တည်ပိုင်ခွင့် မရှိပါကြောင်း၊    ထို့ကြောင့်   မိမိတင်ပြခဲ့သည့် မဲမသမာမှုဖြစ်စဉ်အပေါ်  ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်သည့်အတွက်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ  ဦးမြင့်ဆွေက  အမျိုးသား ကာကွယ်ရေးနှင့်    လုံခြုံရေးကောင်စီကို   ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  ပုဒ်မ-၄၁၇ အရ  နိုင်ငံရေးအရ   အရေးပေါ်အခြေအနေ ကြေညာ ခဲ့ပါကြောင်း၊  ယခု အစည်းအဝေးသို့  တက်ရောက် လာသည့်  အကြီးအကဲများ၏ သဘောတူညီမှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏     ဥပဒေပြုရေး၊    အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ  လွှဲအပ်တာဝန်ပေး  ထမ်းဆောင်စေ ခဲ့ပါကြောင်း။


တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ စုံကန်ငြင်းပယ်


ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး  ယင်းအချိန်က အစိုးရနှင့်  တာဝန်ရှိသူများအနေဖြင့်  ရှင်းလင်းသင့် သည်များကို  မရှင်းလင်းသည့်အပြင်  စုံကန်ငြင်းဆို ခဲ့ပါကြောင်း၊  ထိုသို့ငြင်းရခြင်းအကြောင်းမှာ သူတို့ သည် မဲမသမာမှုများ မလုပ်ခဲ့၊  မရှိခဲ့ပါက တပ်မတော် မှ ထုတ်ပြန်သည့်  မဲမသမာမှုအထောက်အထားများနှင့် စာရင်းများကို  မမှန်ကန်ကြောင်း သက်သေပြရမည် ဖြစ်ပါကြောင်း၊   ထိုသို့ပြနိုင်ရန်   မဲစာရင်းများကို စစ်ဆေးရမည်ဖြစ်ပါကြောင်း၊  သို့သော် ၎င်းတို့အနေ ဖြင့် ထိုသို့မလုပ်ရဲပါကြောင်း၊ ၎င်းတို့၏ မဲစာရင်းများ၊ မဲရရှိမှုများသည်  စာရင်းဇယားအရရော၊  လက်တွေ့ တွေ့ရှိမှုများအရပါ   မမှန်ကန်၍     ဖြစ်ပါကြောင်း၊ မဲစာရင်းများကို    စစ်ဆေးရာတွင်     တပ်မတော် အနေဖြင့်    တွေ့ရှိခဲ့သည့်     အချက်အလက်များနှင့် ပကတိအခြေအနေအပေါ်မူတည်ပြီး     မဲမသမာမှု စာရင်းများကို    ခိုင်ခိုင်မာမာ     ပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊        ၎င်းတို့အနေဖြင့် တပ်မတော်ထုတ်ပြန်သည်မှာ  မှားကြောင်း၊ ၎င်းတို့ သာ  မှန်ကြောင်း     သက်သေမပြရဲခြင်းပင်    ဖြစ်ပါ ကြောင်း၊   ထို့အပြင်  တရားဝင်  စစ်ဆေးစိစစ်ချက် သက်သေများထွက်လာပါက    ၎င်းတို့၏     မဲမသမာမှု များကြောင့်   မဲမသမာမှုပြုလုပ်ခဲ့သည့် ပါတီအနေဖြင့် နိုင်ငံရေးအရ    သေသွားမည်ကို    ၎င်းတို့သိရှိသည့် အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ စုံကန်ငြင်းပယ် ခဲ့ခြင်းသာဖြစ်ပါကြောင်း။


သဘောတူအတည်ပြုခဲ့ 


အဆိုပါကာလကဖြစ်ပေါ်ခဲ့သည့် အခြေအနေများ အရ   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   ပြဋ္ဌာန်းထား သည့် သက်တမ်းများအလိုက်  တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်အား နိုင်ငံတော်တာဝန်ကို  ထမ်းဆောင် ရန်  အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ အစည်းအဝေးသို့         တက်ရောက်လာသူများက သဘောတူ   အတည်ပြုခဲ့ပါကြောင်း၊   မိမိတို့အစိုးရ အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်  ချမှတ်ဆောင်ရွက်ခဲ့ ရာ၌      အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့မှု၊ တိုးတက်ပြောင်းလဲလုပ်ဆောင်မှု  အခြေအနေများကို တင်ပြသွားမည်ဖြစ်ပါကြောင်း။  


ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ      “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို      ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင်  လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို       ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်”   ဆိုသည့်အချက် အား ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်အား    ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါ ကြောင်း။


 တရားမဲ့ပြုကျင့်မှုများကို စုံစမ်းမေးမြန်းခဲ့


ပြည်ထောင်စု      ရွေးကောက်ပွဲကော်မရှင်သည် မြို့နယ်အသီးသီးရှိ    မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှု အခြေအနေများနှင့်          ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဦးစီးပြီး    မြို့နယ်အလိုက်    တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ   နိုင်ငံရေးပါတီများက ကိုယ်စားလှယ် များနှင့်အတူ   မြေပြင်ဖွင့်ဖောက်   စစ်ဆေးမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှ  ဇူလိုင် ၄ ရက် အတွင်း   သွားရောက်စစ်ဆေးခဲ့ပြီး   ရွေးကောက်ပွဲ ဆိုင်ရာ  မဲမသမာမှုများနှင့်  တရားမဲ့ပြုကျင့်မှုများကို စုံစမ်းမေးမြန်းခဲ့ပါကြောင်း။


၂၀၂၀   ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲစာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိဘဲ  ပါဝင်နေ သူများသည် ၄,၈၆၉,၄၂၃ ဦး(၄ ဒသမ ၈၆ သန်းကျော်)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား  အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင်     ၃  ကြိမ်နှင့်အထက်    ပါဝင်နေသူ ၂၉၅,၄၀၅ ဦး  အပါအဝင်  မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက်  ၁၁,၃၀၅,၃၉၀ ဦး(၁၁ ဒသမ ၃ သန်းကျော်) ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။


မဲစာရင်းကွာခြားချက်သည် ပိုမိုများပြား


၂၀၁၄  ခုနှစ် သန်းခေါင်စာရင်းအပေါ်တွက်ချက် မည်ဆိုပါက     ၆  နှစ်အကြာ    ၂၀၂၀    ပြည့်နှစ်၊ အောက်တိုဘာလ  ၁  ရက်နေ့တွင်ရှိရမည့်  ခန့်မှန်း လူဦးရေစာရင်း   အသက် ၁၈ နှစ်နှင့်အထက်သည် ၃၄,၃၅၀,၁၅၅ ဦး (၃၄ ဒသမ ၃၅ သန်းကျော်) ဖြစ်ပါ ကြောင်း၊    ၂၀၂၀   ပြည့်နှစ်    ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးထုတ်ပြန် ခဲ့သည့်  မဲဆန္ဒရှင်စာရင်းသည် ၃၈,၂၇၁,၄၄၇ ဦး (၃၈ ဒသမ ၂၇ သန်းကျော်)  ဖြစ်ပါကြောင်း၊ မူလကပင် လူဦးရေ ၄ သန်းနီးပါး ကွဲလွဲမှုများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊  လူဦးရေသန်းခေါင်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်     ကောက်ယူရသည့် စာရင်းဖြစ်ပါကြောင်း၊   ထိုအထဲတွင်   မိမိတို့နိုင်ငံ၏ အခြေခံဥပဒေ   ပုဒ်မ - ၃၉၂ အရ အရွယ်ရောက်ပြီး ဖြစ်သော်လည်း  ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သာသနာ့ ဝန်ထမ်းများ၊    ထောင်ကျနေသည့်သူများ   စသဖြင့် ဖြစ်ပါကြောင်း၊ အဆိုပါအချက်များကိုပါ   ထည့်သွင်း တွက်ချက်မည်ဆိုပါက   မဲစာရင်းကွာခြားချက်သည် ပိုမိုများပြားမည်ဖြစ်သည်ကို   ထင်ရှားစွာတွေ့နိုင်ပါကြောင်း။


မဲရုံတွေများတွင်လည်း  နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ         မဲပေးခွင့်ရရှိရေး        ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲနေ့တွင်  မဲရုံများ၌   အသုံးပြုခဲ့သည့် ဆန္ဒပြု အမှန်ခြစ်တံဆိပ်တုံးများနှင့်စပ်လျဉ်းပြီး UEC တံဆိပ်မပါရှိဘဲ  အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထား ခြင်းများ မဲလက်မှတ်တွင်တွေ့ရှိမည်ဆိုပါက  ခိုင်လုံမဲ အဖြစ်   သတ်မှတ်မည်ဆိုသည့်   ညွှန်ကြားချက်များ၊ မဲရုံတိုင်း၌မဲစာရင်းအရေအတွက် များစွာမှားယွင်းမှု ဖြစ်ပေါ်ခြင်းတို့သည်         မတော်တဆဖြစ်ခဲ့ခြင်း မဟုတ်ဘဲ တမင်ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရပါကြောင်း၊   ဥပဒေ၊   စည်းမျဉ်း စည်းကမ်းများကိုကျော်လွန်ပြီး  အမျိုးမျိုးစည်းကမ်း ချိုးဖောက်ဆောင်ရွက်ခဲ့သည်ကို     တွေ့ရပါကြောင်း၊ မဲရုံများ၏အခြေအနေသည်   ပရမ်းပတာဖြစ်နေသည် ကိုလည်း တွေ့ရှိရပါကြောင်း။


ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း   ဆောင်ရွက်မှု အဆင့်ဆင့်တွင်   NLD  ပါတီအနေဖြင့်  အုပ်ချုပ်ရေး အာဏာကို  အလွဲသုံးစားပြုမှုများရှိပါကြောင်း၊ NLD ပါတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး အာဏာရလာပြီးသည့်နောက်  သမ္မတအထက်တွင် မိမိရှိမည်ဖြစ်ကြောင်း  မီဒီယာများသို့ ၅-၁၁-၂၀၁၅ ရက်နေ့တွင်  ပြောဆိုမှု၊   လုပ်ဆောင်မှုများနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြဋ္ဌာန်း ထားသည့် နိုင်ငံ့အကြီးအကဲ သမ္မတကိုပင် အမိန့်ပေး/ စေခိုင်းညွှန်ကြားမှုများ ရှိလာပါကြောင်း၊  ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်စဉ်  မဲမသမာမှုသည် NLD  ပါတီတွင်   လုံးဝတာဝန်ရှိပါကြောင်း၊   ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းသည်လည်း  NLD ပါတီဥက္ကဋ္ဌ အနေဖြင့်  ၎င်း၏နိုင်ငံရေးရာထူးရရှိမှုအပေါ် မလျော် ဩဇာသုံးကာ မသမာမှုများ  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ဦးဝင်းမြင့်သည်လည်း  အဆိုပါ ကာလက နိုင်ငံတော်သမ္မတဖြစ်ပါလျက်   လိုက်ပါလုပ်ဆောင် ခဲ့ရကြောင်း၊ အဆိုပါအချက်သည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်     သင်ခန်းစာတစ်ခုပင်ဖြစ်သည်ကို တင်ပြလိုပါကြောင်း။


လုပ်ပိုင်ခွင့်များကိုအလွဲသုံးစားပြု


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်    သမ္မတဟောင်း     ဦးဝင်းမြင့်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက် သော် လည်းကောင်း၊  သွယ်ဝိုက်၍သော်လည်းကောင်း ဖိအားပေးမှုများရှိပါကြောင်း၊ ထို့ကြောင့်လည်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖိအား ပေးခံရမှုများရှိလာခဲ့ပြီး    ၎င်းတို့အား    တရားဝင် အပ်နှင်းထားသည့်  လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု ခဲ့ကာ    ဥပဒေ၊   နည်းဥပဒေများကို   ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့ပါကြောင်း၊    ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့်   ၂၀၂၀   ပြည့်နှစ်    ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့် မှုဖြစ်စဉ်များတွင်     ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ နိုင်ငံတော်သမ္မတဟောင်း   ဦးဝင်းမြင့်  အပါအဝင် ပြည်ထောင်စုအဆင့်   တာဝန်ရှိသူများ၊ ဝန်ကြီးချုပ် ဟောင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့မှ  တာဝန်ရှိသူများကို   အရေးယူမှုပြုလုပ်ရပါ ကြောင်း၊   ထိရောက်ဟန့်တားသည့်   ပြစ်ဒဏ်များ ချမှတ်ရခြင်းဖြစ်ပါကြောင်း၊    ထိုသို့ပြုလုပ်ရခြင်း သည်လည်း  တိုင်းပြည်၏ ဒီမိုကရေစီလျှောက်လှမ်း မှုအပေါ်   နောင်တွင်  အမည်းစက်   မဖြစ်ပေါ်စေရေး အတွက် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း ၎င်းတို့၏ ဆောင်ရွက်မှုများသည်   ၎င်းတို့ဘက်မပါသည့်သူများ ကို   အကြမ်းဖက်လုပ်ရပ်များ  ဆောင်ရွက်နေခြင်း များရှိသည့်အတွက် အစိုးရအနေဖြင့် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နေခြင်းပင်ဖြစ်ပါကြောင်း၊ NLD ပါတီဥက္ကဋ္ဌအနေဖြင့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က တရားဝင် တစ်နိုင်ငံလုံးကို  ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က   ထုတ်လွှင့်သည့်   မဲဆွယ် စည်းရုံးသည့် မိန့်ခွန်းတွင်  “နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီကြောင်း၊  ၇၅ ရာခိုင်နှုန်းသာ ပြည်သူက  ရွေးချယ်ဝင်ရောက်ယှဉ်ပြိုင်ရကြောင်း၊ ကျန်  ၂၅  ရာခိုင်နှုန်းဟာ   တပ်မတော်ကသာ ဖြစ် ကြောင်း၊   ဒါ့ကြောင့်   အစိုးရတစ်ခုဖွဲ့စည်းဖို့ဆိုတာ ၂၅ ရာခိုင်နှုန်းဆိုတဲ့အတားအဆီးကို  NLD က ဖြတ် ကျော်ဖို့လိုကြောင်း၊  ၇၅  ရာခိုင်နှုန်းသာ   ဝင်ရောက် ယှဉ်ပြိုင်ရလို့     ယှဉ်ပြိုင်တဲ့နေရာမှာ  အနည်းဆုံး ၆၇   ရာခိုင်နှုန်းနိုင်ဖို့   လိုအပ်ကြောင်း၊   ဒါ့ကြောင့် လိုအပ်တဲ့   ရာခိုင်နှုန်းတွေ   တွက်ချက်မနေရအောင် NLD ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာတိုင်းမှာ NLD ပါတီ အောင်နိုင်ရေးအတွက်  အင်တိုက်အားတိုက်မဲပေးဖို့” ဆောင်ရွက်နိုင်ရေးလှုံ့ဆော်ခဲ့ပါကြောင်း၊ ထို့ကြောင့် လည်း NLD ပါတီအနေဖြင့်   မဲရလဒ်ရှုံးနိမ့်မည့်နေရာ အချို့ကို ရွေးကောက်ပွဲ မဲဆန္ဒနယ်အဖြစ်မှ ဖျက်သိမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊   ထို့ကြောင့်   အချို့သော တိုင်းရင်းသားများနှင့်     အဖွဲ့အစည်းများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ခံစားမှုများ ဖြစ်ပေါ်လာရပါ ကြောင်း၊ ရွေးကောက်ပွဲဖျက်သိမ်းခံရသည့်  မြို့နယ် များသည်  တိုင်းရင်းသားနိုင်ငံရေးပါတီများအတွက် မဲများသိသိသာသာ   ရနိုင်သည့်နေရာဒေသများပင် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အနာဂတ် တွင် ပြည်ထောင်စုကြီးမပြိုကွဲရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအပေါ်  ထိခိုက်နစ်နာစေလာနိုင်ပါ ကြောင်း၊  အဆိုပါဖြစ်စဉ်များအပေါ်သုံးသပ်ပြီး မိမိတို့ အစိုးရအနေဖြင့်   တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ ဒီမိုကရေစီအခွင့်အရေး  မဆုံးရှုံးစေရန် တိုင်းရင်း သားဒေသများအပါအဝင်    တစ်နိုင်ငံလုံး   အကြား အလပ်မရှိသည့်       ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို    တင်ပြလိုပါကြောင်း။


ရွေးကောက်ပွဲအောင်မြင်အောင် 
ဆောင်ရွက်ရမည်


ရွေးကောက်ပွဲသည်  ၅  နှစ်တစ်ကြိမ်  ပြုလုပ်ရ သည့် အထွေထွေရွေးကောက်ပွဲဖြစ်ပြီး အခြေခံဥပဒေ ပါ      ပြဋ္ဌာန်းချက်များအရ    တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း  ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော် ကိုယ်စားလှယ်များ၊   တပ်မတော်သား   လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊  တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် များကို   ဖွဲ့စည်းပြီး   ၎င်းအဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်သမ္မတ၊   တိုင်းဒေသကြီးနှင့်   ပြည်နယ် ဝန်ကြီးချုပ်   စသည့် အစိုးရအဖွဲ့အကြီးအကဲများကို ရွေးချယ်ရခြင်းကို  တစ်ပြိုင်တည်း ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊  ထို့ကြောင့် အထွေထွေရွေးကောက်ပွဲ ကို    ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် တစ်ပြိုင်တည်း   လုပ်ဆောင်ရန်  လိုအပ်ပါကြောင်း၊ ဥပဒေအရ    တစ်ခုပြီးမှတစ်ခု   လုပ်၍မရပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် နှင့်  တိုင်းလွှတ်တော်တို့တွင် လွှတ်တော်အစည်းအဝေး အောင်မြင်စွာ  ကျင်းပပြုလုပ်နိုင်သည့် ပမာဏအထိ ရွေးကောက်ပွဲ   အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြို့ပေါ်တစ်ခုတည်း ဆောင်ရွက်ပြီးစီး ရုံဖြင့်   မလုံလောက်ပါကြောင်း၊   ကျေးလက်များထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊     ကျေးလက်နေ ပြည်သူသည်   နိုင်ငံလူဦးရေ၏   ၇၀ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊   ထို့အပြင်    သက်ဆိုင်ရာပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက်  မဲဆွယ်စည်းရုံးနိုင်ရန် အခြေ အနေရှိရန်လည်း လိုအပ်ပါကြောင်း။


ရွေးကောက်ပွဲတွင်  အခြေခံမဲစာရင်းမှန်ကန်စေ ရေးသည်    အဓိကကျသည့်   အချက်ဖြစ်ပါကြောင်း၊ ၂၀၂၀    ပြည့်နှစ်    ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်    နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ  ၄,၈၆၉,၄၂၇ ဦး  (၄ ဒသမ ၈ သန်းကျော်) ရှိခဲ့ပါကြောင်း၊   နိုင်ငံသားတိုင်း  နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်နိုင်ရေး ၃-၅-၂၀၂၁ ရက်နေ့မှ ၃-၁-၂၀၂၃ ရက်နေ့အထိ   “ ပန်းခင်း ”    စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ     ပြုလုပ်ပေးရမည့်    ပြည်သူ ၃,၄၉၁,၃၆၄ ဦး (၃ ဒသမ ၄ သန်းကျော်) ရှိသည့်အနက် ၁,၁၃၄,၃၆၃ ဦး (၁ ဒသမ ၁၃ သန်းကျော်)က ဆောင် ရွက်ရန်ကျန်ရှိရာ     ကရင်ပြည်နယ်၊   ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်  စစ်ကိုင်းတိုင်းဒေသ ကြီးတို့သည်    ဆောင်ရွက်ရန်ကျန် အများဆုံး ပြည်နယ်နှင့်  တိုင်းဒေသကြီးတို့ပင်  ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိနေသည့်  နိုင်ငံသားများအပေါ် ဆက်လက်ပြုလုပ်ပေးရန်  လိုအပ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာ     ကာယကံရှင်တို့၏၊ နိုင်ငံသားများ၏  မူလအခွင့်အရေးများ ဆုံးရှုံးနိုင်မှုမှ ကင်းဝေးမည်ဖြစ်သည်ကို အလေးအနက်ထား တင်ပြ လိုပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး  သက်သေခံ အထောက်အထားကတ်တစ်မျိုးမျိုး    ရရှိစေရမည့် အပြင်  ခြိမ်းခြောက်မှု၊   အကျပ်ကိုင်မှုမရှိဘဲ   မိမိ သဘောဆန္ဒအလျောက် မဲပေးပိုင်ခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ အသည်းကြားက  မဲတစ်ပြား  ဖြစ်စေရမည် ဖြစ်ပါကြောင်း၊ မဲပေးခြင်း မပေးခြင်းသည်   ပြည်သူ တစ်ဦး၏ ဆန္ဒသာဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက် ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ပါကြောင်း။


“လတ်တလောဖြစ်ပွားနေသည့်     ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက်  ထိထိရောက်ရောက်  ဆက်လက်ဆောင်ရွက် သွားမည်” ဆိုသည့်အချက်အား ဆောင်ရွက်မှုအနေ ဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား သည့်  ၂၀၂၀ ပြည့်နှစ်  မတ်လ ၂၃ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ   ၃၁   ရက်အထိ   ဓာတ်ခွဲနမူနာစစ်ဆေးမှု စုစုပေါင်း ၉,၉၃၈,၀၂၃ ဦး  (၉ ဒသမ ၉၃ သန်းကျော်)ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာဦးရေ ၆၃၃,၈၁၉ ဦး ( ၆ သိန်း ၃ သောင်းကျော်)၊ သေဆုံးသူ ၁၉,၄၉၁ ဦး၊ ( ၁ သောင်း  ၉  ထောင်ကျော်)     ဖြစ်ပါကြောင်း၊ သေဆုံးမှုရာခိုင်နှုန်း ၃  ဒသမ  ၀၈  ရာခိုင်နှုန်းရှိပါ ကြောင်း။


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့


မိမိတို့အစိုးရတာဝန်ထမ်းဆောင်ခဲ့သည့် ကာလ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း များပြား နေချိန်  ဖြစ်ပါကြောင်း၊ ကူးစက်မှုအမြင့်ဆုံးကာလ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတတိယပတ်နှင့်  စတုတ္ထပတ် များတွင်တစ်ရက်လျှင်  ပျမ်းမျှပိုးတွေ့လူဦးရေသည် ၅,၀၀၀ ဦး (၄၁ ရာခိုင်နှုန်း)  အထိ   ဖြစ်ပွားခဲ့ပါကြောင်း၊ မိမိကိုယ်တိုင်    ဦးဆောင်ပြီး   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်း အဝေးများကို ၁၃ ကြိမ်တိုင်တိုင်ကျင်းပပြီး လိုအပ် သည့်        အုပ်ချုပ်ထောက်ပံ့ရေးကိစ္စရပ်များကို တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် Video Conferencing       ပြုလုပ်၍      လိုအပ်သည်များ ကို    ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊   
မိမိတို့အစိုးရ၏ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင်  ၁ ပတ် လျှင်  ၃  ကြိမ်    ဦးစီးဆောင်ရွက်ကာ   အနီးကပ် ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ    တတိယလှိုင်းကာလတွင်    ဖြစ်ပွားမှု၊  သေဆုံးမှုများ  လျင်မြန်စွာ  ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ/ ဆေးခန်းများအပြင်     ကုသမှုစင်တာပေါင်း   ၁,၆၇၄  ခုအထိ ဖွင့်လှစ်ကုသပေးခဲ့ပါကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါ ကိုလည်း   
 ကောင်းမွန်စွာထိန်းသိမ်းနိုင်


မိမိအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုသ ရေးနှင့်  ပတ်သက်ပြီး   “လက်တွေ့ကျကျ  မြန်မြန် ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ”    ဆိုသည့်မူဝါဒများ   ချမှတ်ပေးခဲ့ပါကြောင်း၊ တာဝန်ရှိသူများကလည်း     နည်းလမ်းပေါင်းစုံဖြင့် ကိုဗစ်-၁၉  ရောဂါ  ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ကို   နေ့မနား၊    ညမအား   ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်   Oxygen   စက်ရုံ ၂၁၆ ရုံ ၊ ပုဂ္ဂလိက ၂၇၁ ရုံ ၊  စုစုပေါင်း ၄၈၇ ရုံ  တည်ဆောက် ပေးပြီး ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက် မှုများကို ပြုလုပ်ပေးခဲ့ပါကြောင်း၊   မိမိတို့အစိုးရ အနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို    အရှိန်အဟုန်ဖြင့်   ဆောင်ရွက် ခဲ့မှုကြောင့်   ပိုးတွေ့ရှိမှုနှုန်းနှင့်   သေဆုံးမှုနှုန်းသည် လျင်မြန်စွာ  ကျဆင်းလာခဲ့သည်ကို    တွေ့ရှိရမည် ဖြစ်သည်ကို    တင်ပြအပ်ပါကြောင်း၊   အလားတူ မြန်မာတို့၏   ကူညီလှူဒါန်းလိုမှုစိတ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ    ကာကွယ်ရေးပစ္စည်း၊   ကုသရေးဆေးဝါး၊ အောက်ဆီဂျင်နှင့်       စားသောက်ဖွယ်ရာများကို အင်တိုက်အားတိုက်  လှူဒါန်းပေးခဲ့ကြမှုများ၊ အိမ်နီး နားချင်း  မိတ်ဆွေနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ  အောက်ဆီဂျင်အိုးများ မပြတ်ရရှိရေး ကူညီဆောင်ရွက်ပေးမှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကိုလည်း    ကောင်းမွန်စွာ    ထိန်းသိမ်းနိုင်သည့် အခြေအနေဖြစ်ပေါ်ခဲ့ပါကြောင်း။


ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို    လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ရ


မိမိတို့နိုင်ငံအတွင်းတွင်    ဆေးရုံ   ၁,၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁,၄၂၇ ခု၊ စုစုပေါင်း ၁၂,၅၀၄ ခု ရှိပြီး နိုင်ငံရေးအခြေအနေအကြောင်းပြ၍       ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအမြင့်ဆုံးကာလတွင်  ဆေးရုံ ၇၆၅ ရုံနှင့် ဆေးပေးခန်း ၇,၄၃၀  ခု၊  စုစုပေါင်း ၈,၁၉၅ ခု ( ၆၅ ဒသမ ၅၃ ရာခိုင်နှုန်း)သာ  လုပ်ငန်းဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင်  ကျန်းမာရေးဝန်ကြီး ဌာနရှိ ခန့်အပ်အရာထမ်း အမှုထမ်း ၁၀၃,၂၁၄ ဦးရှိပြီး ၎င်းတို့အထဲမှ ၅၄,၇၂၂ ဦး  တာဝန်ထမ်းဆောင်ခဲ့ပါ ကြောင်း၊   တာဝန်ထမ်းဆောင်ရန်    ပျက်ကွက်သူ ၄၈,၄၉၂ ဦးအနက် CDM ပြုလုပ်ခဲ့သူ ၄၇,၂၅၄ ဦး ရှိခဲ့ပါကြောင်း၊    နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်  ၎င်းတို့ အနေဖြင့်  လွဲမှားသည့် နိုင်ငံရေးအမြင် မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုများကြောင့် မိမိတို့၏ လုပ်ငန်းခွင် များကို  စွန့်ခွာသွားသည့်သူများသာဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်သွားသည့် နေရာများတွင် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက  ကုသပေးခြင်းနှင့် တပ်မတော် ဆေးရုံများတွင် အများပြည်သူများကို ကုသပေးခြင်း များ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန နှင့်    အခြားဝန်ကြီးဌာနများ၏   လိုအပ်ချက်အရ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို    လွှဲပြောင်းတာဝန် ပေးအပ်ခဲ့ရပြီး  တာဝန်သိကျန်းမာရေးဝန်ထမ်းများ နှင့်   ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း၊ အငြိမ်းစား ကျန်းမာရေးဝန်ထမ်းများနှင့်  အငြိမ်းစား တပ်မတော်ဆေးဆရာဝန်များသည်လည်း ဆေးကုသ မှုများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးများတွင် များစွာအကူအညီရရှိခဲ့ပါကြောင်း၊ တာဝန်သိကျန်းမာ ရေးဝန်ထမ်းများ၊   အငြိမ်းစားဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊  တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်နှင့်   ပြည်သူများ၏  ပူးပေါင်းမှုအားသည် ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်း များတွင်   အောင်မြင်မှုများစွာ    ရရှိခဲ့ပါကြောင်း၊ စစ်ဘက်ဆိုင်ရာဝန်ထမ်းများနှင့်  အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများ    ဆက်ဆံရေးကောင်းမွန်မှု၏   အကျိုး ရလဒ်ဖြစ်သည်ကို တင်ပြအပ်ပါကြောင်း။
မိမိတို့နိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့်  ၂၀၂၂  ခုနှစ်   ဇန်နဝါရီ ၂၇ ရက်မှ  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ  အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းလူဦးရေ ၃၁,၆၆၈,၇၉၁ ဦး (၃၁ ဒသမ ၆၆ သန်းကျော်) မှ   ၃၁,၀၁၃,၉၇၂  ဦး (၃၁ ဒသမ ၀၁ သန်းကျော်)  အား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည့်အတွက် ၉၈ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိပါကြောင်း၊  အသက် ၅ နှစ်မှ ၁၈ နှစ် အတွင်းရှိ ရည်မှန်းလူဦးရေ ၉,၂၇၇,၇၉၈ ဦး (၉ ဒသမ ၂၇ သန်းကျော်)မှ  ၆,၈၁၀,၁၇၃ ဦး (၆ ဒသမ ၈၁ သန်းကျော်) အား     ပထမအကြိမ်   ထိုးနှံပြီးဖြစ်သည့် အတွက်     ၇၃   ရာခိုင်နှုန်း   လွှမ်းခြုံမှုရရှိပြီးဖြစ်ပါ ကြောင်း။


ကုန်သွယ်မှုလိုငွေများ များစွာဖြစ်ပေါ်ခဲ့


လုပ်ငန်းစဉ်(၃)ပါ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်  စီးပွားရေးလုပ်ငန်းများအား  ဖြစ်နိုင် သမျှနည်းလမ်းများဖြင့်  အမြန်ဆုံးကုစားသွားမည်” ဆိုသည့်အချက်အပေါ်      ဆောင်ရွက်မှုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ များနည်းတူ   မိမိတို့နိုင်ငံသည်လည်း   ရိုက်ခတ်မှု၊ ထိခိုက်မှုများရှိခဲ့ပါကြောင်း၊  မိမိတို့နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်ပြီး စီးပွားရေးဆိုင်ရာနှင့်  ကုန်သွယ်မှု ဆိုင်ရာစီမံခန့်ခွဲမှု အားနည်းချက်များအပြင်  ကိုဗစ်-၁၉ ရောဂါ၏ ကန့်သတ်မှုများကြောင့် နိုင်ငံ့စီးပွားရေး သည်     ကျဆင်းခဲ့ရပါကြောင်း၊    တိုင်းပြည်သည် နိုင်ငံခြားဝင်ငွေများ      ရရှိခြင်းမရှိခဲ့ဘဲ       ပြည်ပမှ သွင်းကုန်များကို တင်သွင်းခဲ့မှုများကြောင့် ကုန်သွယ် မှု လိုငွေများ များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ Non Trade လုပ်ငန်းများမှရရှိသည့်  ငွေကြေးများနှင့် သွင်းကုန် များ တင်သွင်းခဲ့ပါကြောင်း၊  ပြည်တွင်းကုန်ထုတ်လုပ် မှုကို အားပေးမှုမရှိခဲ့ဘဲ  ပြည်ပသွင်းကုန်များကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ခြင်းကြောင့်  အားနည်းချက် များ များစွာဖြစ်ပေါ်ခဲ့ပါကြောင်း။


ဒီမိုကရေစီအစိုးရ  ပထမသက်တမ်းကာလတွင် ပျမ်းမျှ  GDP  တိုးတက်မှုနှုန်းသည်   ၇ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန် ဒေါ်လာ ၁၂,၀၉၆ ဒသမ ၈၈  သန်း   ( ၁၂ ဒသမ ၀၉၇ ဘီလီယံခန့်)၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း  (အမှန် ဝင်ရောက်မှု)  အမေရိကန်ဒေါ်လာ  ၁၁,၆၂၈ ဒသမ ၁ သန်း (၁၁  ဒသမ  ၆၃  ဘီလီယံ ခန့်)     ရှိခဲ့ပါကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၈  ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈   ဘဏ္ဍာရေးနှစ်တွင်   ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၈(၆ လ)  ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊   ၂၀၁၈ - ၂၀၁၉    ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း၊  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၀ - ၂၀၂၁ (၆ လ) ဘဏ္ဍာ ရေးနှစ်တွင် (အနုတ်)၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည့် အတွက် ပျမ်းမျှ  GDP   တိုးတက်မှုနှုန်းသည် ၃ ဒသမ ၃၈   ရာခိုင်နှုန်းဖြစ်ပြီး    ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန်ဒေါ်လာ   ၁၂,၆၁၄ ဒသမ  ၁၇   သန်း (၁၂ ဒသမ ၆၁ ဘီလီယံကျော်)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပေါင်း (အမှန်ဝင်ရောက်မှု)   အမေရိကန်ဒေါ်လာ ၁၄,၉၆၁ ဒသမ ၃ သန်း (၁၄ ဒသမ ၉၆ ဘီလီယံကျော်) ရှိခဲ့ပါကြောင်း၊     အဆိုပါအချက်အလက်များအရ  ကုန်သွယ်မှုလိုငွေ  အများအပြားရှိခဲ့ပြီး    တိုင်းပြည် အတွက်    စိုးရိမ်ဖွယ်ရာအနေအထားသို့  ရောက်ရှိ ခဲ့ခြင်းဖြစ်ပါကြောင်း။


 ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ပါက နောက်ကျကျန်ရစ်ခဲ့မှုများရှိ


ဒီမိုကရေစီ          ဒုတိယသက်တမ်းကာလတွင် ပြည်တွင်း၊    ပြည်ပချေးငွေများ   များပြားမှုရှိခဲ့ပါ ကြောင်း၊ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်၏   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ   တံစိုးလက်ဆောင်ရယူမှု များအပါအဝင် အဂတိမှု ၉ မှု ကျူးလွန်ခဲ့သည့်အတွက် ကြောင့် အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄ သန်း ကျော်) နှင့်  မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅ ဒသမ ၇၅ ကျပ်   (၄၉,၂၀၆ သန်းကျော်)၊  သမ္မတဟောင်း ဦးဝင်းမြင့်မှ  အဂတိလိုက်စားမှု ၅  မှုဖြင့်  အမေရိကန် ဒေါ်လာ     ၄,၀၈၈,၀၉၀   နှင့်    မြန်မာငွေကျပ် ၂၃,၀၄၈,၁၈၆,၀၆၅ ဒသမ ၇၅  ( ၂၃,၀၄၈  သန်းကျော်)အပါအဝင် NLD ပါတီဝင်ဗဟိုအလုပ်အမှုဆောင် ၈ ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်းများ ၂၀ ဦး၊  ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ ဦး၊ ပါတီဝင် မဟုတ် သည့်    ဝန်ကြီးဟောင်း  ၃  ဦးတို့   ကျူးလွန်ခဲ့သည့် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်မှ ဆုံးရှုံးခဲ့မှုမှာ အမေရိကန်ဒေါ်လာ ၁၃,၁၀၉,၉၀၈ (၁၃ သန်းကျော်)၊ မြန်မာကျပ်ငွေ    ၃၆၁,၉၀၃,၉၇၄,၆၃၁ ဒသမ ၈၅   (၃၆၁ ဘီလီယံကျော်)   ဆုံးရှုံးနစ်နာခဲ့သည်ကို  တင်ပြ လိုပါကြောင်း၊ ယင်းတို့သည် တရားရုံးအသီးသီးတို့၌ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့သည့်    အမှုများ အခြေအနေဖြစ်ပါကြောင်း၊  အဂတိလိုက်စားမှုကိစ္စ များကြောင့်သာမက  မလျော်မကန်သည့် အာဏာသုံး ဆောင်ရွက်မှုများကြောင့်   တိုင်းပြည်၏   စီးပွားရေး သည်        များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့မှုများရှိခဲ့ပြီး တိုင်းပြည်သည်လည်း      တိုးတက်သင့်သလောက် မတိုးတက်ဘဲ    ဒေသတွင်းနိုင်ငံများနှင့်     ယှဉ်ပါက နောက်ကျကျန်ရစ်ခဲ့မှုများရှိခဲ့ပါကြောင်း။ 


မိမိတို့အစိုးရ  စတင်တာဝန်ယူစဉ်ကာလတွင် နိုင်ငံတကာ၏     ဝိုင်းဝန်းပိတ်ဆို့မှုများရှိသကဲ့သို့   ပြည်တွင်းစီးပွားရေးအခြေအနေများနှင့်    ပြည်ပ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံ့စီးပွားရေးသည် တိုးတက်သင့်သလောက်   မတိုးတက်ခဲ့ရသည်များရှိပါကြောင်း၊      နိုင်ငံရေးအခြေအနေများကြောင့် ချေးငွေ၊    ထောက်ပံ့ငွေများ    ရရှိခဲ့ခြင်းမရှိကြောင်း၊ ယခင်အစိုးရလက်ထက်များ၌    ရရှိခဲ့သည့်    ချေးငွေ၊    ထောက်ပံ့ငွေများလည်း     ရပ်ဆိုင်းခြင်းခံရကြောင်း၊ ကုလသမဂ္ဂနှင့်        အဖွဲ့အစည်းအသီးသီးတို့၏  ထောက်ပံ့မှုများကိုပင်      ရပ်ဆိုင်းခြင်းခံခဲ့ရကြောင်း၊  ၂၀၂၀-၂၀၂၁    ဘဏ္ဍာရေးနှစ်    (အောက်တိုဘာလမှ  စက်တင်ဘာလအထိ)     GDP   တိုးတက်မှုနှုန်းသည်    အနုတ်  ၅ ဒသမ ၉  (ငါး ဒသမ ကိုး)  ရာခိုင်နှုန်းရှိပါ ကြောင်း၊     ၂၀၂၁ - ၂၀၂၂    ဘဏ္ဍာရေးနှစ်   (၆ လ)    (အောက်တိုဘာလမှ   မတ်လအထိ)  ၂ ဒသမ  ၄ ရာခိုင်နှုန်းသာ   တိုးတက်ခဲ့ပါကြောင်း၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်    နှစ်ကုန်    ခန့်မှန်းခြေ    (ဧပြီလမှ မတ်လအထိ)     ၃ ဒသမ  ၂   ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သဖြင့်    GDP   တိုးတက်မှုနှုန်းသည် မြင့်တက်လာပါကြောင်း၊    GDP   တိုးတက်မှုသည် အနုတ်  ၅ ဒသမ  ၉  ရာခိုင်နှုန်းမှ  အပေါင်းပြအောင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။


နိုင်ငံခြားဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်


မိမိတို့အစိုးရအနေဖြင့်     ပြည်တွင်းစီးပွားရေး မြှင့်တင်သည့်နေရာတွင်     သွင်းကုန်ဦးစားမပေးဘဲ လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းတိုးတက်ရေးအတွက်     အားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေးမြှင့်တင်တိုးတက်မှုနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်လာရေးအတွက် အသေးစား၊     အငယ်စားနှင့်    အလတ်စား(MSME)လုပ်ငန်းများသည်    အဓိကမောင်းနှင်အားတစ်ခုပင် ဖြစ်ပါကြောင်း၊ MSME  လုပ်ငန်းများတွင် ကုန်ထုတ် လုပ်မှုကို     အဓိကထားသည့်     စီးပွားရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားခြင်းကို    အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းဟူ၍ ၄ မျိုး ရှိရာ၌ ကုန်ထုတ်လုပ်မှုကို   အခြေခံသည့်လုပ်ငန်းသည် လက်တွေ့ကျသည့်   လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် မြေပေါ် မြေအောက်သယံဇာတများကို      အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို  ဦးစားပေး ဆောင်ရွက်ပြီး သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးနှင့်     ပို့ကုန် တိုးမြှင့်ရေးတို့ကို   ရည်မှန်းချက်ထားပြီး    နိုင်ငံခြား ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။


လုပ်ငန်းစဉ်(၄) ပါ    “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးအတွက်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီ ချက်များအတိုင်း     ဖြစ်နိုင်သမျှ    အလေးထား လုပ်ဆောင်သွားမည်”    ဟူသည့်   အချက်အား ဆောင်ရွက်နေမှုအနေဖြင့်      နိုင်ငံတော်အစိုးရ အဆက်ဆက်သည်  ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နည်းလမ်းပေါင်းစုံ  ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်  အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိပြီး    ငြိမ်းချမ်းရေးနှင့်ပတ်သက်၍    NCA အတိုင်း     အလေးထား    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊    မိမိတို့အစိုးရနှင့် တပ်မတော်အနေဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  တိုင်းပြည်အတွင်း  ငြိမ်းချမ်းသာယာမှုရှိရေး သည်    အရေးကြီးကြောင်းကို   အလေးအနက်ခံယူ ထားရှိပါကြောင်း၊ထို့ကြောင့်    တပ်မတော်အနေဖြင့်   ၂၀၁၈  ခုနှစ်၊   ဒီဇင်ဘာလ  ၂၁  ရက်တွင်    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနှင့်   ထာဝရငြိမ်းချမ်းရေးကို   စတင်ထုတ်ပြန်ခဲ့ ပါကြောင်း၊ ၂၀၂၂ ခုနှစ်   တစ်နှစ်တာကာလသာမကဘဲ မကြာသေးမီအချိန်က   ၂၀၂၃   ခုနှစ်  တစ်နှစ်တာ ကာလလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို    သက်တမ်း တိုးမြှင့်ပေးထားခြင်းဖြစ်သည့်အတွက်   ထုတ်ပြန်ခဲ့မှု ပေါင်း ၂၂ ကြိမ်  ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက်  အလေးပေးဆောင်ရွက်ခဲ့မှုရှိကြောင်းကို  တင်ပြလိုပါ ကြောင်း။ 


မိမိတို့အစိုးရသည်  ငြိမ်းချမ်းရေးကို လက်တွေ့ ကျကျ   အကောင်အထည်ဖော်နိုင်ရေး   လိုအပ်သည့် အတွက်  တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့အစည်း များ၏  ခေါင်းဆောင်များကို    ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ရေး    မိမိအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ် ရေးထိုးထားပြီးဖြစ်သည့်         တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ   ၇  ဖွဲ့၊   လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၃ ဖွဲ့၊   စုစုပေါင်း   ၁၀   ဖွဲ့တို့မှ       တွေ့ဆုံဆွေးနွေးနိုင်ရေး    အကြောင်း ပြန်ကြားခဲ့ပြီး   တတိယအကြိမ်ထိ   ဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။


နှစ်ဖက်သဘောတူညီချက်များကို 
လက်မှတ်ရေးထိုးနိုင်ခဲ့


ထိုကဲ့သို့တွေ့ဆုံဆွေးနွေးရာတွင်    စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို   အခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရေးတို့နှင့်         ပတ်သက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆို ချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်နိုင်သည်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ပွင့်လင်းမြင်သာစွာ   အကျေအလည်   ဆွေးနွေး ခဲ့ကြပါကြောင်း၊   ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့်   အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကို  ဖော်ဆောင်နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုသဘောတူစာချုပ်     အစိတ်အပိုင်း (၁/၂/၃)ပါ  သဘောတူညီချက်များနှင့်  ပတ်သက်၍ လည်းကောင်း၊   အစိတ်အပိုင်း  (၃) ပါ  ဆက်လက် ဆွေးနွေးရန်  ကျန်ရှိသည့်  ဇယား(၂) ပါ ဆွေးနွေးရန် အချက်များနှင့်  ပတ်သက်၍လည်းကောင်း ဆွေးနွေး ညှိနှိုင်းပြီး နှစ်ဖက်သဘောတူညီချက်များကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါကြောင်း။


ဆက်လက်၍  အစိုးရအနေဖြင့်   လက်တွေ့ကျ သည့်    ငြိမ်းချမ်းရေးလုပ်ငန်းများကို   ဆက်လက် အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့် NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း၊     တိုင်းရင်းသားများနှင့် ပတ်သက်ပြီး   နိုင်ငံတော်၏   နိုင်ငံရေးအပိုင်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည်     နိုင်ငံတော် အတွက် အသက်တမျှ အရေးပါသည့်အတွက်ကြောင့် တိုင်းရင်းသားညီအစ်ကိုများကြား     သံသယများ ဖယ်ရှားကာ  ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစား တည်ထောင်လျက်ရှိပါကြောင်း၊    တိုင်းရင်းသား ပြည်သူလူထုအားလုံး၏     လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး  ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွား ဘဝ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို   ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် ပတ်သက်နေသည့်   အဖွဲ့အစည်းများနှင့် သက်ဆိုင်သူ များအနေဖြင့်     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ      တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊  ထိုသို့ တည်ဆောက်ရာ တွင် မိမိအနေဖြင့် NCA ကို  အတတ်နိုင်ဆုံးထိန်းသိမ်း လုပ်ဆောင်ခြင်းဖြစ်ပါကြောင်းကို     တင်ပြလိုပါ ကြောင်း။


လုပ်ငန်းစဉ်(၅)ပါ    “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ        ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)  နှင့်အညီ လွတ်လပ်ပြီး   တရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား  ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား   ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား  လွှဲအပ်နိုင်ရေး  ဆက်လက် ဆောင်ရွက်သွားမည်”     ဟူသည့်   အချက်အား ဆောင်ရွက်နေမှုအနေဖြင့်   မိမိတို့အစိုးရအနေဖြင့် မဲစာရင်းမှားယွင်းမှုမှပြဿနာဖြစ်ပြီး   နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်  အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် တွေနှင့်အညီ   ဆောင်ရွက်ပြီးစီးပါက   လွတ်လပ်ပြီး တရားမျှတသည့်    ပါတီစုံဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး  အစဉ်တစိုက် ဦးတည်ချက်ထား    ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်မှန်၍   စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီ စနစ်    ရှင်သန်ထွန်းကားရေးအတွက်   လွတ်လပ်ပြီး တရားမျှတသည့်  ရွေးကောက်ပွဲသည် အရေးပါသည့် အခန်းကဏ္ဍက    ပါဝင်နေပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ရွေးကောက်ပွဲတွင်  အခြေခံအချက်အလက် များ ပြည့်စုံမှန်ကန်အောင်  သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို   အဆင့်လိုက် ဆောင်ရွက်လျက်ရှိပါကြောင်း။


အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်


ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် မဲစာရင်း များ   ပြည့်စုံမှန်ကန်ရေးအတွက်    မြေပြင်လူဦးရေ စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ် ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ စတင်ပြင်ဆင်ခဲ့ပါကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများ         မှန်ကန်စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဦးစီးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ  ပါဝင်သည့်အဖွဲ့တို့ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီး ဌာနမှ    ကြိုတင်ပြုစုထားသည့်   လူဦးရေစာရင်းပုံစံ ၆၆/၆ နှင့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစု ထားသည့်   ရပ်ကွက်/  ကျေးရွာအုပ်စုများမှ   မြေပြင် ၌    လက်ရှိနေထိုင်လျက်ရှိသည့်    လူဦးရေစာရင်း (ထွေ-၁က)တို့ကို     တိုက်ဆိုင်စစ်ဆေး   ဆောင်ရွက် ဆဲဖြစ်ပါကြောင်း၊     မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး       ဆောင်ရွက်မှုသည် အရေးကြီးသည့်      လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို တင်ပြလိုပါကြောင်း။ 


အချိုးကျ ပါဝင်လာနိုင်မည်ဖြစ်သဖြင့်  
ပိုမိုပြီး မျှမျှတတရှိ


ဒီမိုကရေစီစနစ်၏   အခြေခံကျပြီး အနှစ်သာရ လည်းဖြစ်သည့်  ကိုယ်စားပြုမှုကို   ဖော်ဆောင်နိုင် ခြင်းသည်     ရွေးကောက်ပွဲစနစ်အပေါ်တွင်သာ မူတည်နေပါကြောင်း၊     လက်ရှိကျင့်သုံးနေသည့် များသူအနိုင်ယူစနစ်  FPTP(First Past the Post) စနစ်သည် မဲနိုင်သည့်ပါတီအတွက်  အားသာချက်ဖြစ် သော်လည်း  ကျန်ပါတီများအတွက်   ကိုယ်စားပြုမှု  နစ်နာဆုံးရှုံးသည့်သဘောကို   တွေ့ရသဖြင့်  မိမိတို့ အစိုးရအနေဖြင့်  တိုင်းရင်းသားများ၊  တိုင်းရင်းသား ဒေသများနှင့်       လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ တရားဝင်နိုင်ငံရေး စင်မြင့်ဖြစ်သည့်  လွှတ်တော်ထဲသို့ ရောက်ရှိလာရေး မိမိတို့နိုင်ငံ၏    ဒီမိုကရေစီစနစ်နှင့်   သင့်တော်မည့် ရွေးကောက်ပွဲစနစ်ကို     အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊     ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင်   ပါတီ  ၈၈  ပါတီ    ယှဉ်ပြိုင်ခဲ့ပြီး  ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံရပါကြောင်း၊  ၂  ဦး  တစ်သီးပုဂ္ဂလအနေဖြင့် ရွေးချယ်ခံခဲ့ရပါကြောင်း၊      ယင်းအခြေအနေကို သုံးသပ်ကြည့်ပါက  မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီများ များပြားနေပြီး ပါတီအလိုက်  ပြည်သူကို ကိုယ်စားပြု နိုင်မှုသည်  အားနည်းနေသည်ကို    တွေ့ရှိရပါကြောင်း၊ ဖြစ်သင့်သည်မှာ    နိုင်ငံရေးပါတီများသည်   မိမိကို ထောက်ခံသည့် ပြည်သူများ စုစုစည်းစည်း  အင်အား ရှိရှိဖြင့် ကိုယ်စားပြုနိုင်ရေး  လိုအပ်ပါကြောင်း၊ ပါတီ များ  များပြားသော်လည်း  လွှတ်တော်တွင် ပါဝင်ခွင့် ရရှိသည့်    ပါတီသည်  နည်းပါးသည်ကို   တွေ့ရှိရပါ ကြောင်း၊ ပါတီဝင်များအနေဖြင့်  ပါတီအစုအဖွဲ့တစ်ခု အနေဖြင့်သာ    လုပ်ဆောင်နိုင်သည်ကို   တွေ့ရမည် ဖြစ်ပါကြောင်း၊   ယင်းအစုအဖွဲ့သည် ငယ်နေမည် ဆိုပါက    ဧရိယာအားဖြင့်၊   အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှု မရှိသည်ကို  တွေ့ရမည်ဖြစ်ပါကြောင်း၊   ထို့ကြောင့် ပါတီများအားလုံး ယခုထက်ပိုမိုပြီး  ကျစ်လျစ်ခိုင်မာ စွာ၊ စည်းစနစ်ကျနစွာဖြင့်  ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  ထို့ကြောင့်  နိုင်ငံရေးပါတီ များ    မှတ်ပုံတင်ခြင်းဥပဒေကိုလည်း   ပြင်ဆင်ပြဋ္ဌာန်း ခဲ့ပါကြောင်း၊   တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ခရိုင်/    မြို့နယ်များကို      လိုအပ်သလိုစုစည်းကာ PR (Proportional Representation) စနစ်ကျင့်သုံး နိုင်ရေး    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိပါကြောင်း၊       ယင်းစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်လျှင်      လူမျိုးစုငယ်များ အပါအဝင်  တိုင်းရင်းသားများအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး  စသည့် ကဏ္ဍများတွင်  အချိုးကျ ပါဝင် လာနိုင်မည်ဖြစ်သဖြင့်  ပိုမိုပြီး  မျှမျှတတရှိလာမည် ဖြစ်ပါကြောင်း။


မိမိတို့နိုင်ငံတွင်  ပါတီစုံဒီမိုကရေစီစနစ် စတင် ကျင့်သုံးသည့်ကာလကစပြီး အထွေထွေရွေးကောက်ပွဲ (၃)ကြိမ်   ကျင်းပခဲ့ပါကြောင်း၊   နိုင်ငံတွင် မြို့နယ် ၃၃၀ မြို့နယ်ရှိပြီး  ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့်  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ  ၃၁၅ မြို့နယ်တို့၌  ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို  ဖော်ဆောင်မည်ဟူသည့်  အစိုးရ များလက်ထက်တွင်      ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှု ပိုမိုပြီး  နည်းပါးသွားသည်ကို   သတိပြုဖွယ်   တွေ့ရပါ ကြောင်း။


ရွေးကောက်ပွဲများ       ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏         ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး      ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊   မတရားတိုက်တွန်းမှု၊   လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများ ကင်းဝေး ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ       အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး၊  မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ  ကင်းဝေးစေရေး ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊  မိမိအနေဖြင့်  နိုင်ငံအနှံ့  အကြား အလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင်မှု၊   စီမံဆောင် ရွက်မှုများကို    ဆက်လက်ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့    လွတ်လပ်၍တရားမျှတပြီး    ပွင့်လင်း မြင်သာသည့်   ရွေးကောက်ပွဲအောင်မြင်စွာ  ကျင်းပ နိုင်ရေးအတွက်  နိုင်ငံအဝန်း   မူလပကတိ သာမန် အခြေအနေ   အချိန်အခါများအတိုင်း    လမ်းပန်း ဆက်သွယ်မှု  လုံခြုံချောမွေ့စေရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး  ရရှိရေးအတွက် လည်း     ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများကိုလည်း  ရွေးကောက်ပွဲစနစ်နှင့် ဆီလျော်သည့်     ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရ မည်ဖြစ်ပါကြောင်း၊   ထို့အပြင်   ပြည်သူလူထုကို လည်း        ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်သည့် ပညာပေးမှုများကို   ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် ပြင်ဆင်ချိန်၊    လုပ်ဆောင်ချိန်    စသည့်လုပ်ငန်းစဉ် များ    ရှိပါသေးကြောင်း၊    ယင်းလုပ်ငန်းစဉ်များ အပေါ်     မိမိတို့အစိုးရအနေဖြင့်    အလေးထား   လုပ်ကိုင်ဆောင်ရွက်နေကြောင်းကို     တင်ပြလိုပါ ကြောင်း။ 


ဆက်လက်ပြီး  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရွေးချယ် တင်မြှောက်ခြင်း ပြုလုပ်ခြင်းဆိုင်ရာများ တင်ပြလိုပါ ကြောင်း၊  ၂၀၂၁  ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်အနေဖြင့်  ယာယီသမ္မတ၏   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ  တိုင်းပြည်၏တာဝန်ကို ရယူထိန်းသိမ်း ရခြင်းဖြစ်ပါကြောင်း၊ ယင်းအပေါ် နိုင်ငံရေးအသုံးချ မှုများ   များစွာရှိပါကြောင်း၊     မိမိတို့အစိုးရအနေဖြင့်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     တိုင်းပြည် တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်နိုင်ရေး  နေပြည်တော်စည်ပင်ရိပ်သာတွင်ရှိနေသည့် ထိုစဉ်က ရွေးချယ်ခံလွှတ်တော်အမတ်များကို လက်ရှိနိုင်ငံရေးဖြစ်စဉ်အပေါ် တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂  ရက်မှ ၄ ရက်အထိ နေရပ် ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် မရှိသူ များက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၅  ရက်တွင် “ပြည်ထောင်စုလွှတ်တော်  ကိုယ်စားပြုကော်မတီ (CRPH)” အမည်ဖြင့် တရားမဝင် ကော်မတီအားလည်း ကောင်း၊     ၂၀၂၁  ခုနှစ်၊    ဧပြီလ   ၁၆  ရက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အမျိုးသား ညီညွတ်ရေးအစိုးရ” (National Unity Government-NUG) အမည်ဖြင့် တရားမဝင်အစိုးရကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (People’s Defense Force-PDF) အဖြစ် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းအားလည်း ကောင်း   ဖွဲ့စည်းခဲ့ပါကြောင်း၊   တစ်ချိန်တည်း၌ပင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)စသည့် အဖွဲ့များကို ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပြီးသည့်နောက် တွင်      တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ ဖြစ်သည့် KIA ၊ KNU နှင့် KNPP နယ်မြေများတွင် အကြမ်းဖက်သင်တန်း     တက်ရောက်ရန်အတွက်NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဦးစီး၍ စေလွှတ်သွားရောက်ခဲ့ပါကြောင်း၊ NLD ပါတီ ဥက္ကဋ္ဌ ၏ ပြည်သူသို့ ပန်ကြားချက်ကို NLD ပါတီက တာဝန် ရှိသူ တစ်ဦးဖြစ်သည့်   ဦးဝင်းထိန်၏  နာမည်ဖြင့် ၎င်း၏အသက်နှင့်ရင်းကာ   တိုင်တည်ဝံ့ပါကြောင်း ဖြင့် ပြည်သူကိုလှုံ့ဆော်သည့် စာတစ်စောင်ထွက်ပေါ် လာပါကြောင်း၊ “တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ  တစ်ခဲနက် ဆန့်ကျင်တုံ့ပြန်ကြပါရန်     တိုက်တွန်းလိုက်ပါ ကြောင်း”   ဟူသည်ကို    ကြည့်ပါက   တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်မည်ဟူသည့် သူများသည် NLD ထောက်ခံသူများ၊ တပ်မတော်မှ တာဝန်ယူထိန်းသိမ်းခြင်းကို လုံးဝသဘောမပေါက် သည့်သူများကို  လက်နက်စွဲကိုင် ဆူပူလုပ်ဆောင်လာ စေရန် လမ်းမှားသို့ တွန်းပို့သည်ကို တွေ့ရပါကြောင်း၊ ယင်းတို့သည် ကြိုတင်ပြင်ဆင်မှုများသာ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော    အခြေအနေအကြောင်းအရာများ ကြောင့် မိမိတို့နိုင်ငံတွင်  အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါကြောင်း၊   ၎င်းတို့အနေဖြင့် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် အခွင့်အရေး ရှိပါကြောင်း၊ ယင်းကို  ရင်မဆိုင်ရဲဘဲ  အကြမ်းဖက် လမ်းကြောင်းပေါ်ကို    ရွေးချယ်ခဲ့ခြင်းသည်    ဒီမို ကရေစီအား ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်း သည် မြန်မာနိုင်ငံဒီမိုကရေစီစနစ်၏  ဆိုးရွားသည့် အမည်းစက်ပင်ဖြစ်ပါကြောင်း၊  မိမိတို့  လူမျိုးသည် သွေးဆူလွယ်သည့်သူများဖြစ်ပြီး အားနည်းချက်များ ရှိသည့်အတွက် လှုံ့ဆော်မှုများတွင် နားယောင်လွယ် ကြပါကြောင်း၊  သို့သော်   အခြေအနေအရပ်ရပ်ကို သဘောပေါက်နားလည်လာကြသည့်အခါတွင် ၂၀၂၁ ခုနှစ်၌ ကြီးမားသည့်ဆန္ဒပြမှုများ ဖြစ်ပေါ်လာသော် လည်း   နှောင်းပိုင်းကာလမှစ၍    ဆူပူဆန္ဒပြမှုများ လျော့ကျသွားပြီး  ၂၀၂၂  ခုနှစ်တွင်  သိသိသာသာ လျော့နည်းသွားခဲ့ပါကြောင်း၊ သို့သော် EAO များနှင့် ပြည်ပနိုင်ငံအချို့က တိုက်ရိုက်/ သွယ်ဝိုက်အကူအညီ ထောက်ပံ့မှုများဖြင့် PDF အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှု၊    မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမီးရှို့မှု၊ လူသတ်မှုများ ရှိနေပါသေးကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံ တော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ တစ်နိုင်ငံ လုံး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ၄,၉၁၇ ခု ပျက်စီး ဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံး ဖြင့်ပစ်ခတ်ခံရမှု  ၈,၅၂၇  ကြိမ်၊  တိုက်ခိုက်ခံရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု   ၁,၂၃၁  ကြိမ်၊   စုစုပေါင်း အကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ လက်နက်မျိုးစုံ ၁၇,၆၉၇ လက်၊ လက်လုပ်မိုင်း/ ဗုံး ၂၇,၂၁၃ လုံးအပါအဝင် ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ တောင့် သိမ်းဆည်းရမိခဲ့ပါကြောင်း၊ အစိုးရဝန်ထမ်း များ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေး သူငယ်၊ အရပ်သားအပါအဝင်  စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦး ရှိပါကြောင်း၊ ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထား လမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်၊  မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင်  ၂  ကြိမ်နှင့် ဆက်သွယ် ရေးတာဝါတိုင် ၁၃၂ ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု များကြောင့် သံဃာ ၇၀ ပါး၊ သီလရှင် ၂ ပါး၊ ပညာရေး ဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများရှိခဲ့ပါကြောင်း။ 


အကြမ်းဖက်မှုဖြစ်စဉ်များ၏ နောက်ကွယ်တွင် တချို့သော EAO များ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိ
၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးတွင်  အကြမ်းဖက်မှု ဖြစ်စဉ် အကြိမ်အရေအတွက် လျော့နည်းလာသော် လည်း သေဆုံး၊ ဒဏ်ရာရမှု များလာပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉  ရက်နေ့မှစတင်၍  မဲစာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်းလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ရာတွင်     အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး/ ဒဏ်ရာရမှုများ  ပိုမို များပြားလာခဲ့ပါကြောင်း၊  သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ တင်ပြချက်များ အရ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့်မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရ မည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ် ရှိကြောင်းကို သိရှိရပါကြောင်း၊ တည်ငြိမ်အေးချမ်းမှု ဟူသည်   မြို့ပေါ်တစ်ခုတည်း    မရပါကြောင်း၊ ကျေးလက်ဒေသ၊   မြို့နယ်အဆင့်ထိ   အကျုံးဝင်ပါ ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ၏ နောက်ကွယ် တွင် တချို့သော  EAO   များသည်   ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိပါကြောင်း၊ PDF များသည် တိုင်းရင်းသား EAO များနှင့် မတူသည်ကို ၎င်းတို့လုပ်ရပ်ကို   ကြည့်ပါက    တွေ့ရပါကြောင်း၊ ၎င်းတို့ဒေသနှင့်    လူမျိုးအတွက်ကို    မကြည့်ဘဲ မဲမသမာမှုပြုသူများနှင့် ပူးပေါင်းပြီး ရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဒလန်ဟူ၍ စွပ်စွဲပြီး အပြစ်မဲ့ပြည်သူများ ကို သတ်ဖြတ်ခြင်း၊  ပစ္စည်းများကို   လုယက်ခြင်း၊ ဆက်ကြေးတောင်းခြင်းတို့ကို   လုပ်ဆောင်နေပါ ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးကိုသာကြည့်ပြီး ၎င်းတို့ ဒေသနှင့် လူမျိုးအကျိုးကို ဂရုမစိုက်ဘဲ လုပ်ဆောင်နေ သောကြောင့် ယခုအချိန်အထိ နယ်မြေတည်ငြိမ် အေးချမ်းမှုများနှင့်    ဝေးကွာနေရခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် အဖွဲ့ဝင်များ သတိပြုနိုင်ရန် တင်ပြလိုပါကြောင်း။


ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးနိုင်မှု မရှိတော့မည်လည်းဖြစ်


ရွေးကောက်ပွဲတွင် အခြေခံမဲစာရင်းမှန်ကန်ရေး သည်   အဓိကကျသည့်  အခြေခံအချက်ပင်ဖြစ်ပါ ကြောင်း၊   လူဦးရေစာရင်း   တိကျခိုင်မာရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံတွင်  ၂၀၁၄ ခုနှစ်က   ကောက်ယူခဲ့သည့်   လူဦးရေနှင့်သန်းခေါင် စာရင်းသည်  ၁၀   နှစ်နီးပါးခန့်   ကြာပြီဖြစ်သဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သည် ကောက်ယူရန် လိုအပ်နေသေးမည်ဖြစ်ကြောင်း၊ ထို့အပြင်  ယခင်က  မြန်မာနိုင်ငံတွင်  ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းသည် အင်္ဂလိပ်အစိုးရလက်ထက်၌ ၁၀ နှစ် ၁ ကြိမ် ကောက်ယူခဲ့ပြီး ၁၈၇၂ ခုနှစ်က စတင်ခဲ့ပါကြောင်း၊ ၁၈၈၁ ခုနှစ်မှစ၍ ၁၀ နှစ် ၁ ကြိမ် ၁၉၄၁ ခုနှစ်အထိ ကောက်ယူခဲ့ပါကြောင်း၊ လွတ်လပ် ရေးရပြီးချိန် အစိုးရမှ ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အဆင့်   ၃   ဆင့်ဖြင့်  ကောက်ယူခဲ့ပါကြောင်း၊   ထို ကောက်ယူမှုသည်   နိုင်ငံ၏  ၃၀   ရာခိုင်နှုန်းသာ ကောက်ယူနိုင်ခဲ့ပြီး ကျန်  ၇၀  ရာခိုင်နှုန်းအတွက် ၁၉၆၁ ခုနှစ်တွင် ကောက်ယူရန် ရွှေ့ဆိုင်းခဲ့သော်လည်း မဆောင်ရွက်နိုင်ခဲ့ဘဲရှိခဲ့ရာ ၁၉၇၂ ခုနှစ်တွင် မြန်မာ နိုင်ငံ သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ကောက်ယူခဲ့ပါ ကြောင်း၊ ဒုတိယအကြိမ် ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်အထိ သန်းခေါင်စာရင်းများ ကောက်ယူ ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းများအား ၁၀ နှစ် ၁ ကြိမ် ကောက်ယူရန်လိုပါကြောင်း၊ လက်ရှိအခြေအနေ တွင် ပြည်ပသို့ ထွက်ခွာသွားသည့် အတည်မပြုနိုင် သေးသည့် နိုင်ငံသားအရေအတွက်နှင့် အကြမ်းဖက် မှုများကြောင့်  လူဦးရေစာရင်းသည်  အတည်ပြုရန် ခက်ခဲနေဆဲဖြစ်ပါကြောင်း၊   မဲစာရင်းမှန်ကန်ရန် အခြေခံဖြစ်သည့်   သန်းခေါင်စာရင်း    မှန်ကန်ရန် လည်း    လိုအပ်မည်ဖြစ်ပါကြောင်း၊   သန်းခေါင် စာရင်းသည်  ၁၀  နှစ်  ၁  ကြိမ်   ကောက်ယူခြင်း ဖြစ်သဖြင့်    သန်းခေါင်စာရင်းကောက်ယူမှုသည် မဖြစ်မနေဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊   ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဒီမိုကရေစီ အခွင့်အရေးများ  ဆုံးရှုံးနိုင်မှု  မရှိတော့မည်လည်း ဖြစ်ပါကြောင်း။


လာမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် မြို့နယ်အရေ အတွက်နှင့်   တည်ငြိမ်အေးချမ်းမှုအခြေအနေများ ထက်   မလျော့ပါးအောင်၊   အစောဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း အချို့ နယ်မြေများတွင်   နိုင်ငံသားတစ်ဦးချင်း၏   ဆန္ဒ သဘောထားကို   လွတ်လပ်စွာ   ဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှု များ   ကင်းဝေးရန်  လိုအပ်မည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းသည့် မူလ ပကတိအခြေအနေ၊ အချိန်ကာလရှိမှသာ တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ    ကျင်းပနိုင်မည်    ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်ဆိုပါက လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေးသည် အစိုးရက မလွဲမသွေလုပ်ဆောင်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊   မဲပေးခြင်း၊   မဲမပေးခြင်းသည် လူတစ်ဦးချင်းစီ၏  ဆန္ဒဖြစ်ပါကြောင်း၊   မဲပေးနိုင် အောင် ဆောင်ရွက်နိုင်ရေးသည် အစိုးရ၏တာဝန် သာဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံသား အားလုံး ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးရလေအောင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပ နိုင်ရေး   ဆောင်ရွက်ပေးသွားမည်   ဖြစ်ပါကြောင်း၊ မဲပေးကြမည့် နိုင်ငံသားတိုင်းလည်း  မိမိတို့တစ်ဦး ချင်း၏    ဆန္ဒအတိုင်း   မဲရုံများသို့    လာရောက်ပြီး လွတ်လပ်စွာဆန္ဒမဲပေးခွင့်ကို နေရာအနှံ့ ဖော်ထုတ် နိုင်မည် ဖြစ်ပါကြောင်း။ 


ရေရှည်အကျိုးရှိစေမည့် အစီအမံများ ရှေးရှုဆောင်ရွက်ခဲ့


တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊ မည်သည့် အစိုးရပင်ဖြစ်စေ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဟု ခံယူပြီး နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guar-dian အနေဖြင့် အစဉ်အမြဲ ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်အခြေအနေတွင် မိမိတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်  ဖြစ်ပါကြောင်း၊ မိမိတို့နှင့်အတူ    ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းကူညီပေးရန်     ပန်ကြားလိုပါကြောင်း၊ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်း မှုရှိရေးသည်လည်း အဓိကအရေးကြီးသည့်အတွက် အထက်ပါ  မိမိအစီရင်ခံချက်များအရ  ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများရှိပါကြောင်း၊ ယင်းတို့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အချိန်လိုအပ်ပါ ကြောင်း၊   လက်ရှိအစိုးရနှင့်အတူ   သက်ဆိုင်ရာ အဖွဲ့အစည်းများ    ပူးပေါင်းကာ   ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင် ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံ သားတို့အပေါ်    ရိုးသားဖြောင့်မတ်စွာဖြင့်   စိတ် စေတနာကောင်းစွာ လုပ်ဆောင်ခဲ့ကြသကဲ့သို့ နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များ တွင် ရေရှည်အကျိုးရှိစေမည့် အစီအမံဆောင်ရွက် ချက်များကိုသာ ရှေးရှုဆောင်ရွက်ခဲ့ပါကြောင်းနှင့် တာဝန်ထမ်းဆောင်ခဲ့မှု     အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်ပါရန်    လေးစားစွာတင်ပြအပ်ပါ ကြောင်း တင်ပြသည်။            


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏   တင်ပြချက်များနှင့်စပ်လျဉ်း၍   အမျိုးသား ကာကွယ်ရေးနှင့်    လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးတင်ပြကြရာ  ဦးစွာ   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ်များ  လုပ်ဆောင်မှုကို ရှင်းလင်းတင်ပြသည့်အတွက်    ကျေးဇူးတင်ရှိပါ ကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ ကျန်ရှိမှုနှင့်ပတ်သက်၍ အခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်း ချက်များဖြစ်သည့် ပုဒ်မ ၄၂၅ အား သုံးသပ်ရာတွင်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသဘော ထားမှတ်ချက်ကိုလည်း ရယူပါက ပိုမိုပြည့်စုံမည်ဖြစ် ကြောင်း ဆွေးနွေးတင်ပြသည်။


ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို 
နှောင့်ယှက်ပစ်ခတ်သတ်ဖြတ်ခြင်းများရှိ


ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က   ရှင်းလင်းတင်ပြရာတွင်   ရှေ့လုပ်ငန်းစဉ် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလပြဋ္ဌာန်း ခြင်းဆိုင်ရာ   ကိစ္စရပ်များ   ဆောင်ရွက်ပြီးချိန်တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ နိုင်ရန်    ကိစ္စရပ်နှင့်ပတ်သက်ပြီး   ဆွေးနွေးလိုပါ ကြောင်း၊ မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ စတင်တာဝန်ယူခဲ့ရခြင်းမှာ  မဲမသမာမှုကိစ္စကြောင့် ဖြစ်ပါကြောင်း၊    လွတ်လပ်ပြီး  တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက်   ယခုကဲ့သို့သော အမှားများ ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  ထို့ကြောင့်   နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် မိမိကိုတာဝန်ပေး၍ ပဏာမစစ်ဆေးခြင်း များ ဆောင်ရွက်စေလျက်ရှိကြောင်း၊ ပထမဆုံးတွေ့ရှိ ချက်အနေဖြင့် ၁၉၄၈ ခုနှစ်နောက်ပိုင်း  အမျိုးသား မှတ်ပုံတင်ကတ်   ပေးထားမှုများကို   စစ်ဆေးရာ တွင်    မှတ်ပုံတင်ထားသူပေါင်း  ၅၁  သန်းကျော်ရှိ ကြောင်း၊ အဆိုပါမှတ်ပုံတင်စာရင်းများကို စစ်ဆေးခဲ့ ချိန်တွင် ထပ်နေသူများ၊ နိုင်ငံအတွင်းနေထိုင်မှုရှိ/မရှိ မသေချာသောသူများလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့်    အဆိုပါအချက်များကို   စိစစ်ပြီးပါက ဒုတိယအဆင့်အနေဖြင့် ရရှိလာသည့် ကွန်ပျူတာ စာရင်းများကို   မြေပြင်အခြေအနေနှင့်   တိုက်ဆိုင် စစ်ဆေးရမည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေအပေါ် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ အချို့ အကြမ်းဖက် အဖွဲ့များက  နှောင့်ယှက်ခြင်း၊  ခြိမ်းခြောက်ခြင်းနှင့် ဖျက်ဆီးခြင်းလုပ်ငန်းများ    ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် တစ်ဦးချင်း မဲစာရင်း  မှန်ကန်ရေးဆောင်ရွက်နေမှုကို   များစွာ အနှောင့်အယှက်ဖြစ်စေလျက်ရှိကြောင်း၊ ပုံစံ ၆၆/၆ ကို ကောက်ယူချိန်တွင် ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကို နှောင့်ယှက်ပစ်ခတ်သတ်ဖြတ်ခြင်းများရှိကြောင်း၊  ၁၀  နှစ်   တစ်ကြိမ်ကျင်းပသည့်   လူဦးရေနှင့် အိမ်အကြောင်းရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်အတွက်   မရှိမဖြစ်အရေးကြီးလိုအပ်သည့်   စာရင်းဖြစ်ကြောင်း၊  နိုင်ငံတော်၏  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အထောက်အကူပြုနိုင် သကဲ့သို့ မဲစာရင်းများနှင့် ရွေးကောက်ပွဲအတွက်လည်း များစွာ အထောက်အကူပြုနိုင်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်ရန်၊ တစ်ဦး ချင်း မဲဆန္ဒနယ်အလိုက်  မဲပေးပိုင်ခွင့်များရှိနိုင်ရန်၊ မှန်ကန်သည့်မဲစာရင်းများရရှိစေရန် ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ လက်ရှိ လုံခြုံရေးအရဆောင်ရွက် ရာတွင်    တိုင်းဒေသကြီးနှင့်    ပြည်နယ်အလိုက် အကြမ်းဖက်မှုများကို ၂၀၂၁ ခုနှစ်မှစ၍ လုပ်ဆောင် လာကြကြောင်း၊  မိမိတို့အနေဖြင့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်   ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို    ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၀  ဖွဲ့နှင့်   ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး  လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊      မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်ရန်၊  အကြမ်းဖက်များ  ကျန်ရှိနေသည့်   နေရာများတွင်   အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားရန်၊ မဲပေးရာတွင်        တစ်ဦးချင်းလွတ်လပ်စွာဖြင့် ဆောင်ရွက်နိုင်ရန်       အချိန်ကာလတစ်ခုအထိ လိုအပ်နေသေးသည်ဟု ယူဆပါကြောင်းဖြင့် ဆွေးနွေး တင်ပြသည်။


ယင်းနောက်      ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် အကြမ်းဖက်မှုနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခက် အခဲများကို   ဖြေရှင်းခဲ့ရကြောင်း၊   နိုင်ငံစီးပွားရေး ကျဆင်းမှု ယခင်အစိုးရလက်ထက် GDP အနုတ် ၅ ရာခိုင်နှုန်းအထိ  ကျဆင်းခဲ့မှုကို  ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းတွင်     စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိ စဉ်   နိုင်ငံတော်ကို   ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသည့် အဖျက်သမားများသည်လည်း ယခုအချိန်အထိ ရှိနေဆဲဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့်    ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက်    အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် လူဦးရေစာရင်း ကောက်ယူရေးသည်   အဓိကကျ ကြောင်း၊ အဆိုပါ ကိစ္စရပ်များ  အနှောင့်အယှက် ကင်းကင်းဖြင့် ဆောင်ရွက်နိုင်ရန်နှင့် အချိန်ကာလ တစ်ခု  လိုအပ်နေဆဲဖြစ်သည်ကို   ထောက်ခံတင်ပြ အပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။


ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက   ဆွေးနွေးတင်ပြရာတွင်   လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍  မဲမသမာမှုကြောင့်   တပ်မတော်မှ နိုင်ငံတော်တာဝန်များကို     ထမ်းဆောင်ခဲ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူပြီး နောက်ပိုင်း  ငြိမ်းချမ်းစွာ ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု၊   အကြမ်းဖက်မှုနှင့်   ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဆူပူဆန္ဒပြမှု များ  မရှိတော့သော်လည်း  အကြမ်းဖက်မှုများရှိနေ ဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိစေရန်   အကြမ်းဖက်သမားများ က   အကြမ်းဖက်နှောင့်ယှက်ခြင်း၊   သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို   လုပ်ဆောင်လျက်ရှိကြောင်း၊ အုပ်ချုပ်မှုယန္တရားများ    လည်ပတ်နိုင်ရန်အတွက် ရပ်ကွက်၊  ကျေးရွာအုပ်ချုပ်ရေးမှူးများ  အချို့နေရာ များတွင်  ခန့်အပ်ရန်   ကျန်ရှိနေသေးကြောင်း၊  မိမိ တင်ပြခဲ့သည့် အထက်ပါအခြေအနေများအရ NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့်   လာမည့်ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိစေရန်အတွက်       ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲကော်မရှင်ရုံးများ၊   လဝကရုံးများနှင့် နိုင်ငံရေးပါတီရုံးများကို မီးရှို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံရေးပါတီဝင်များနှင်  လွှတ်တော်ကိုယ်စားလှယ် လောင်းများကို   ခြိမ်းခြောက်သတ်ဖြတ်ခြင်းများ၊ အုပ်ချုပ်မှုယန္တရားများ မလည်ပတ်နိုင်စေရန်အတွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ လုပ်ကြံသတ်ဖြတ်ခြင်းများရှိသကဲ့သို့ ပြည်သူ များအကြား  အကြောက်တရားဖြင့်  လွှမ်းမိုးနိုင်ရန် အတွက် ၎င်းတို့နှင့်  အယူအဆမတူသည့်သူများကို  ဒလန်ဟု    စွပ်စွဲပြီး     လုပ်ကြံသတ်ဖြတ်မှုများကို  လုပ်ဆောင်လာနိုင်ပါကြောင်း၊  လုံခြုံရေး၊  တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရှုထောင့်အရ ကြည့်ရမည်ဆိုပါက      အကြမ်းဖက်အုပ်စုများ   တဖြည်းဖြည်း ချုပ်ငြိမ်းသွားသည့်  အခြေအနေအထိ    လုပ်ဆောင်သွားရန် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။


ယင်းနောက်       နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ဆွေးနွေးတင်ပြရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပ နိုင်ရေးသည် နိုင်ငံတော်အတွက် အရေးကြီးလိုအပ် ချက်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများအပါအဝင် တရားမျှတမှုများမရှိခဲ့သည် ကို    တွေ့ရကြောင်း၊   ထိုသို့ဆောင်ရွက်ခြင်းသည် တစ်ပါတီစနစ်၊ တစ်ဦးတစ်ယောက်တည်းမှ အာဏာရှင် ပုံစံဖြင့် သက်ဆိုးရှည်စွာအုပ်ချုပ်နိုင်ရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊    တည်ငြိမ်အေးချမ်းမှုများကို ဆောင်ရွက်ရန်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အချိန်ယူဆောင်ရွက်ရန် လိုအပ် သည်ကို မိမိအနေဖြင့် ထောက်ခံတင်ပြအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက်       နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက      ဆွေးနွေးတင်ပြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       တာဝန် ထမ်းဆောင်နေစဉ်အတွင်း  အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ  အကြမ်းဖက်သမားများ၏   အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်မှုများကို စာရင်းဇယားများနှင့်တကွ တွေ့ရှိရပြီးဖြစ်ကြောင်း၊ လက်ရှိကာလတွင် အကြမ်းဖက်မှုများလျော့နည်းလာ ပြီဖြစ်သော်လည်း   အချို့သောနေရာဒေသများတွင် ရှိနေဆဲဖြစ်ပြီး   ရွေးကောက်ပွဲကို  ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ   ဆောင်ရွက်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယင်းအခြေအနေသည် ရှေ့လုပ်ငန်း စဉ်တွင် အရေးကြီးဆုံးအချက်ဖြစ်သည့်  လွတ်လပ် ၍    တရားမျှတသည့်     ရွေးကောက်ပွဲကျင်းပရန် သင့်တော်ခြင်းမရှိသေးသည့် အခြေအနေဖြစ်သည်ကို တွေ့ရှိရပြီး        တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ရွေးကောက်ပွဲအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ    ပြီးပြည့်စုံအောင်    အချိန်ကာလ အတိုင်းအတာတစ်ခုအထိ သတ်မှတ်ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် အချိန်ကာလတစ်ခုကို အခြေခံဥပဒေ နှင့်အညီဖြစ်စေရေး အားလုံးဆွေးနွေးသတ်မှတ်သင့် ပါကြောင်း ဆွေးနွေးတင်ပြသည်။


ဆွေးနွေးတင်ပြမှုများအပေါ်    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  ဖြည့်စွက်ဆွေးနွေးပြော ကြားရာတွင်    မိမိတို့အနေဖြင့်    ပြည်သူက ရွေးချယ် ထားသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို   မလွဲမသွေ လျှောက်လှမ်းရမည်ဖြစ်သည့်အတွက်  ရွေးကောက် ပွဲကို  မဖြစ်မနေလုပ်ရမည်ဖြစ်ကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည် ပြည်သူလူထု(၉၂ ဒသမ ၄၈)ရာခိုင်နှုန်းက ထောက်ခံအတည်ပြုထား သည့်  အခြေခံဥပဒေဖြစ်ပြီး  မိမိတို့တပ်မတော်သား များလည်း မဲပေးခဲ့ကြောင်း၊  ၎င်းသည်  ပါတီစုံဒီမို ကရေစီစနစ်ကိုကျင့်သုံးရန် ခိုင်မာသည့် အာမခံချက် တစ်ခုဖြစ်ပြီး   အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို   အကောင်အထည်ဖော် ဆောင်ပေးရန်တာဝန်ရှိပြီး  ရွေးကောက်ပွဲကို  မဖြစ် မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆောင်ရွက်ရန်အတွက်  စာရင်းဇယားများမှန်ကန်ရန်၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် နှင့်   ခြိမ်းခြောက်မှု၊   အကျပ်ကိုင်မှုနှင့်   ဖိအားများ ကြောင့် မဲပေးရခြင်းများမရှိရန် လိုကြောင်း၊ အကြား အလပ်မရှိ        ရွေးကောက်ပွဲကျင်းပနိုင်ရန်လည်း လိုကြောင်း၊ မဲပေးခြင်း မပေးခြင်းသည် ပြည်သူတစ်ဦး ချင်းစီ၏ ဒီမိုကရေစီအခွင့်အရေးဖြစ်ပြီး  မဲပေးပိုင် ခွင့်ရှိအောင် ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြည့်မည် ဆိုပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့်      တိုင်းဒေသကြီးလွှတ်တော်တို့သည် ပထမဦးဆုံး   စတင်ကျင်းပသည့်နေ့တွင်   အစည်း အဝေးတက်ရောက်သူ   ၅၀  ရာခိုင်နှုန်းနှင့်အထက် ရှိရန်လိုကြောင်း၊   ထို့ကြောင့်   ရွေးကောက်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဒေသအသီးသီးတွင် လည်း ၅၀ ရာခိုင်နှုန်းအထက် အနည်းဆုံး မဖြစ်မနေ လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ သို့မှလည်း ရွေးကောက် ပွဲအောင်မြင်မည်ဖြစ်ပြီး အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရာခိုင်နှုန်း များများလုပ်နိုင် သည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက် ပွဲဖြစ်ကြောင်း၊    ပြီးခဲ့သည့်   ရွေးကောက်ပွဲသည် သိက္ခာမဲ့သည့် ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် သိက္ခာရှိ သည့်   ရွေးကောက်ပွဲကို    ပြန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအင်္ဂါရပ်များနှင့် ညီအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   EAO   များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ရွေးကောက် ပွဲပျက်အောင် လုပ်ဆောင်နေကြသကဲ့သို့ အချို့နိုင်ငံ များကလည်း ရွေးကောက်ပွဲမလုပ်ဆောင်ရန် ပြောဆို မှုများရှိကြောင်း၊      မိတ်ဆွေနိုင်ငံများကလည်း ရွေးကောက်ပွဲလုပ်ဆောင်ရန် ပြောဆိုမှုများရှိကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့်  CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲ အထမမြောက်စေလိုသည်ကို    စဉ်းစားရမည်ဖြစ် ကြောင်း၊ လာမည့် ရွေးကောက်ပွဲပြီးစီးပြီး ရွေးချယ်ခံ ကိုယ်စားလှယ်များ    တက်လာပါက    ၎င်းတို့သည် လည်း အလိုအလျောက်ပျက်ပြယ်သွားမည်ဟု သိနေ သဖြင့်  ရွေးကောက်ပွဲကို   မပျက်ပျက်အောင်  လုပ် ဆောင်နေခြင်းဖြစ်ကြောင်း၊ EAO အဖွဲ့အချို့ကလည်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်     ပတ်သက်၍     မိမိတို့ အစိုးရနှင့်    ဆွေးနွေးရန်မရှိဟု     ပြောထားကြ ကြောင်း၊   သို့သော်လည်း       မိမိတို့နှင့်ဆွေးနွေးပြီး ဖြစ်သည့် အဖွဲ့ ၁၀ ဖွဲ့လုံးသည် ပါတီစုံဒီမိုကရေစီစနစ် နှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို လက်ခံကြကြောင်း၊ တိုင်းရင်းသား များဖြင့်  NCA  ပါ  အချက်အလက်များကို  ညှိနှိုင်း ဆောင်ရွက်ပြီး ရွေးကောက်ပွဲကို ဆောင်ရွက်မှသာ လျှင်   တစ်နိုင်ငံလုံးဒီမိုကရေစီစနစ်   လွှမ်းခြုံမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အချိန် အတိုင်းအတာတစ်ခုပေးရမည်ဖြစ်ကြောင်း၊  နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရလည်း နိုင်ငံ ရေးပါတီများသည် မှတ်ပုံတင်ရမည်ဖြစ်ပြီး ကိုယ်စား လှယ်လောင်းများအနေဖြင့်   ရွေးကောက်ပွဲဝင်ရန် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊        ထို့နောက် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင်     ပါဝင်ယှဉ်ပြိုင်မည့်ပါတီသည် တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ၁၆၅ မြို့နယ်တွင် ရုံးဖွင့်ထားပြီး   ဖြစ်ရမည်ဖြစ်ကာ     ပါတီဝင်ဦးရေ တစ်သိန်းရှိရမည်ဖြစ်ကြောင်း၊  တစ်ရာ  ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ်သည် ၁၉၈ မြို့နယ် ရှိသည်ဟု တင်ပြချက်များအရ  သိရှိရကြောင်း၊ လုံခြုံ ရေးအလေးထား ဆောင်ရွက်ရမည့်မြို့နယ်သည် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရမည့်  မြို့နယ်  ၆၅   မြို့နယ်ရှိကြောင်း၊  အချို့ ကျေးလက်ဒေသများသည်    လုံခြုံရေးပိုမိုလိုအပ် ကြောင်းကို တွေ့ရှိရကြောင်း၊ အချို့ပြည်နယ်များတွင် ရွေးကောက်ပွဲကို ဒေသ၏ ၅၀ ရာခိုင်နှုန်း ဆောင်ရွက် ပေးနိုင်မည့် အခြေအနေရအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိသေးကြောင်း၊ ကိုယ်စား လှယ်များအနေဖြင့်လည်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ကြောင်း၊ ကျေးလက် နေ ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့၏ မဲပေးနိုင်မှုကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို မဖြစ် မနေဆောင်ရွက်ပေးရန် လိုအပ်သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ဥပဒေတွင် ပြန်ကြည့်မည်ဆိုပါကလည်း အခြေခံဥပဒေပုဒ်မ   ၄၂၅    အရ   သာမန်အားဖြင့် ၆ လ နှစ်ကြိမ်ပေး၍ရသည် ဖြစ်သော်လည်း လက်ရှိ အချိန်သည်  သာမန်အချိန်မဟုတ်သဖြင့်  ၆  လ တစ်ကြိမ်     အနည်းဆုံး     ထပ်မံတိုးမြှင့်ပေးရန် သင့်သည်ဟု ယူဆမိပါကြောင်း၊ ၆ လပြည့်ပြီးပါက နိုင်ငံတော်၏ အခြေအနေများကို ထပ်မံတင်ပြမည်ဖြစ် ကြောင်း ဖြည့်စွက်ပြောကြားသည်။


ထို့နောက် အထူးဖိတ်ကြားထားသည့် ဥပဒေ ရေးရာဝန်ကြီးဌာန         ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်      ဒေါက်တာ  သီတာဦးက ဥပဒေပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တွင်  ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)  ပုဒ်မ ၄၁၀ မှ ၄၃၂ သည်    အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်များ  ဖြစ်ပါကြောင်း၊  ပုဒ်မ  ၄၂၅  ၏ အဓိကအချက်သည် သာမန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ နှစ်ကြိမ် တိုးမြှင့်နိုင်သည်ဟူသည့် ပြဋ္ဌာန်း ချက်ဖြစ်ပါကြောင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် သာမန်အားဖြင့်ဟူသည့်   အသုံး အနှုန်းသုံးနှုန်းထားသည့် အခြေအနေများကို လေ့လာ ကြည့်သည့်အခါတွင်   ယခုအခါ    ပုံမှန်မဟုတ်သည့် အခြေအနေ၊ သာမန်မဟုတ်သည့် အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊  ဥပဒေတစ်ခု ကိုလေ့လာသည့်အခါ Letter of Law ဟူသည့် အရေး အသားနှင့် Spirit of Law ဟူသည့် ဥပဒေ၏ အနှစ် သာရကို   ကြည့်ရမည်ဖြစ်ပြီး   Spirit of Law   ကို ကြည့်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ 


ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၄ လ (၂ နှစ်) တာကာလ အတွင်း နိုင်ငံတော်တာဝန်များကို  အစိုးရကချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် နိုင်ငံရေး လုပ်ငန်းစဉ်  (၂) ရပ်အပေါ်     တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရပါကြောင်း၊ အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်း၊ ပြည်ပတားဆီးနှောင့်ယှက်မှုများ၊ အခက် အခဲများကြားက ကြံ့ကြံ့ခံပြီး နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် “ဒို့တာဝန်အရေး ၃ ပါး” ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အသိအမှတ်ပြု သည်ကို ဦးစွာပြောကြားလိုပါကြောင်း။


မိမိတို့နိုင်ငံတွင်    အခက်အခဲအကျပ်အတည်း များ၊  ကြီးမားသည့်   အငြင်းပွားမှုများပေါ်လာတိုင်း ရှေ့ကထွက်ပြီး   ကာကွယ်ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ဆိုသည့် ခိုင်မာစနစ်ကျသည့် အဖွဲ့အစည်း (Institution) ပင်    ဖြစ်ပါကြောင်း၊    ယခင်အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှု ဖြစ်စဉ်များကြောင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏တာဝန်ကို ရယူ ခဲ့ရခြင်း ဖြစ်ပါကြောင်း၊  နိုင်ငံတော်၏  ဒီမိုကရေစီ လျှောက်လှမ်းစ         လမ်းခရီးမတိမ်းချော်စေရန် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင် သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို ဖြေရှင်းပေးရန်၊ ဆွေးနွေးညှိနှိုင်းပေးရန်   အကြိမ်ကြိမ်   ကြိုးပမ်း တိုက်တွန်းခဲ့ပါကြောင်း။


ယနေ့   မိမိတို့နိုင်ငံတွင်   နိုင်ငံရေးအရ   နိုင်ငံ တစ်ဝန်းလုံး   အရေးပေါ်အခြေအနေ   ကြေညာပြီး တပ်မတော်က    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့်     “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ” သည် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကာလအတိုင်း တာဝန်ထမ်းဆောင်ခဲ့သည်ကို   တွေ့ရပါကြောင်း၊ အဆိုပါကာလအတွင်း၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ၏  မဲစာရင်းမှားယွင်းမှုအပေါ်မှ  နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင်     အခြေခံမဲစာရင်းများ   မှန်ကန် စေမှုသည်  အဓိကကျသည့်အတွက် လူဦးရေစာရင်း တိကျခိုင်မာစေရန် ဆောင်ရွက်သင့်သည့် အခြေအနေ များ၊ နိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး လက်တွေ့ ကျကျ   အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အတွက်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များကို     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်  ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးခဲ့မှုအခြေအနေများ၊ NCA နှင့်ပတ်သက်ပြီး စာချုပ်ပါအချက်အလက်များကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်    အစဉ်အမြဲ   အလေးထား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေ အနေများကို  တွေ့ရှိရပါကြောင်း၊ ထို့ပြင် အချို့သော EAO များသည် မဲမသမာသူများနှင့်ပူးပေါင်းပြီး နိုင်ငံ အတွင်း   အကြမ်းဖက်ဖြစ်စဉ်များကို   ရွေးချယ် ဆောင်ရွက်ခဲ့သည့်အတွက်       နယ်မြေတည်ငြိမ် အေးချမ်းမှုနှင့်  ဝေးကွာခဲ့ရသည်ကိုလည်း  တွေ့ရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်     ရပ်ရွာအေးချမ်း သာယာရေးကို   အလေးထားဆောင်ရွက်ခဲ့သည့် အတွက် လက်ရှိ နိုင်ငံ၏အခြေအနေသည် ယခင်က ထက် တည်ငြိမ်မှုရှိလာသော်လည်း ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက်  အဖွဲ့အစည်းများအနေဖြင့်    နိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်နှင့် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲ ပျက်ပြားအောင် နည်းလမ်းမျိုးစုံသုံးပြီး ပိုမိုလုပ်ဆောင်လာကြသည် ကို တွေ့ရပါကြောင်း။
တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး  ဒီမိုကရေစီအခွင့်အရေးများ  မဆုံးရှုံး မနစ်နာစေရန် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး   တရားမျှတသည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား  နေရာအနှံ့  အကြား အလပ်မရှိ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းရင်း သားအားလုံး   အချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ်  ဖြစ်ပေါ်လာစေရန်  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို   တွေ့ရပါ ကြောင်း၊  ၂၀၁၀  ပြည့်နှစ်တွင်     ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်ထက်မလျော့ အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားရ မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့  ဆောင်ရွက်နိုင်ရန် အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါအချက်များသည်  မလွဲ မသွေ  ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များဖြစ်ပါ ကြောင်း၊   ထိုသို့ဖြစ်စေရန်အတွက်လည်း   မိမိတို့ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။


ယနေ့အစည်းအဝေးကို   တက်ရောက်လာကြ သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံး၏ သဘောတူညီဆုံးဖြတ်ချက် များအရလည်းကောင်း၊ အခြေခံဥပဒေ  ပုဒ်မ  ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံးအရေးပေါ် အခြေ အနေကြေညာထားသည့်  ကာလကို    ၁-၂-၂၀၂၃ ရက်မှစ၍  နောက်ထပ်  ၆ လ တိုးမြှင့်သတ်မှတ် ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်”ထံသို့ ထပ်မံအပ်နှံကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီသို့  အသိပေး ကြေညာအပ်ပါကြောင်း၊  “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။


တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်း သားပြည်သူလူထုအတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အား အစဉ်အမြဲ အလေးထား  ကာကွယ် စောင့်ရှောက်ပေးသွားရန်၊     နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွင်   မိမိနိုင်ငံသား   တစ်ဦးချင်းစီရဲ့ ဆန္ဒအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ရှိနိုင်ရေး နိုင်ငံတစ်ဝန်းနေရာအနှံ့       အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်စေရန်    ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ်      အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားကြရန် ပြောကြားလိုကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်