
(၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်၊၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ အင်္ဂါနေ့)
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ဘုရား -
ဆရာတော် အရှင်မြတ်တို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စ၊ ကျောင်းတိုက်ကိစ္စ စသည်တို့ကို လျစ်လျူရှုတော်မူကြ၍ သာသနာ တော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို အလေးပေးတော်မူကြလျက် ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီဖြစ်အောင် ကြွရောက်တော်မူလာသည့် အတွက် အားတက်ရွှင်လန်း ဝမ်းမြောက်ရပါသည်ဘုရား။
ဆရာတော် အရှင်မြတ်တို့ဘုရား-
မြတ်စွာဘုရားသည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာတော် သုံးရပ်ကို လိုက်နာဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားထွန်းကားအောင် ဖြန့်ဝေခြင်းတာဝန်များကို ထမ်းဆောင်ရန် အလို့ငှာ သံဃာရတနာကို ခွင့်ပြုခဲ့ပါသည်ဘုရား။ သံဃာရတနာကို ခွင့်ပြုတော်မူသောအခါ သံဃာအဖွဲ့ဝင်များအနေဖြင့် လိုက်နာကျင့်သုံး နိုင်ရန် ဝိနည်းစည်းမျဉ်းဥပဒေများကိုလည်း ပညတ်တော်မူခဲ့ပါသည် ဘုရား။ ထိုပညတ်တော်မူခဲ့သော ဝိနည်းတရားတော်သည် အကျဉ်း အားဖြင့် နှစ်ရာနှစ်ဆယ်ခုနစ်သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ်ငါးသိန်းသုံးသောင်းခြောက်ထောင်မျှ ရှိပါသည် ဘုရား။
ဘုရားရှင်၏ တပည့်သား သံဃာတော်များအနေဖြင့် အထက် ဖော်ပြပါ ဝိနည်းစည်းမျဉ်းဥပဒေများကို လိုက်နာကျင့်သုံးကြလျက် ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ပင်မတာဝန်ကြီးနှစ်ရပ်ကို အချိန်ပြည့် ထမ်းဆောင်တော်မူနိုင်ကြစေရန် ဒါယကာ၊ ဒါယိကာမတို့က သဒ္ဓါ ကြည်ဖြူ၊ ပေးလှူသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသည့် ပစ္စည်းလေးပါးတို့ကို ခံယူသုံးဆောင်ခွင့်ပြုသောအားဖြင့် ချီးမြှောက် တော်မူခဲ့ပါသည်ဘုရား။ ရတနာသုံးပါးကို ကြည်ညိုလေးစားကြသော ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမတို့ကလည်း သံဃာတော် အရှင်မြတ်တို့အား ပစ္စည်းလေးပါးနှင့်ပတ်သက်၍ ပင်ပန်းနွမ်းနယ် ညှိုးငယ်ခြင်းမရှိရလေအောင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းထောက်ပံ့လျက် တာဝန်ကျေပွန်လာခဲ့ကြရာ ယခုအချိန်တိုင် အောင် သာသနာတော်ကြီး ညစ်ကြေးမထင် စင်ကြယ်စွာ ၂၅၆၅ ခုနှစ်တိုင်တိုင် အရှည်ခံ့၍ တည်တံ့လာခဲ့ပြီဖြစ်ပါသည် ဘုရား။
ယခုမျက်မှောက်ကာလ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သူ၊ နိုင်ငံတော်သား ရဟန်း၊ ရှင်၊ လူ အများသည် မြတ်ဗုဒ္ဓအရှင်၏ ငြိမ်းအေးချမ်းသာလှစွာသော သာသနာတော်အရိပ်၌ မှီခိုကိုးစား အားထားနေကြရသည့် အကျိုးကျေးဇူးများကို စိစစ်သုံးသပ်ရပါက သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လည်းကောင်း၊ သာသနာ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့ကြသော အရှင်မဟာ ကဿပမှစ၍ ယနေ့တိုင် သမ္မုတိ သံဃာတော်တို့ကိုလည်းကောင်း၊ သာသနာတော်ကို စောင့်ရှောက်ထောက်ပံ့ခဲ့ကြသော အဇာတ သတ်မင်း စသော သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်တို့နှင့် အခြားသော သာသနာပြုပုဂ္ဂိုလ် အသီးသီးကိုလည်းကောင်း အလေးဂရုပြုအောက်မေ့ထိုက်လှပါကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည် ဘုရား။
ကျေးဇူးတရားကြီးမားလှသည့် ဘုရားအစရှိသော ရဟန္တာ ထေရ်ရှင် အစဉ်အဆက်တို့အား ယခုမျက်မှောက် ထင်ရှားရှိနေသည့် ဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူတို့အနေဖြင့် “ကတညု ကတဝေဒီ” မင်္ဂလာတရားနှင့်အညီ ပြန်လည်ကျေးဇူးဆပ်သင့်လှပါသည်ဘုရား။ ဘုရားအစရှိသော ကျေးဇူးရှင်ကြီးများအား ကျေးဇူးတင်၍ ကျေးဇူး ဆပ်ချင်ပါသည်ဆိုလျှင် ထိုကျေးဇူးရှင်ကြီးများ အမြတ်တနိုးပြုစု ပျိုးထောင် ဆောင်ရွက်တော်မူခဲ့ကြသော သဒ္ဓမ္မသုံးဖြာ သာသနာ တော်မြတ်ကြီးကို သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် မဖြစ်မနေပြုလုပ် ဆောင်ရွက်ခြင်းသည်သာလျှင် အကောင်းဆုံးအမြတ်ဆုံး ကျေးဇူးဆပ် ခြင်းပင်ဖြစ်ပါသည်ဟု လျှောက်ထားလိုပါသည်ဘုရား။
ထိုသို့ အမြင့်မြတ်ဆုံး ကျေးဇူးပေးဆပ်သည့် သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးလုပ်ငန်းကြီးကို ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းသီတင်း သုံးကြကုန်သော ဂိုဏ်းအသီးသီးရှိ ဆရာတော်သံဃာတော်အားလုံး ညီညီညွတ်ညွတ် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးကို ဖွဲ့စည်း တည်ထောင်ကာ ဆောင်ရွက်လာခဲ့ကြပါသည် ဘုရား။
သာသနာတော်နှစ် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီးက “သံဃကိစ္စ သံဃာ ဆောင်ရွက်” ဟူသော မူတစ်ရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါသည်ဘုရား။ ရပ်/ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဆင့် အဖွဲ့အစည်းများမှ နိုင်ငံတော်အဆင့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့တိုင်အောင် ရေးဆွဲပြဋ္ဌာန်းထားသည့် သံဃအဖွဲ့အစည်းအခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းရပ်တည် လာခဲ့ကြသည်မှာ နှစ်ပေါင်း ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါသည်ဘုရား။
ထိုအချိန်ကာလက စည်းမျဉ်းရေးဆွဲရေးအဖွဲ့ အသီးသီးတွင် ပါဝင်တော်မူခဲ့ကြသော တိုင်းအလိုက်၊ ဂိုဏ်းအလိုက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဒီဃဒဿီဂုဏ်ရှင် ဝန်ဆောင်မထေရ်ကြီးတို့က သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ် (၁၂) တွင် သံဃအဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ဖော်ပြပါအတိုင်း ပြဋ္ဌာန်းထားခဲ့ပါသည် ဘုရား-
(၁) သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရန် ဖြစ်သည်။
(၂) သံဃာတော်များအနေဖြင့် တရားတော်နှင့်အညီ ကျင့်ကြံ သီတင်းသုံး နေထိုင်ရေးအတွက် သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန် ဖြစ်သည်။
(၃) ပရိယတ္တိသာသနာတော် တိုးတက်စည်ပင် ပြန့်ပွားစေရန် နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြော ခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန် ဖြစ်သည်။
(၄) ပရိယတ္တိနှင့် လျော်ညီသော ပဋိပတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွားစေရန် ဖြစ်သည်။
(၅) သံဃာတော်များ ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော် လည်းကောင်း၊ တစ်ပါးပါးကိုသော် လည်းကောင်း ဆောင်ရွက်နိုင်ကြစေရန်ဖြစ်သည်။
(၆) သံဃာတော်များသည် ဓုရနှစ်ပါးကို အေးချမ်းသာယာစွာ ထမ်းဆောင်တော်မူခွင့်ရသဖြင့် ပဋိဝေဓသာသနာတော်ကို ရရှိခံစားနိုင်ကြစေရန် ဖြစ်သည်။
(၇) သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်ရာ၌ သံဃာ့ ဂိုဏ်းများသည် ကြီးသည် ငယ်သည်မဟူ စည်းလုံးညီညွတ် မှုကို ရှေးရှု၍ ဆောင်ရွက်ရန်ဖြစ်သည်။
အထက်ပါ ရည်ရွယ်ချက်များအတိုင်း သံဃအဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်း၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဟူသော ဦးတည်ချက်ဖြင့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာ ရေးရာကိစ္စရပ်များကို ယနေ့တိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်းများတွင် သက်သေအဖြစ် ကျန်ရှိနေမည်ဖြစ်ပါသည် ဘုရား။
ပမာအားဖြင့် လျှောက်ထားရပါမူ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (Covid-19) ကပ်ဘေးကာလအတွင်း ဖြတ်သန်းခဲ့ ကြရသည့်တိုင်အောင် ၂၀၂၁ ခုနှစ်တွင် ဗုဒ္ဓသာသနာတော်၏ အသက်သွေးကြောသဖွယ်ဖြစ်သော ပရိယတ္တိစာမေးပွဲများကို မပျက် မကွက်ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (ပထမအဖွဲ့ခွဲ)၏ ရုံးထိုင်ကာလအတွင်း (၇၃) ကြိမ်မြောက် တိပိဋက ဓရ တိပိဋကကောဝိဒ (သဘောရေးဖြေ) စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမ ပြန်စာမေးပွဲ၊ (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲတို့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် (၇၃) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲကြီးကိုလည်း ၂၆-၆-၂၀၂၁ ရက်နေ့ တွင် ကျင်းပနိုင်ခဲ့ခြင်းတို့သည် သာသနာတော်အတွက် အလွန် အားတက်ဖွယ်ရာ ဆရာ-ဒကာစိတ်တူညီမျှ ဆောင်ရွက်ချက်တို့ ဖြစ်ပါကြောင်း သက်သေပြုလျက် လျှောက်ထားလိုပါသည်ဘုရား။
ယခင်အကြိမ်များက သံဃအဖွဲ့အစည်းအဆင့်ဆင့် အနားယူ စေခြင်း၊ အစားထိုးရွေးချယ်ခြင်းကိစ္စများကို သတ်မှတ်ပြဋ္ဌာန်းထား သည့်အတိုင်း နိုင်ငံတစ်ဝန်းလုံး အစားထိုးရွေးချယ်၍ အတည်ပြု ပြန်တမ်းထုတ် ဆောင်ရွက်ခဲ့ကြမြဲဖြစ်ပါသည် ဘုရား။
ယခုအဋ္ဌမအကြိမ် သံဃာအဖွဲ့အစည်းအဆင့်ဆင့် အနားယူ အစားထိုး ရွေးချယ်သည့်မူသစ်အရ အနားယူအစားထိုး ရွေးချယ်ခြင်း လုပ်ငန်းများအတွက် သက်ဆိုင်ရာ သံဃနာယကအဖွဲ့ အဆင့်အလိုက် အနားယူစေခြင်း၊ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းများကို ကြီးကြပ် ကွပ်ကဲရန်အတွက် ကြီးကြပ်ရေးအဖွဲ့များကို သံဃ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အနည်းဆုံးတစ်လ ကြိုတင် ဖွဲ့စည်း ပေးရမည်ဟု လည်းကောင်း၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် တိုင်း ဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့များ၏
အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းလုပ်ငန်းများကို တပို့တွဲလ တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းလုပ်ငန်းများကို တပေါင်းလဆန်း ၉ ရက်၊ ၁၀ ရက် တို့တွင် ပြီးစီးအောင် ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ အစားထိုးရွေးချယ်ပြီးပါက အနီးဆုံး နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူရန် ဖြစ်သည်ဟုလည်းကောင်း သက်တမ်းသတ်မှတ်ချက်များကို လည်း ယင်းလုပ်ငန်းစီမံချက်တွင် ထည့်သွင်းရေးဆွဲထားပါသည်ဘုရား။
တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့် အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃအဖွဲ့ အစည်း အဆင့်ဆင့်တွင် အနားယူသွားသော အဖွဲ့ဝင်များနေရာ၌ ဗျတ္တပဋိဗလပုဂ္ဂိုလ်များ၊ သတ်မှတ်ထားသည့် ဂုဏ်အင်္ဂါအရည် အချင်းနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များကို အစားထိုးရွေးချယ်ပေးနိုင်ရေးသည် လွန်စွာအရေးကြီးသည်ဟု မှတ်ယူသင့်လှပါသည်ဘုရား။ သံဃအဖွဲ့ အစည်း အခြေခံစည်းမျဉ်းတွင် တရားဝင်ခွင့်ပြုထားသည့် ဂိုဏ်းကြီး ၉ ဂိုဏ်းမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှလည်းကောင်း၊ တိုင်းအလိုက်၊ ဂိုဏ်းအလိုက် အရည် အသွေးပြည့်မီသော ဗျတ္တပဋိဗလဖြစ်သော ဂုဏ်အင်္ဂါအရည်အချင်း နှင့် ပြည့်စုံသော သံဃအဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း သည့် ဗျတ္တပဋိဗလ သံဃနာယကအဖွဲ့များဖြစ်မှသာ သံဃ အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပြီး ဂိုဏ်း ပေါင်းစုံ သံဃအဖွဲ့အစည်းကြီးတစ်ရပ်အဖြစ် တည်တံ့ခိုင်မြဲနိုင် မည်ဖြစ်ပါကြောင်း လျှောက်ထားရင်း ဘုရားတပည့်တော် ၏ ဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည်ဘုရား။