
နေပြည်တော် ဒီဇင်ဘာ ၂၆
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေး နွေးပွဲ တတိယနေ့ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် မြို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မင်္ဂလာခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။
ဖတ်ကြားတင်ပြ
အခမ်းအနားတွင် နိုင်ငံရေး ပါတီ အစုအဖွဲ့ (၆)ဖွဲ့၏ ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ရက်တာ ဆွေးနွေးချက်များအရ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးရေးအတွက် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲ ဒီဇိုင်းစာတမ်းများ ကို အစုအဖွဲ့(၆)ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီက ဖတ်ကြားတင်ပြသည်။
ပြည်သူ့လွှတ်တော် အတွက် အဖွဲ့(၁)မှ ပြုစုထားသောစာတမ်း ကို တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ ဦးထွန်းရီက ကိုယ်စား ပြု ဆွေးနွေးဖတ်ကြားတင်ပြရာ တွင် မဲဆန္ဒရှင်များအတွက်နှင့် မဲရေတွက်သူများအတွက်ပါ အခက် အခဲအနည်းဆုံးဖြစ်မည့် “စာရင်း ပိတ်စနစ် (Closed List PR)” ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည့် လူဦးရေ အပေါ်အခြေမခံဘဲ မြို့နယ်ကို အခြေခံတွက်ချက်ခြင်းဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ယခင်ကရရှိခဲ့သည့် ကိုယ်စားလှယ် ဦးရေများအတိုင်း ခွဲဝေသတ်မှတ် သင့်ပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ်မူတည် ၍ မဲဆန္ဒနယ်မြေများ သတ်မှတ် ရာ၌မူ တတ်နိုင်သမျှ လူဦးရေ အချိုးအစားညီမျှရေးကို ထည့် သွင်းစဉ်စား ဆောင်ရွက်သင့်ပါကြောင်း။
ဆွေးနွေးတင်ပြ
ပါတီများအတွက် အနိမ့်ဆုံး ဝင်ပေါက်အချိုးစံ (Threshold) သတ်မှတ်ရာတွင် မြင့်လွန်းခြင်း နှင့် နိမ့်လွန်းခြင်း အစွန်းတရား များကို ရှောင်ရှားပြီး ထောက်ခံမဲ အပေါ်မူတည်၍ ကိုယ်စားလှယ် သတ်မှာရာတွင် တစ်နိုင်ငံလုံး အပေါ် လွှမ်းခြုံတွက်ချက်ခြင်း မဟုတ်ဘဲ မဲဆန္ဒနယ်တစ်ခုချင်း အလိုက် ဆောင်ရွက် သင့်ပါကြောင်း၊ မဲရေတွက်ပုံနည်းလမ်း အဖြစ် (Closed List PR) တွက်ချက်မှု စနစ်ဖြစ်သည့် အများဆုံးအကြွင်း ကိန်းနည်းကို လက်ခံကျင့်သုံးသင့် ပါကြောင်း၊ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံရေးပါတီ များအနေဖြင့် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင် ရွက်ခွင့်ရရှိရေးအတွက် နည်းလမ်း များ ရှာကြံဆောင်ရွက်သင့်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။
သဘောတူကြ
ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၂)မှ ပြုစုထားသောစာတမ်း ကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးတင်ဆွေက ကိုယ်စားပြု ဆွေးနွေးဖတ်ကြားတင်ပြရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကို အချိုးကျကိုယ်စားပြုစနစ် (PR System) ဖြင့် ကျင်းပခြင်းကို တက်ရောက်လာသော ပါတီများ အားလုံးက သဘောတူပါကြောင်း၊ Closed List ဖြင့် ကျင်းပမည်ကို သဘောတူပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၁(ဃ)တွင် “ မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်” ဟု ပြဋ္ဌာန်းချက် အတိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်မြေ သတ်မှတ်ရာတွင် မြို့နယ် များကို ခရိုင်အဖြစ်စုစည်း၍ မဲဆန္ဒနယ် သတ်မှတ်ခြင်းကို သဘောတူကြကြောင်း။
မဲရုံတိုင်းတွင် မဲဆန္ဒရှင် ပြည်သူများမှ ၎င်းတို့ကြိုက်နှစ် သက်သည့် ကိုယ်စားလှယ်၏ ပါတီကို မဲပေးနိုင်ရန်အလို့ငှာ၊ မဲရုံ အဝတွင် ဗွီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏ အမည်အောက်တွင် ဝင်ရောက် ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့်အမည်ကို ဖော်ပြပေး ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ မဲဆန္ဒရှင်သည် ၎င်း ကြိုက်နှစ်သက်သည့် ကိုယ်စား လှယ်လောင်းကို မျက်မြင်ကြည့်ရှု ၍ လွယ်ကူစွာဖြင့် ၎င်းကိုယ်စား လှယ်လောင်း၏ ပါတီအား မဲပေး နိုင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ကြိုက်နှစ်သက်သည့် ကိုယ်စား လှယ်လောင်းကို ရွေးချယ်နိုင်ရန် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။
တွင်ကျယ်စွာ ကျင့်သုံးနေ
အမျိုးသားလွှတ်တော်အတွက် အဖွဲ့ ( ၃ ) မှ ပြုစုထားသောစာတမ်း ကို လူထုပါတီမှ ဦးပါစီပြည်ဟိန်း က ကိုယ်စားပြုဆွေးနွေးဖတ်ကြား တင်ပြရာတွင် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီကျင်းပရမည့် လွှတ်တော် သုံးရပ် ရွေးကောက်ပွဲများတွင် “စာရင်းပိတ် အချိုးကျကိုယ်စားပြု စနစ်” (Closed List – PR) ကို ကျင့်သုံးရန် အသင့်မြတ်ဆုံးဖြစ် ကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျ ကိုယ်စားပြုစနစ်ကို တွင်ကျယ်စွာ ကျင့်သုံးနေပြီ ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ရာ၌ ခရိုင်များကို အခြေပြုသတ်မှတ် ခြင်းသည် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်အတွက် သင့် တင့်လျောက်ပတ်သော အရွယ် အစား (Suitable Size) ဖြစ်သည် ဟု အခိုင်အမာယူဆပါသဖြင့် ထိုသို့သတ်မှတ်ပေးရန် ဖြစ်ပါကြောင်း။
ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲအရေအတွက် ပမာဏကို ကြိုတင်သတ်မှတ်ထားပြီး ထို သတ်မှတ်ချက်အရ ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံ ရသူ အရေအတွက် ပြည့်မီခြင်း မရှိသေးပါက လိုအပ်နေသေးသည့် ကိုယ်စားလှယ် အရေအတွက် ပေါ်ပေါက်နေလျှင် ထိုပေါ်ပေါက် ချက်အား ပိုလျှံမဲ (သို့မဟုတ်) အကြွင်းကျန်မဲ အများဆုံးရရှိသည့် ပါတီ (တစ်သီးပုဂ္ဂလအပါအဝင်) ကို အများဆုံးကြွင်းကျန်မဲ တွက် ချက်မှုဖော်မြူလာဖြင့် တွက်ချက် ရရှိသည့် ကိုယ်စားလှယ်ကို ထပ်တိုးကိုယ်စားလှယ် အဖြစ် ပေါင်းစပ် ထည့်သွင်းပေးခြင်း နည်းစနစ် ကျင့်သုံးရန်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။
အမျိုးသားလွှတ်တော်အတွက် အဖွဲ့ ( ၄ ) မှ ပြုစုထားသောစာတမ်း ကို ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာ မျိုးဆက်သွေးက ကိုယ်စားပြု ဆွေးနွေးဖတ်ကြား တင်ပြရာတွင် အချိုးကျ ကိုယ်စား ပြုစနစ် (PR System) ကျင့်သုံးရေး အတွက် သဘောတူပါကြောင်း၊ Closed List – PR System ကို စတင်အသုံးပြုသင့်ပြီး မဲဆန္ဒရှင် ပြည်သူများ၏ ပညာတတ်မြောက် မှုနှင့် နိုင်ငံရေးရေချိန်မြင့်တက် လာမှု အခြေအနေတစ်ရပ်သို့ ရောက်ရှိချိန်မှသာလျှင် Open List – PR System သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲ ကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအတွက် လွှတ်တော် ကိုယ်စားလှယ်များကိုမူ မဲအများ ဆုံးရသူ အနိုင်ရသည့်စနစ်(FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း။
ကန့်သတ်ရန် လိုအပ်
မဲဆန္ဒနယ်သတ်မှတ်ရာတွင် တိုင်းဒေသကြီး /ပြည်နယ်များ၏ ပထဝီအနေအထား ကွာခြားမှုအရ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု အတွက် အမျိုးသားလွှတ်တော် တွင် မဲဆန္ဒနယ်မြေ မည်မျှဖြစ်သင့် သည်ဟု တစ်ပြေးညီသတ်မှတ် ခြင်းမပြုဘဲ ခရိုင်များကို အခြေခံ၍ မဲဆန္ဒနယ် စုစုပေါင်း ၃၆ နယ် သတ်မှတ်သင့်ပါကြောင်း၊ PR System အရ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီ များ ဖောင်းပွလာနိုင်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေဖြင့်သော် လည်းကောင်း၊ စည်းကမ်းထိန်း သိမ်းခြင်းအားဖြင့်သော် လည်း ကောင်း ကန့်သတ်ရန် လိုအပ် ကြောင်း ဆွေးနွေးတင်ပြသည်။
ပြောင်းလဲကျင့်သုံးသင့်
တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အတွက် အဖွဲ့(၅)မှ ပြုစုထားသောစာတမ်းကို ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းသိုက်သိုက်ဝင်းကျော်က ကိုယ်စားပြု ဆွေးနွေးဖတ်ကြား တင်ပြရာတွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံ ကိုယ်စားလှယ် လောင်းများ၊ တိုင်းရင်းသား လူနည်းစုများအားလုံးပါဝင်နိုင်ပြီး တစ်ပါတီကြီးစိုးမှုကိုပါ ကန့်သတ် နိုင်သော အချိုးကျကိုယ်စားပြု စနစ် (PR System) ကို ပြောင်းလဲ ကျင့်သုံးသင့်ပါကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR စနစ်ကို ရွေးချယ် ကျင့်သုံးသင့်ကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သာမန်အားဖြင့် ခရိုင်တစ်ခုလျှင် မဲဆန္ဒနယ် (၁) ခု သတ်မှတ်သင့်ပါ ကြောင်း၊ သို့ရာတွင် လူဦးရေ သိပ်သည်းဆများသည့် ခရိုင် (သို့မဟုတ်) မြို့နယ်အရေအတွက် များပြားသည့် ခရိုင်ဖြစ်ပါက မဲဆန္ဒနယ် (၁) နယ်ထက်ပို၍ သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ ၁၀ မြို့နယ်နှင့် ယင်းအောက် ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် များအနေဖြင့် မဲဆန္ဒနယ် (၁)နယ် သာ သတ်မှတ်သင့်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုပါ ကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင် ဆောင်ထားသူကိုသာလျှင် ဆန္ဒမဲ ပေးခွင့်ပြုရန် ဖြစ်ပါကြောင်း၊ နိုင်ငံ ပြင်ပကြိုတင်မဲ၊ မြို့နယ်ပြင်ပ ကြိုတင်မဲနှင့် ရပ်/ကျေး ကြိုတင်မဲ များကို ရွေးကောက်ပွဲကျင်းပသည့် နေ့မတိုင်မီ သတ်မှတ်ထားသည့် နေ့ရက်များတွင် နိုင်ငံရေးပါတီ များ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ အသိသက်သေများ ၏ရှေ့မှောက်၌ ပွင့်လင်းမြင်သာ စွာဖြင့် ကြိုတင်ရေတွက်သည့် စနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါ ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြုစနစ် (PR System) ဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၊ တာဝန်ထမ်း ဆောင်မည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များ၊ မဲဆန္ဒရှင်လုပ်သားပြည်သူ များ နားလည်သဘောပေါက်ကြ စေရန် အဆင့်ဆင့်သောသင်တန်း များ ဖွင့်လှစ်၍ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို စီမံဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ဖတ်ကြားတင်ပြ
တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အတွက် အဖွဲ့(၆)မှ ပြုစုထားသောစာတမ်းကို ဒီမို ကရေစီပါတီသစ် ( ကချင် ) မှ ဦးခေါတိန့်က ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် တိုင်း ဒေသကြီး/ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကို Closed List– PR စနစ်ကို ကျင့်သုံးရန် မဲရလဒ် များတွက်ချက်ခြင်းကို ကြွင်းကျန် မဲ အများဆုံးစနစ် (Largest Remainder Formula) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်သတ်မှတ် ရာတွင် မြို့နယ်အလိုက်၊ ခရိုင်များ အလိုက် သတ်မှတ်ခြင်းမပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒ နယ်တစ်နယ်အဖြစ် သတ်မှတ်ပြီး ကိုယ်စားလှယ်နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက် ရန်၊ တိုင်းရင်းသားလူမျိုးလွှတ် တော်ကိုယ်စားလှယ်များအတွက်
ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာရွေးကောက် တင်မြှောက်ရန် ဆွေးနွေးတင်ပြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယခုတစ်ကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရာမှာ ပါတီများအနေဖြင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အသီးသီးအတွက် အစုအဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းပြီး ပြောင်းလဲလာသည့် ခေတ်ကာလ အခြေအနေအရ လွှတ်တော်များတွင် ကျင့်သုံး ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို အချိန်ယူကာ အသေးစိတ်ညှိနှိုင်း တိုင်ပင်ဆွေးနွေး ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန်နှင့် ဥပဒေပြုနိုင်ရန် အတွက် ရွေးကောက်ပွဲများ ကျင်းပဆောင်ရွက်ကြရာ တွင် ရွေးကောက်ပွဲစနစ်နှင့် ဒီဇိုင်းက အရေးကြီးပါ ကြောင်း၊ ရွေးကောက်ပွဲနယ်မြေများ ကျယ်ကျယ် ပြန့်ပြန့် သတ်မှတ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒနှင့်အညီ အချိုးကျလွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ် ပေးခြင်းဖြင့် အရည်အချင်းရှိသည့် လွှတ်တော် ကိုယ်စားလှယ်များရရှိကာ ပေါင်းစပ်ညှိနှိုင်းမှု ပိုမိုအားကောင်းပြီး နိုင်ငံရေး တည်ငြိမ်ခိုင်မာမှုရှိသည့် ပါတီစုံဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း။
ပါတီများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူဘောင်အတွင်းက လုပ်ဆောင်နိုင်သည်များ ကို PR စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အများအကျိုး ရေရှည်အကျိုးရှေးရှုပြီး ဆွေးနွေးပေးကြခြင်းဖြစ် သည့်အတွက် ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများကို အကောင်းဆုံးဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးချက်များကို လေ့လာကြည့်ရာတွင် အများစုအနေဖြင့် လွှတ်တော်သုံးရပ်တွင် PR စနစ်ကို ကျင့်သုံးရာ၌ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List - PR ) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ရာတွင်လည်း ဖွဲ့စည်း ပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်) တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားပါကြောင်း၊ မဲပေးရာတွင် မဲရုံတိုင်း၌ မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ ပါတီအား မဲပေးနိုင်ရန် မဲရုံ အဝ တွင် ဗီနိုင်းပိုစတာများဖြင့် ပါတီ၏ အမည်အောက် တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ ဓာတ်ပုံနှင့် အမည်ကို ဖော်ပြ သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ပြင်ဆင်နိုင်ရန် ဆောင်ရွက်
လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံး ရသူ အနိုင်ရသည့်(FPTP)စနစ်မှ အချိုးကျကိုယ်စားပြု စနစ် (PR) သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ယခု ဆွေးနွေးချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့် သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုရှိစေရန် အတွက် ပြန်လည်ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ရန် လိုအပ်သည့်ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဆောင်ရွက်ရာ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေ ဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့် လက်တွဲ ပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစု များ၊ နိုင်ငံရေးပါတီငယ်များ၊ ယင်းတို့ကို ထောက်ခံ သည့် ဆန္ဒမဲများအရ ပါဝင်လာနိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စား လှယ်များ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ် ၁၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်