
နေပြည်တော် အောက်တိုဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေး စက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ စတုတ္ထနေ့အဖြစ် ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့က ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများ က ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေး စက်မှ ထုတ်ပေးသည့် မဲရလဒ် စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင် စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း ၍ မရှင်းလင်းသည်များကို တာဝန် ရှိသူများထံ မေးမြန်းကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး မဲဆန္ဒရှင် ပြည်သူများ ကောင်းမွန်စွာ သိရှိ နားလည်စေရန် မဲဆန္ဒရှင်အသိ ပညာပေး လုပ်ငန်းတစ်ရပ်အနေ ဖြင့် စနစ်တကျစီမံဆောင်ရွက်ပြီး ပြည်သူများရှိရာ ရပ်ကွက်နေရာ များအထိသွားရောက်၍ ကော်မရှင် မှ တာဝန်ရှိသူများက ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြ ခြင်း ဆောင်ရွက်ပေးသည့်အတွက် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း။
အဆိုပါ လက်တွေ့စမ်းသပ် မဲပေးခြင်း အခမ်းအနားများသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တို့မှ ကိုယ်စားလှယ်များ၊ ပုပ္ပားကုန်း ရပ်ကွက်၊ ခေတ်အေးကျေးရွာ အုပ်စု၊ ကျောက်ဖျာကျေးရွာအုပ်စု နှင့် နန်းဩကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေး မှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၄၅၀ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်