
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံ့ဝန်ထမ်းကျွမ်းကျင်မှုအရည်အချင်း မြှင့်တင်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) စုပေါင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးက ဆုရရှိသူများကို ဆုချီးမြှင့်ပေးအပ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြောကြား ရာတွင် အလုပ်ရုံဆွေးနွေးပွဲ သုံးရက်တာ ကာလ အတွင်း ဦးဆောင်ဆွေးနွေးသူများက ခေါင်းစဉ် အလိုက် အချိန်ကိုက်ကွပ်ကဲဆောင်ရွက်နိုင်ခြင်း၊ တင်ပြဆွေးနွေးသူများကလည်း ပေးထားသည့် ခေါင်းစဉ်အလိုက် ရှုထောင့်အမြင်အမျိုးမျိုးဖြင့် ဆွေးနွေး တင်ပြကြပြီး ပါဝင်ဆွေးနွေးသူများက မေးခွန်းများ မေးမြန်းခြင်းနှင့် မိမိတို့လုပ်ငန်းအတွေ့အကြုံများ အလိုက် မျှဝေနိုင်သည်ကို တွေ့ရှိပါကြောင်း၊ Assessment Team မှ တာဝန်ရှိသူများကလည်း အကြောင်းအရာခေါင်းစဉ်အလိုက် အတွေ့အကြုံနှင့် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ယနေ့တွင်လည်း ပထမနှစ်ရက်က တင်ပြဆွေးနွေးမှုများကို အကျဉ်း ပြန်လည်ပြောကြားပေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက် သင့်သည့် လုပ်ငန်းစဉ်များကို ရှာဖွေဖော်ထုတ် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထုတ်ဖော်ဆွေးနွေးနိုင်ခဲ့သည့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအလိုက် အကြီးအကဲများက ကြီးကြပ်ကွပ်ကဲ၍ သီးခြားဖြန့်ဝေသွားရန် ဖြစ်ကြောင်း၊ အချို့အကြောင်းအရာများသည် မိမိတို့ချမှတ်ပြီးသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ရုံးဌာနအဖွဲ့အစည်းများ ၌ ဖြစ်လေ့ဖြစ်ထရှိသည့် လုပ်ငန်းသဘောသဘာဝ များသာဖြစ်သည့်အတွက် ပိုမိုကောင်းသည်ထက် ကောင်းအောင်၊ ထိရောက်စွာအကောင်အထည်ဖော် နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း ဆုများချီးမြှင့် ပေးအပ်နိုင်ရေးအတွက် Assessment Team မှ တာဝန်ရှိသူများက တိကျမှန်ကန်စွာ စနစ်တကျ ရွေးချယ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲတွင် မိမိတို့ကျရာကဏ္ဍအလိုက် တာဝန် ကျေပွန်စွာဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်းဆောင် ရွက်တတ်ခြင်းတို့ကိုလည်း မွေးမြူပေးနိုင်ခဲ့ကြောင်း၊ နောင်တွင်ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲများတွင် လည်း ဌာနအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေး တင်ပြချက်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြခြင်းဖြင့် ထိရောက်အကျိုးရှိသည့် အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိဖြစ်ပြီး သတ်မှတ်ခေါင်းစဉ် များအလိုက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အုပ်စု အလိုက်ခွဲ၍ ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ရလဒ်များသုံးသပ်ဖော်ထုတ် ခြင်း၊ အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း၊ အကောင်းဆုံးဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံးပါဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံး အုပ်စုအလိုက် ဆွေးနွေးတင်ပြသည့် အုပ်စုများကို ဆုများ ချီးမြှင့်သည်။ သတင်းစဉ်