
နေပြည်တော် စက်တင်ဘာ ၂ဝ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် လယ်ဝေးခရိုင်ဘဏ်ခွဲမှ တောင်သူ ဦးကြီးများသို့ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေ ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက် အကူဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိသည်။ ထိုသို့ထုတ်ချေးရာတွင် ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ဝက္ကမူ ကျေးရွာအုပ်စုနှင့် ရုံးပင်ကျေးရွာအုပ်စု တို့မှ တောင်သူ ၈၄ ဦးတို့၏ လယ်ဧက ၄၀၉ ဧကအတွက် ငွေကျပ် ၆၁ ဒသမ ၃၅ သန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရ သည်။
လယ်ဝေးခရိုင် ဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ် ၂၀၂၀ ပြည့်နှစ် မိုးချေးငွေ ပြေကျေစွာပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေး ပေးလျက်ရှိပြီး ကျေးရွာအုပ်စု ၃၈ အုပ်စု၊ တောင်သူ ၂၃၄၆ ဦး၊ စပါးစိုက်ဧက ၉၀၅၆ ဧကအတွက် ချေးငွေကျပ် ၁၃၅၈ ဒသမ ၄ သန်း ထုတ်ချေးထားပြီး ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် လယ်ဝေးခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ထွေးထွေးသိန်းထံမှ သိရသည်။
လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ လေးခုမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၁၁၀၊ တောင်သူ ၅၃၈၂ ဦး၊ စပါးစိုက်ဧက ၁၉၀၆၃ ဧကနှင့် အခြားသီးနှံ ၂၄၈၁ ဧကအတွက် စုစုပေါင်းစိုက်ဧက ၂၁၅၄၄ ဧကအတွက် ချေးငွေကျပ် ၃၁၀၇ ဒသမ ၅၅ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း နေပြည်တော်တိုင်း ဘဏ်ခွဲမန်နေဂျာ ဦးသက်ဦးထံမှ သိရသည်။
အေးသန့် (သတင်းစဉ်)