
နေပြည်တော် ဩဂုတ် ၁၈
၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉၊ ၂၀ နှင့် ၂၁ ရက်တို့ တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးသို့ တက်ရောက်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ နှင့်ကိုယ်စားလှယ်များသည် နေပြည်တော် ၌ စုံညီစွာရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ စောမိုရှေး၊ ကရင် အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLA)(PC) ဥက္ကဋ္ဌ စောထော့ လေးနှင့် ဒုတိယဥက္ကဋ္ဌ စောရင်နု၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ နှင့် အထွေထွေအတွင်းရေးမှူး ဦးဆန်နီ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင် ကျုံးနှင့် ဒုတိယဥက္ကဋ္ဌ ပူးထန်နိန်းကီး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာနှင့် နာယက ဖြားတန်ခွန်တိဆောင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် ဒုတိယခေါင်းဆောင် စောမြရာဇာလင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်နှင့် RCSS ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် စဝ်ဘောင်ခေး၊ မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌနိုင်ဟံသာနှင့် ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌကျာခွန်ဆာနှင့် NCA-S EAO အစု အဖွဲ့မှ ညီလာခံကိုယ်စားလှယ်များသည် နေပြည်တော်သို့ ဩဂုတ် ၁၀ ရက်မှ စတင် ရောက်ရှိကြပြီး ခေတ္တတည်းခိုမည့် သတ်မှတ် နေရာအသီးသီး၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ နေထိုင်လျက်ရှိကြကြောင်း သိရသည်။
အလားတူ နိုင်ငံရေးပါတီ (၂၁)ပါတီမှ နာယက၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် သတ်မှတ်နေရာအသီးသီး တွင် စုံညီစွာရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်