
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး
မောင်ငြိမ်းအေး
မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းက မိသားစုမျိုးနွယ်စုတူများ စုဖွဲ့နေထိုင်ခဲ့ကြသည်။ ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု၊ အသိုင်းအဝိုင်းမျိုးစုံတို့ စုပေါင်းနေထိုင်လာခဲ့ကြရာမှ တဖြည်းဖြည်းနှင့် ပြည်ထောင်စု တစ်ခုဖြစ်လာခဲ့သည်။ ပြည်ထောင်စုဟူသည် ပြည်ထောင်များကို ပေါင်းစုထားခြင်းဖြစ်သည်။ လူမျိုးအသီးသီးတို့ စုစည်းနေထိုင်ရာဒေသများကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ပေါင်းစည်းထားခြင်းသည် ဘုံအကျိုးစီးပွားကို ဝိုင်းဝန်းတည်ဆောက်ကြရန်နှင့် ဘုံရန်သူကို စုပေါင်းကာကွယ်ကြရန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာ မှီတင်း နေထိုင်လာခဲ့ကြသော တိုင်းရင်းသားမျိုးနွယ်စုများ သည် တစ်ခါတစ်ရံတွင် သဘောကွဲလွဲမှုများရှိတတ် သည်။ ရံဖန်ရံခါတွင် မပြေလည်မှု၊ ပြဿနာများ လည်းရှိတတ်သည်။ အခန့်မသင့်လျှင် ပဋိပက္ခများ လည်းဖြစ်ပေါ်တတ်သည်။ သို့ရာတွင် တစ်အူထုံ့ဆင်း တစ်မြေတည်းနေ တိုင်းရင်းသားမျိုးနွယ်စုများ အချင်းချင်းဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ကြ သည်။ တစ်ခဏနှင့် ပြန်လည်ပြေလည်သွားကြသည်။ အကျိုးတူပူးပေါင်းလက်တွဲ ဆောင်ရွက်ခဲ့ကြသည်။ ဘုံရန်သူဖြစ်သည့် ပြည်ပကျူးကျော်သူရန်သူများကို လက်တွဲတွန်းလှန်ခဲ့ကြသည်။
စွဲစွဲမြဲမြဲကျင့်သုံးခဲ့
တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက်ကြသူများဖြစ်ကြ ၍ တစ်ဦးအကျိုးစီးပွားဆုတ်ယုတ်ပျက်စီးခြင်းကို တစ်ဦးကမပြုသင့်၊ တစ်ဦး၏အကျိုးစီးပွား တိုးတက် ကြီးပွားခြင်းကိုသာ တစ်ဦးက ပြုဆောင်သင့်သည် ဟူသော အတွေးအမြင်ခံယူချက်ကို စွဲစွဲမြဲမြဲကျင့်သုံး လိုက်နာဆောင်ရွက်ခဲ့ကြသည်။ ဤအသိစိတ်ဓာတ်၊ ဤအတွေးအမြင်ဖြင့် ပထမမြန်မာနိုင်ငံတော်ကြီးကို ခိုင်ခိုင်ခံ့ခံ့ ထည်ထည်ဝါဝါတည်ဆောက်နိုင်ခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ အတွင်း အဇ္စျတ္တသန္တာန်၌ ပုဂံခေတ်ကပင် ပြည်ထောင်စု စိတ်ဓာတ်ခိုင်ခိုင်မာမာတည်ရှိနေပြီ။ ထိုပြည်ထောင် စုစိတ်ဓာတ်ဖြင့် ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သမိုင်း မော်ကွန်းတင်ရမည်ဖြစ်သည်။ ပုဂံခေတ်ကတည်းက အခိုင်အမာတည်ရှိပြီးဖြစ်သော ပြည်ထောင်စု စိတ်ဓာတ်ကြောင့်ပင် မြန်မာနိုင်ငံကို မတရား ကျူးကျော်စစ်ပွဲ သုံးကြိမ်ဆင်နွှဲပြီး နယ်ချဲ့ဗြိတိသျှ တို့က ၁၈၈၆ ခုနှစ်တွင် သိမ်းပိုက်သည့်အခါ၌ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ရောက်ရာ ဒေသအသီးသီးမှ ရရာလက်နက်စွဲကိုင်၍ နယ်ချဲ့ တို့ကို ၂၀ ရာစုဆန်းအထိ ရဲဝံ့စွာတွန်းလှန်တိုက်ခိုက် ခဲ့ကြသည်။ ဤသမိုင်းဖြစ်ရပ်များကို တိုင်းရင်းသား တို့၏နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းအဖြစ် ကမ္ပည်း မော်ကွန်းတင်ထားသည်။
ခွဲခြားအုပ်ချုပ်ခဲ့
နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သည်။ နယ်ချဲ့ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က မြန်မာဒေသ၊ မွန်ဒေသ၊ ရခိုင်ဒေသတို့ကိုပေါင်းလျက် ပြည်မဟူ၍ ခွဲခြားအုပ်ချုပ်ခဲ့သည်။ ရှမ်း၊ ကချင်၊ ကရင်၊ ကယား (ကရင်နီ)နှင့် ချင်းဒေသတို့ကို တောင်တန်းအထူးဒေသဟူ၍ ပြည်မနှင့်တောင်တန်း ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး သောအခါ မြန်မာတို့၏အမျိုးသားနိုင်ငံရေးနိုးကြား မှု၊ ကမ္ဘာ့နိုင်ငံများ၏နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုများ အရှိန်အဟုန် ပြင်းထန်လာသောကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ လုံးဝလွတ်လပ်ရေးပေးရတော့မည့်အခြေအနေသို့ ရောက်လာခဲ့သည်။
ပြဿနာတစ်ရပ်ဖြစ်
နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ ရှမ်းပြည်နယ်နှင့် တောင်တန်းဒေသများကို ချန်လှပ်ထားလိုသည့် သဘောရှိခဲ့သည်။ ထိုသဘောထားကို နယ်ချဲ့အစိုးရ က ၁၉၄၅ ခုနှစ် မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် စက္ကူဖြူစာတမ်း၌ တွေ့ရသည်။ ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသများက ဆန္ဒမရှိသရွေ့ ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည် ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ ဤအချက်သည် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရသည့်တိုင် တောင်တန်းဒေသများကို ချန်ထား မည့် ဗြိတိသျှတို့သဘောထားမှာ ထင်ရှားပေါ်လွင် နေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလ၊ လွတ်လပ်ရေးရရှိပြီးကာလများ၌ ပြဿနာ တစ်ရပ်ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့ သည် အမိနိုင်ငံ ရေမြေပေါ်တွင် နှစ်ပေါင်းထောင်ချီ အတူတကွကြီးပြင်းနေထိုင်ခဲ့ကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးတို့တွင် အကျိုး ကျေးဇူးဖြစ်ထွန်းအောင် စိတ်တူကိုယ်တူ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲခဲ့ကြ သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးအသီးသီး တို့သည် တရားတော်အရ အဆွေခင်ပွန်းများဖြစ်ကြ သည်။ ထို့ကြောင့်လည်း ဤပြည်ထောင်စုကြီးတွင် နှစ်ပေါင်းထောင်ချီ အတူလက်တွဲနေထိုင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့ ၁၈၂၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း သုံးကြိမ်၊ သုံးပိုင်း သိမ်းပိုက်အုပ်ချုပ်ခဲ့ရာ၌ တစ်စုတစ်စည်းတည်း စုစည်းနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုး အသီးသီးကြားတွင် သွေးခွဲအုပ်ချုပ်သည့်နည်းဖြင့် အုပ်ချုပ်နေထိုင်စေခဲ့သည်။
သတိပေးနှိုးဆော်ချက်
ဤသည်ကို နယ်ချဲ့လက်အောက်ခံဘဝသို့ ကျရောက်နေသည့် ၁၉၀၅ ခုနှစ်တွင် ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာ သစ်တွင် ထည့်သွင်းရေးဖွဲ့၍ တိုင်းရင်းသားလူမျိုးအသီးသီးတို့ကို သတိပေးခဲ့သည်။
မေတ္တာဝေမျှ၊ ဤလောက၌ သတ္တဖဝါး၊ အတူသွားက မည်ငြားစင်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ လခွဲဉာတိ၊ မည်ဘိမပျက်။ ထို့ထက်လွန်စွာ၊ ရက်ကြာကာလ ပေါင်းဖက်ကြမူ၊ အတ္ထသမာ မှန်စွာထိုလူ၊ ကိုယ်နှင့်တူ၏။ အယူထွေပြား၊ ထိုသူများအား ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။
ဟူသော ဆရာတော်ဘုရားကြီး၏ သတိပေး နှိုးဆော်ချက်သည် အလွန်တရာထိရောက်တာသွား လှသည်။ နယ်ချဲ့ဗြိတိသျှတို့၏ ကိုလိုနီကျွန် သက်ရှည်ရေး၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရေးစီမံကိန်းကို စာပေပညာဖြင့် အသိပေးဟန့်တားခဲ့သည်။ မိစ္ဆာ ဒိဋ္ဌိတို့၏အယူ၊ မိစ္ဆာဒိဋ္ဌိတို့၏လမ်းစဉ်သည် မြန်မာ တို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဖီလာဆန့်ကျင်နေ ကြောင်း၊ တရားဓမ္မလမ်းကြောင်းမှ သွေဖည်နေ၍ လားရာဂတိမကောင်းကြောင်းတို့ကို ဆရာတော် ဘုရားကြီးက ထုတ်ဖော်ညွှန်ပြခဲ့သည်။
ဟန့်တားရေးဖွဲ့လှုံ့ဆော်
အလားတူ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ နီတိမဉ္ဇူရီ၊ နီတိမာလာ စသောနီတိကျမ်းများတွင် မြန်မာ့အတွေးအမြင်၊ ဆင်ခြင်တုံတရားများ၊ လောကလူ့ဘောင်အဖွဲ့အစည်း၌ လူတို့လိုက်နာ ကျင့်သုံးရမည့်အချက်များ၊ သတိပြုရှောင်ကြဉ်ရမည့် အချက်များကို အသိပေးထားသည်။ အမျိုးအနွယ်ကို စောင့်ထိန်းရမည့်အချက်ကိုလည်း အကျိုးသင့် အကြောင်းသင့် တင်ပြထားသည်။ ဝံသာနုရက္ခိတ တရားကို ဇာတ်ဝတ္ထုအထောက်အထား၊ ရာဇဝင် ကျမ်းဂန်အထောက်အထား၊ ပျို့ကဗျာလင်္ကာ စာပေ အထောက်အထားသာမက လောကသဘာဝ လူ့သဘာဝမျက်မြင်ကိုယ်တွေ့အထောက်အထား များဖြင့် ရေးသားအသိပေးထားသည်။
စာရေးဆရာကြီး ဦးလတ်၏ “ရွှေပြည်စိုး” ဝတ္ထု တွင် တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးသော ဝတ်လုံတော်ရ မောင်သောင်းဖေ၊ ကိုယ်ကျင့်တရား စံ ချွတ်ယွင်းကာ ကိုယ့်နိုင်ငံသားအမျိုးသမီးကို စောင့်ရှောက်ရမည့်အစား စော်ကားမော်ကားပြုလို သော အမိန့်တော်ရမောင်ကိတ္တိတို့ကို ကဲ့ရဲ့စရာ၊ ရှုတ်ချ စရာကောင်းအောင်သရုပ်ဖော်ရေးဖွဲ့ပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုထိုးဖောက်စိမ့်ဝင်လာမှုကို အမျိုးသားရေး သတိဖြင့် ဟန့်တားကြရန် ရေးဖွဲ့လှုံ့ဆော်ခဲ့သည်။
ထို့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ပီမိုးနင်း၊ ဦးပဂျီငို စသော စာပေပညာရှင်များကလည်း နယ်ချဲ့ဗြိတိသျှလက်အောက်ရှိ တိုင်းရင်းသား ပြည်သူများအသီးသီးတို့၏ ငုပ်လျှိုးနေသော ဇာတိမာန်စိတ်ဓာတ် တက်ကြွလာအောင်၊ အသိ အမြင်ကျယ်ပြန့်လာအောင်၊ အတွေးအခေါ် မြင့်မား လာအောင် သုတစာပေ၊ ရသစာပေများကို ရေးဖွဲ့ ခဲ့ကြသည်။ ဤသို့ရေးဖွဲ့ရာတွင် အမိမြန်မာနိုင်ငံ တော်ကြီးကို တစ်စုတစ်စည်းတည်း စတင် တည်ထောင်ခဲ့သော ပုဂံခေတ်မှစတင်၍ တိုင်းရင်း သားလူမျိုးအသီးသီးတို့၏ ရင်တွင်းနှလုံးသား အတွင်း၌ တည်ရှိခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ပြန်လည်ရှင်သန်နိုးကြားလာအောင် ထိရောက်စွာ ရေးဖွဲ့နိုင်ခဲ့သည်။
သမိုင်းမှတ်တိုင် ပင်လုံစာချုပ်
မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရမည့် အခြေအနေသို့ရောက်သောအခါ နယ်ချဲ့တို့သည် တောင်တန်းဒေသကို လွတ်လပ်ရေးမပေးဘဲ ချန်ထားနိုင်ရန် ကြိုးပမ်းအားထုတ်လာခဲ့သည်။ ထိုအရေးကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များသည် ပင်လုံတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ မြန်မာပြည်နှင့်ပေါင်း၍ လွတ်လပ်ရေးယူမှသာ ရှမ်း၊ ချင်း၊ ကချင် အစရှိသော တိုင်းရင်းသားတို့သည် လွတ်လပ်ရေးကို အလျင် အမြန်ရမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ပူးပေါင်း ကြရန်သဘောတူခဲ့သည်။ ဤသို့ဖြင့် လွတ်လပ်ရေး ၏သန္ဓေ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်သည် တိုင်းရင်းသားလူမျိုးအသီးသီး၏ စည်းလုံးညီညွတ်မှုကို အထင်အရှားပြသသည့် မှတ်တိုင်တစ်ခုဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ကလေးတွင် သမိုင်းဝင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တိုင်းရင်းသားလူမျိုးအားလုံး ၏ သွေးစည်းညီညွတ်မှုအင်အားကို အလေးဂရုပြု လာရသည်။ ပြည်ထောင်စုစိတ်ဓာတ်ကို လေးစား လာရသည်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် ရှောင်လွှဲမရတော့ပေ။ တောင်တန်းပြည်မ ခွဲခြားထား ရန် အကြံအစည်မမြောက်တော့ပေ။ ပြည်ထောင်စု ကြီးတစ်ခုလုံး လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း အားထုတ်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးကြောင်း ပင်လုံမြေတွင် သက်သေပြနိုင်ခဲ့ သည်။ တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ် ဖြင့် တစ်စည်းတစ်လုံးတည်း သွေးစည်းခဲ့ကြသည်။
တိုင်းရင်းသားအလေးထား
ပြည်ထောင်စုစိတ်ဓာတ်သည် လွတ်လပ်ရေး အတွက် အရေးကြီးသကဲ့သို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သော ကာလ၊ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်သောကာလများတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ အရေးကြီးသော ပြည်ထောင်စုစိတ်ဓာတ် အစဉ်ရှင်သန်ခိုင်မာစေ အောင် စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတတို့ဖြင့် အစဉ် နှိုးဆော်နိုးကြားနေစေရသည်။ ယင်းသို့ဆောင်ရွက် နေသည်မှာ သရုပ်ဖော်အမွှမ်းတင်နေခြင်းမဟုတ် ပေ။ လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စု၏ အနှစ်သာရကို ထုတ်ဖော်နေခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများကို အလေးအနက်ထား သည့်သဘောဖြစ်သည်။
မျက်မှောက်ကာလသည် နိုင်ငံတစ်နိုင်ငံအား စစ်ရေးဖြင့် ကျူးကျော်သောကာလမဟုတ်ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည်တို့ကို အသုံးချ၍ နည်းပရိယာယ်အမျိုးမျိုးဖြင့် ထိုးဖောက်စွက်ဖက် ကျူးကျော်နေသောကာလဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားအချင်းချင်း သွေးခွဲခြင်းဖြစ်သည့် သွေးထိုးလှုံ့ဆော် ထောက်ပံ့အားပေးနေမှုများကို သတိပြုရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးလျှင် တိုင်းပြည်အန္တရာယ်ရှိသည်ကို သတိ ချပ်ရမည်ဖြစ်သည်။ ထို့ကြောင့် စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်နှိုးဆော်နေရမည်ဖြစ်သည်။ အစဉ်နိုးကြားနေ စေရမည်ဖြစ်သည်။ သို့မှသာ ပြည်ထောင်စုစိတ်ဓာတ် အစဉ်ရှင်သန်ခိုင်မာပြီး ပြည်ထောင်စုကြီး အစဉ် ထာဝရတည်တံ့ခိုင်မြဲနေမည်ဖြစ်ပါကြောင်း။ ။
ကိုးကားချက် - ပညာရေးဝန်ကြီးဌာန၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ၂၀ ရာစု မြန်မာနိုင်ငံ။
- Log in to post comments