ပြည်ထောင်စုအတွက် တာဝန်ကျေပွန်ကြပါစို့ . . . .

Type

(၇၆) နှစ်မြောက်  ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး

ဇင်ငြိမ်း
 

ပြည်ထောင်စုစိတ်ဓာတ်
ပြည်ထောင်စုနေ့ဟု ဆိုလိုက်ပါက တစ်ပါတည်း ဆက်စပ်နေသည်က ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပါ  သည်။ ပြည်ထောင်စုနိုင်ငံ   တည်ဆောက်ရေး၏ အခြေခံလည်း     ဖြစ်ပါသည်။     ပင်လုံစာချုပ်   ချုပ်ဆိုရာတွင်   ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားများအကြား   ညီညွတ်ရေးသဘော တူညီမှုရရှိခဲ့ကြပါသည်။ သို့ဆိုပါလျှင် ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုအတွင်း စုစည်း နေထိုင်လိုသည့်  စိတ်သဘောထားဟု ယေဘုယျ ဆိုနိုင်ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိဒါန်းတွင် “နိုင်ငံတော်အတွင်း  လူမျိုးရေး တန်းတူမှုဖြင့်  စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ် သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူ လျက်  ထာဝစဉ်စည်းလုံးညီညွတ်စွာ   အတူတကွ လက်တွဲနေထိုင်ကြမည်ဟု     သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း” ဟု ဖော်ပြထားသည်။
ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်ကို   သီးခြား အဓိပ္ပာယ်ဖွင့်ဆိုထားမှု မတွေ့ရသော်လည်း ကိုယ်စီ အမြင်ဖြင့် ဖွင့်ဆိုထားကြသည်များ ရှိကြပါသည်။ ပြည်ထောင်စု စိတ်ဓာတ်တွင် ပြည်ထောင်စုဆိုသည့် ရည်မှန်းချက်နှင့် စိတ်သဘောထားဆိုသည့် ဆန္ဒ အဖြစ် ရှုမြင်လိုပါသည်။ ပြည်ထောင်စုရည်မှန်းချက် ဆိုရာတွင် မတူကွဲပြားမှုများဖြင့် စုစည်းနေထိုင် ခြင်း၊ တန်းတူညီမျှခြင်း၊ အပြန်အလှန် လေးစားခြင်း စသည့်အင်္ဂါရပ်များလည်း ပါဝင်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားများ အကြား ချစ်ကြည်မှု၊ တန်းတူညီမျှမှု၊ မတူကွဲပြားမှု များအား နားလည်လက်ခံမှု၊ အပြန်အလှန်လေးစားမှု တို့ဖြင့် စုစည်းနေထိုင်လိုသည့် ဆန္ဒသဘောထားကို အခြေခံသည့်အတွက်    နိုင်ငံတည်ဆောက်ရေး စိတ်ဓာတ်ဟု   နားလည်မိပါသည်။      ထိုနိုင်ငံ တည်ဆောက်ရေးစိတ်ဓာတ်ရှိမှသာ   ညီညွတ်ရေး ရရှိနိုင်မည်   ဖြစ်ပါသည်။    သို့ဖြစ်သည့်အတွက် ပြည်ထောင်စုစိတ်ဓာတ်ပေါ်ထွန်းရေးသည်   နိုင်ငံ တည်ဆောက်ရေးအတွက် အခြေခံဖြစ်ပါသည်။
အဓိက ပန်းတိုင်
ပင်လုံစာချုပ် မချုပ်ဆိုမီ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီ ၁၁ ရက် ည ပင်လုံမြို့ စော်ဘွားများ ထမင်း စားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခု ရှိပါတယ်။ ဘာလဲဆိုရင် မြန်မာပြည်ကြီး   လွတ်လပ်စေချင် တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သည်ဟာပါပဲ” ဟု ပြောကြားခဲ့သည်ကိုကြည့်လျှင် ပင်လုံစာချုပ်၏ အဓိက ပန်းတိုင်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ 
ယင်းပန်းတိုင်သို့   လျှောက်လှမ်းကြရာတွင် တွေ့ကြုံကြရမည့် အခက်အခဲများ၊ အတားအဆီး များ၊  မမျှော်မှန်းနိုင်သည့်    အခြေအနေများကို ညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ရင်ဆိုင် ကျော်လွှားကြရမည် ဖြစ်ပါသည်။ ထို့အပြင် ယနေ့ ကမ္ဘာတွင်ဖြစ်နေသည့် ပြောင်းလဲမှု၊ ယှဉ်ပြိုင်မှု၊ တိုးတက်မှုတို့နှင့်    ရင်ပေါင်တန်းနိုင်ရန် ဆိုပါက များစွာကြိုးစားကြရဦးမည်ဖြစ်သည်။ ထိုသို့ကြိုးစား ရာတွင်လည်း နိုင်ငံကြီးပွားတိုးတက်ရေးအတွက် လုံလောက်သော    ပြည်ထောင်စုစိတ်ဓာတ်နှင့် ညီညွတ်မှုရှိမှသာ အောင်မြင်နိုင်ပါလိမ့်မည်။
ကမ္ဘာပေါ်ရှိ ပဋိပက္ခများနှင့် ရုန်းကန်နေရသော နိုင်ငံတိုင်းသည် နိုင်ငံတည်ဆောက်ရန် အခြားနိုင်ငံ များထက် အခက်အခဲ၊ အတားအဆီးများနှင့်   ပိုမို ရင်ဆိုင်ကြရလေ့   ရှိပါသည်။   နိုင်ငံ၏   ရှိရင်းစွဲ ပြဿနာများသည်  တိုးတက်ရေးအတွက်  အဟန့် အတားများဖြစ်နေတတ်ကြပါသည်။ သို့သော်လည်း နိုင်ငံတိုင်းသည် ၎င်းအခက်အခဲများကြားမှ ကိုယ့် သမိုင်းကြောင်းနှင့်ကိုယ် ရုန်းကန်၍ တိုးတက်အောင် လုပ်ဆောင်ခဲ့ကြ  ရချည်းသာ  ဖြစ်ပါသည်။ ကမ္ဘာ စစ်ကြီးများကြောင့် ပြာပုံဘဝရောက်ခဲ့ရသည့် နိုင်ငံ များနှင့် ပြည်တွင်းပဋိပက္ခများ ခံစားခဲ့ရသည့်နိုင်ငံ များပင် အခုအခါ  ကမ္ဘာ့ထိပ်တန်းနိုင်ငံများအဖြစ် ရောက်ရှိနေကြပြီ ဖြစ်သည်။ 
မြန်မာနိုင်ငံနည်းတူ   နယ်ချဲ့တို့   သိမ်းပိုက်ခံခဲ့ ရသည့် နိုင်ငံများသည် တိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ ကိုယ့်နိုင်ငံ၏ ပန်းတိုင်သို့    ဦးလည်မသုန်   မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်မှသာ အားလုံးလိုချင်သည့် ရည်မှန်း ချက်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
ညီညွတ်ရေး
မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက် အလိုအပ်ဆုံး အရာဟုဆိုပါလျှင် ညီညွတ်ရေးဟု ပြောရပါမည်။ ညီညွတ်ရေး၏ အရေးပါမှု၊ ညီညွတ်ရေး  မရှိမဖြစ် လိုအပ်မှုတို့ကို   ကိုယ်စီနားလည်လက်ခံထားကြ သော်လည်း လက်တွေ့ကျင့်သုံးရာတွင် အခက်အခဲ များနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်းချက်တူသည့် တိုင် အားလုံးပါဝင်သည့် စုစည်းညီညွတ်မှုမရရှိနိုင် သေးသည်မှာ ပင်လုံစာချုပ်တစ်သက်နီးပါးပင် ဖြစ် သည်။  ညီညွတ်ရေးနှင့်  ပတ်သက်၍   ဗိုလ်ချုပ် အောင်ဆန်းက  “ညီညွတ်ရေးသည်   တူညီသော အကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ် ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း” ပြောကြား ခဲ့ပါသည်။ သို့သော်လည်း တူညီသောရည်ရွယ်ချက် ရှိသည့်တိုင် အကျိုးစီးပွားနှင့် အလုပ်တို့ မတူညီပါ က ညီညွတ်မှုရရှိရန် ခက်ခဲနေနိုင်ပါသည်။ သို့ဖြစ် သည့်အတွက် အကျိုးစီးပွား၊ အလုပ်နှင့် ရည်ရွယ် ချက်တို့ တူညီရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါလိမ့် မည်။
ထိုသို့တူညီသည့်တိုင် ပြည်ထောင်စုစိတ်ဓာတ် အခြေမခံနိုင်ပါက ရေရှည်ညီညွတ်ရန် အခက်အခဲ ရှိနေနိုင်ပါသေးသည်။  အလားတူပင်   တူညီသော အကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ် ချက်များ  မရှိပါကလည်း ပြည်ထောင်စုစိတ်ဓာတ် များ ဖြစ်ထွန်းရန် မလွယ်ကူနိုင်ပါ။  ယင်းတို့သည် တစ်ခုနှင့်တစ်ခု   ဆက်နွှယ်နေကြသည့်အတွက် ပြည်ထောင်စုသားများအတွင်း   ညီညွတ်မှုတည် ဆောက်ရေးမှာ သိမ်မွေ့နက်နဲလှပါသည်။ သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်     တည်ဆောက်ရေးတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့်      ညီညွတ်ရေးမှာ ပြည်ထောင်စုသား အားလုံး၏ တူညီသောအကျိုး အတွက် အခြေခံဖြစ်နေပါသည်။
မတူကွဲပြားသော    လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓာတ်တို့ ဆိုသည်မှာ လည်း အလိုလိုဖြစ်တည်လာတတ်သည့်အရာများ မဟုတ်ကြပါ။ ပါးစပ်မှ တဖွဖွပြောရုံနဲ့  မရနိုင်ပါ။ လက်တွေ့မပါသော အပြောများ၊ သဘောတရားများ သည် ရှေ့သို့မရောက်ဘဲ အပြောသက်သက်သာဖြစ်၍ လက်တွေ့အကောင်အထည်ဖော်ရန်    ခက်ခဲပြီး ရေရှည်တွင်   ယုံကြည်မှု  လျော့နည်းစေပါသည်။ ပြည်ထောင်စုစိတ်ဓာတ်၊ ညီညွတ်မှုနှင့် ယုံကြည်မှု တို့သည် စေတနာ၊ အပြောနှင့် အလုပ်တို့ ထပ်တူ ကျမှုအပေါ် မူတည်ကြပါသည်။ ကံသုံးပါးဖြစ်သည့် ကာယကံ၊ ဝစီကံ၊ မနောကံတို့ အစဉ်တစိုက်ညီညွတ် မှသာ အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်မှု၊ ညီညွတ် မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရေရှည်ခိုင်မြဲ နေမည် ဖြစ်ပါသည်။
ပြောင်းလဲနေသည့် အခြေအနေ
၂၁ ရာစု  ကမ္ဘာ့အခြေအနေသည်   အတွေး အမြင်၊ အယူအဆများနှင့် စနစ်များပြောင်းလဲနေပြီ ဖြစ်သည်။ ၁၈ ရာစု၊ ၁၉ ရာစု   နယ်ချဲ့ခေတ်နဲ့ လုံးဝကွာခြားနေပြီ ဖြစ်သည်။ ကမ္ဘာကြီး၏ နိုင်ငံရေး ချိန်ခွင်လျှာနှင့် အယူအဆတို့ ပြောင်းလဲနေသည့် အတွက် ကမ္ဘာ့အခင်းအကျင်းပုံစံသစ်ဟု ဆိုကြပါ သည်။ ယင်းပုံစံသစ်တွင် တစ်နိုင်ငံချင်းစီ၏ ဖြေရှင်း နိုင်စွမ်းထက်  ကျော်လွန်သည့်   ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို   ကိုင်တွယ်ဖြေရှင်းရန်အတွက် စုပေါင်းကြိုးပမ်းလာကြပါသည်။ စုစည်းအားဖြင့် ဖြေရှင်းလာကြသည့်သဘော ဖြစ်ပါသည်။ 
သို့အတွက် ကမ္ဘာကြီးတွင်  သီးခြားရပ်တည်၍ မရတော့ဘဲ မိမိတို့နှင့်အကျိုးစီးပွားတူရာ အုပ်စုများ ဖွဲ့စည်း၍  အမျိုးသားအကျိုးစီးပွားနှင့်  ဘုံအကျိုး စီးပွားတို့ကို    ရှာဖွေနေကြပါသည်။    ထို့ပြင် အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွားကို နည်းလမ်းပေါင်းစုံဖြင့် ချဲ့ထွင်လျက် ရှိရာ  ၎င်းအင်အားကြီးနိုင်ငံများ၏   အကျိုးစီးပွား စက်ကွင်းနှင့် မလွတ်ကင်းသည့် နိုင်ငံငယ်များသည် ဩဇာခံနိုင်ငံများ သို့မဟုတ်   အသုံးချခံ   နိုင်ငံများ အဖြစ် လွှမ်းမိုးခံနေရပါသည်။
ယင်းသို့သော အခြေအနေတွင် မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများ၏  အကျိုးစီးပွားစက်ကွင်း အတွင်း ရောက်ရှိနေသည့်အတွက် အနာဂတ်မြန်မာ နိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားသော စိန်ခေါ် မှုများ အသင့်စောင့်လျက်ရှိနေပါသည်။ ထိုစိန်ခေါ်မှု သည်   မြန်မာတစ်နိုင်ငံလုံးနှင့်   သက်ဆိုင်သည့် ပြည်ထောင်စုအကျိုးစီးပွားလည်းဖြစ်ရာ ပြည်ထောင်စု သား အားလုံးရင်ဆိုင်ကြရမည့်အခြေအနေ  ဖြစ်ပါ သည်။ ကမ္ဘာတစ်ဝန်း တိုးမြင့်လာနေသည့် နိုင်ငံရေး ဖိအားများ၊ စီးပွားရေးအကျပ်အတည်းများ၊ နိုင်ငံ အလိုက် ကိုယ်ကျိုးစီးပွား လိုလားချက်များ မြင့်မား နေချိန်တွင် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် စုစည်းခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းများ ပိုမိုလိုအပ် နေပါသည်။


အခြေခံအုတ်မြစ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း          ပြည်ထောင်စုစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ အနိမ့်အမြင့်၊ အကွေ့အကောက်များနှင့် တွေ့ကြုံခဲ့ရပါသည်။ ယင်း ပြည်ထောင်စုစိတ်ဓာတ်သည် ယနေ့တည်ဆောက် နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြုပြင်ပြောင်းလဲ ရေး၊ ငြိမ်းချမ်းရေးတို့နှင့် ဆက်စပ်လျက်ရှိပါသည်။ တိုင်းရင်းသားအားလုံးအကြား    အပြန်အလှန် နားလည်ရေး၊ အားလုံးပါဝင်နိုင်မှု၊ ပဋိပက္ခဖြေရှင်း ရေး၊  အခွင့်အလမ်းများနှင့်   တိုးတက်မှုတို့သည် တစ်မျိုးသားလုံး၏ ပြည်ထောင်စုစိတ်ဓာတ်ပေါ်တွင် မူတည်နေပါသည်။ 
သို့သော်လည်း   မတူကွဲပြားမှုများရှိနေသည့် တိုင်းရင်းသားများအကြား ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေါ်လာရန်မှာ ကျယ်ပြန့်သော အခြေခံအကြောင်း တရားများအပေါ်  အခြေခံနေပါသည်။  တစ်ဦးနှင့် တစ်ဦးအကြား တူညီသောအကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်လိုသည့်ဆန္ဒ    ဖြစ်စေသည့် အပြန်အလှန်နားလည်ပေးခြင်း၊    လေးစားမှုရှိခြင်း၊ သည်းခံနိုင်ခြင်း၊ ရင့်ကျက်ခြင်း၊ သဘောထားကြီး ခြင်း၊ ညီအစ်ကို မောင်နှမစိတ်သဘောထား ထားရှိ နိုင်ခြင်းကဲ့သို့သော စိတ်ရင်းစေတနာများ လိုအပ်ပါ သည်။ မှန်ကန်သော စိတ်စေတနာနှင့် လုပ်ရပ်သည် သာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ရေရှည်ခိုင်မြဲသော   ပြည်ထောင်စုစိတ်ထားများ ထွန်းကားနိုင်မည်ဖြစ်ပါသည်။ 
အထူးသဖြင့် ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော် ပန်းတိုင်သို့     လက်တွဲလျှောက်လှမ်းကြရာတွင် သဘောထားတိုက်ဆိုင်သည်များလည်း တွေ့ရမည် ဖြစ်သကဲ့သို့    သဘောထားမတိုက်ဆိုင်သည်များ လည်း တွေ့ကြုံကြရမည်ဖြစ်ပါသည်။ တွေ့ကြုံလာ ရသည့်    မတူကွဲပြားမှုများကို    ဖြေရှင်းရာတွင် တန်းတူညီမျှခြင်း၊        နားလည်လက်ခံပေးခြင်း၊  ညှိနှိုင်းခြင်း၊  စုပေါင်းလုပ်ကိုင်ခြင်းဖြင့်  ပဋိပက္ခကို ရှောင်ရှားနိုင်ပြီး    တည်ငြိမ်မှုနှင့်    တိုးတက်မှုကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ သို့မှလည်း ပြည်ထောင်စု ဘုံအကျိုးစီးပွားကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ပဋိပက္ခများ‌လျှော့ချရေး၊ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေးလုပ်ဆောင်ရာ၌   ဒီမိုကရေစီအလေ့ အကျင့်များ၊ ဒီမိုကရေစီနည်းလမ်းများဖြင့် ငြိမ်းချမ်း စွာ အဖြေရှာခြင်းဖြင့် ကာလရှည်ကြာ ပေါင်းစည်း နေထိုင်နိုင်သည့်   ပြည်ထောင်စုကြီးကို   ဖန်တီး တည်ဆောက်နိုင်မည်   ဖြစ်ပါသည်။    သို့ဖြစ်ရာ  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်နိုင်သည့် ရေခံမြေခံ ကောင်းတည်ရှိမှသာ  ၎င်း၏ကြီးထွားမှုနှင့်  အသီး အပွင့်များကို ခံစားနိုင်မည်ဖြစ်ပါသည်။ 
သဘောတရားမှလက်တွေ့သို့
မြန်မာနိုင်ငံ၏ ပြည်ထောင်စုရည်မှန်းချက်သည် လွန်ခဲ့သော နှစ်ပေါင်း ၇၆ နှစ် ကျော်ကပင် ဖြစ်ပါ သည်။ ထိုစဉ်ကပင် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ သဘောတရားများ၊ အယူအဆများကို သိရှိ နားလည်ထားကြပြီး ဖြစ်ပါသည်။ ထိုပြည်ထောင်စု သဘောတရားများနှင့် အယူအဆများကို သိရှိပြီး ဖြစ်သော်လည်း   လက်တွေ့တွင်မူ   ပဋိပက္ခသံသရာ တွင် ရုန်းကန်နေရဆဲအခြေအနေ ဖြစ်ပါသည်။  ထိုသို့ ဆိုခြင်းသည်  အဆိုးမြင်ခြင်း၊  အပြစ်တင်လိုခြင်း မဟုတ်ဘဲ  ခံစားခဲ့ရသည့်   အတွေ့အကြုံများနှင့် ရင်ဆိုင်နေရဆဲအခြေအနေများကို ရှုမြင်သုံးသပ် လိုခြင်းသာ ဖြစ်ပါသည်။ မြန်မာ့သမိုင်းတစ်လျှောက် တွင် အခြားသူများ၏ ရပ်တည်ချက်နှင့် အသက်ရှင် နေထိုင်မှုအပေါ်   မျက်ကွယ်ပြုမှုခြင်း   သို့မဟုတ် ပြစ်တင်မှုတို့ကြောင့် သံသယနှင့်  မယုံကြည်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ 
ထိုမှတစ်ဆင့် နှစ်ဦးနှစ်ဖက်အကြား တင်းမာမှု များ၊ ပဋိပက္ခများမှတစ်ဆင့် ရင်ဆိုင်တိုက်ခိုက်မှုများ အထိ ဖြစ်ပွားစေခဲ့သည့် အတိတ်ဖြစ်စဉ်များလည်း ကြုံခဲ့ရပြီး ဖြစ်ပါသည်။ သေချာသည်မှာ ယင်းဖြစ်စဉ် တို့သည် မြန်မာ့အနာဂတ်  ပြည်ထောင်စုပန်းတိုင် အတွက်  ကောင်းကျိုးထက်  ဆိုးကျိုးများကိုသာ ဖြစ်စေခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်ပါသည်။ ထို့ပြင်   ပဋိပက္ခများ   ရှည်ကြာခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်စေခဲ့ပါ သည်။
သို့ဖြစ်သည့်အတွက် ပေးဆပ်မှုများဖြင့်  ရရှိခဲ့ သည့်   ထိုအတွေ့အကြုံတို့မှ    ခါးသီးမှုများကို သင်ခန်းစာယူကြရမည့်အချိန်သို့ ရောက်နေပြီ ဖြစ်ပါ သည်။ ပြည်ထောင်စုတည်ဆောက်ရေး   သဘော တရားများ မည်မျှပြည့်ဝစေကာမူ   မှန်ကန်သော စိတ်ဆန္ဒ၊ အကောင်အထည်ဖော်မှု၊ လိုက်နာကျင့်သုံးမှု တို့ပါဝင်မှသာ လက်တွေ့အကျိုးရလဒ်များ ရရှိနိုင် မည်ဖြစ်ပါသည်။ သဘောတရားများနှင့် လက်တွေ့ ကိုက်ညီမှသာ တိုးတက်မှုရရှိနိုင်ပါသည်။ လက်တွေ့ အကျိုးမဖြစ်စေသော   သဘောတရားများသည် ဟန်ပြသက်သက်သာဖြစ်သကဲ့သို့  သဘောတရား မပါသော   လက်တွေ့များသည်လည်း   လိုရင်း မရောက်ဘဲ  ဦးတည်ရာမဲ့ နေတတ်ပါသည်။
ပြည်ထောင်စုနေ့
ကျင်းပရခြင်း
ပြည်ထောင်စုနေ့ကျင်းပရခြင်း ရည်ရွယ်ချက် များထဲတွင် ပြည်ထောင်စုတိုင်းရင်းသားများအကြား သွေးစည်းညီညွတ်မှု  တည်ဆောက်နိုင်ခဲ့ခြင်းကို အမှတ်ရနေစေရန်နှင့် ယင်းသို့ လုပ်ဆောင်နိုင်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်   လုပ်ဆောင်မှုတို့ကို နောင်လာနောက်သားများ  အတုယူလိုက်နာနိုင်စေ ရန်တို့    ပါဝင်ပါသည်။     ပြည်ထောင်စုနေ့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စု စိတ်ဓာတ်ပေါ်ထွန်းလာမှုအား နောင်လာနောက်သား တို့အတွက်   စံနမူနာကောင်း    ပြသနိုင်ခဲ့သည့် သမိုင်းဝင်နေ့လည်း     ဖြစ်ပါသည်။  သို့ဖြစ်ရာ  (၇၆) နှစ်မြောက်  ပြည်ထောင်စုနေ့မှစ၍ တိုင်းရင်း သားများအကြား    ညီညွတ်မှုနှင့်    ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ရေး         ဝိုင်းဝန်းဖော်ဆောင် ခြင်းဖြင့်     အနာဂတ်နိုင်ငံတော်နှင့်     နောင်လာ နောက်သားတို့အတွက်  တာဝန်ကျေပွန်ကြပါစို့ဟု       ရေးသားတိုက်တွန်းလိုက်ရပါသည်။         ။