ပြည်သူရှေးရှု ပြည်သူ့အကျိုးပြု ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ

Type
၅

 

မိုးယံ
 

 

ရှာဖွေကယ်ဆယ်ရေးဟူသည်   မီး၊  ရေ၊ လေ၊ ငလျင်၊ မိုးကြိုး စသည့် သဘာဝဘေးအန္တရာယ်များအပါအဝင် ရုတ်တရက်ဖြစ်ပွားစေတတ် သော ဘေးအန္တရာယ်တစ်စုံတစ်ခု  ကျရောက်မှုအပေါ် သတင်းအချက် အလက်များ     လက်ဦးမှုရယူလျက်    အလျင်မြန်ဆုံးနည်းလမ်းဖြင့် ဘေးဒုက္ခခံစားရသူများကို  ရှာဖွေခြင်း၊       ရရှိခဲ့သည့်စိတ်ဒဏ်ရာ၊     ကိုယ်ကာယဒဏ်ရာများအပေါ်  ထိရောက်သောနည်းစနစ်များဖြင့် အားပေးနှစ်သိမ့်ခြင်း၊        ရှေးဦးသူနာပြုစုနည်းဖြင့်     ကူညီဖေးမ စောင့်ရှောက်ပေးခြင်း၊ မှန်ကန်သောနည်းစနစ်ဖြင့်  ဘေးလွတ်ရာသို့ ကယ်ဆယ်‌ရွှေ့ထုတ်ခြင်းစသော   လုပ်ငန်းဆောင်တာ    ကိစ္စရပ်များ အားလုံးပါဝင်သည်။

 


မည်သည့်ဘေးအန္တရာယ်ကျရောက်မှုတွင်မဆို  ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်စုံ၊ ကဏ္ဍစုံမှ ကယ်ဆယ်ရေး နည်းပညာ၊    အတတ်ပညာရပ်များ  ကျွမ်းကျင်မှုရှိသော    ပုဂ္ဂိုလ်များ အားလုံး စုပေါင်းလုပ်ဆောင်မှုကို ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ရန် အရေးကြီးလှသည်။ 

 


ကမ္ဘာပေါ်တွင်  ဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပွားလျက်ရှိရာ နှစ်စဉ် ဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း   ၁၀   သိန်းနီးပါးခန့်ရှိကြောင်း    သိရ သည်။ မီးဘေးအန္တရာယ်ကျရောက်မှုကို တင်ပြရလျှင် လူဦးရေ  ၅၁ သန်းကျော် နေထိုင်လျက်ရှိသည့်  မြန်မာနိုင်ငံတွင်  နှစ်စဉ်မီးလောင်မှု ပျမ်းမျှအကြိမ်ရေ ၂၀၀၀ ကျော်၊ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၅ ဘီလီယံ ခန့် ရှိသည်။ 
ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့်  အမေရိကန်နိုင်ငံတွင် နှစ်စဉ်မီးလောင်မှု ပျမ်းမျှအကြိမ်ရေ ၁၃ သိန်းကျော်၊ ရုရှားနိုင်ငံတွင် ၁၃၀၀၀၀ ခန့်နှင့်  ဂျပန်နိုင်ငံတွင် ၃၆၀၀ ကျော်ဖြစ်ပွားလျက်ရှိကြောင်း လေ့လာ တွေ့ရှိရသည်။

 


 သဘာဝဘေးအန္တရာယ်များစွာ


မီးဘေးအပြင်   အခြားသော   သဘာဝဘေးအန္တရာယ်များစွာကို လည်း  ကမ္ဘာပေါ်ရှိလူသားတိုင်း နှစ်စဉ်ကြုံတွေ့ခံစားနေကြရသည်။ 

 


လူသားတိုင်းသည် ဖွံ့ဖြိုးမှုကို ခုံမင်ကြ၏၊ ဘေးဒုက္ခကို  မတွေ့ကြုံ လိုကြ။   သို့သော်   ဖွံ့ဖြိုးမှုနှင့်ဘေးအန္တရာယ်သည်    ဝိရောဓိဖြစ်နေ၏။ သဘာဝဘေးအန္တရာယ်များသည်   ဖွံ့ဖြိုးတိုးတက်မှုကို    နှောင့်ယှက် ဖျက်ဆီးနေကြသည်။ 

 


သဘာဝဘေးများကြောင့်    လူသားများအပါအဝင်     သတ္တဝါများ အားလုံး ထိခိုက်ခံစားကြရ၏။ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုများကို ပြန်လည်လေ့လာကြည့်လျှင်  ၁၈၁၅ ခုနှစ်က  အင်ဒိုနီးရှား နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး  အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သော “တန်ဘိုရာမီးတောင်” ပေါက်ကွဲမှုသည်လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလက   ဧရာဝတီတိုင်းဒေသကြီးကို  ကြီးမားစွာ ပျက်စီးဆုံးရှုံးစေ ခဲ့သော “နာဂစ်မုန်တိုင်း” သည်လည်းကောင်း၊  ၂၀၁၁ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော    ဂျပန်နိုင်ငံ    “ဆန်ဒိုင်ငလျင်နှင့်    ဆူနာမီ”    သည် လည်းကောင်း၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်             တောမီးလောင်မှုဖြစ်စဉ်သည် လည်းကောင်း အဖျက်စွမ်းအားကြီးမားသည့်  သဘာဝဘေးများဖြစ် သည်။

 


ထို့ပြင်  ၂၀၂၂  ခုနှစ်   ဇန်နဝါရီမှ မတ်လအတွင်း ဘရာဇီးနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး        အမေဇုန်မိုးသစ်တော     ပြုန်းတီးမှုများသည် လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ   ၆  ရက်က  ဖြစ်ပွားခဲ့သည့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ရှိ  ၇   ဒသမ ၈ မဂ္ဂနီကျူ ပြင်းအားရှိ ငလျင်နှင့်  မိနစ်အနည်းငယ်ခြားပြီး ၇ ဒသမ ၅ မဂ္ဂနီကျူ ပြင်းအားရှိ ငလျင်တို့    နှစ်ဆင့်လှုပ်ခတ်ခဲ့မှုကြောင့်   တူကီယဲနိုင်ငံတွင်   လူပေါင်း ၁၂၈၇၃ ဦးနှင့် ဆီးရီးယားနိုင်ငံတွင် လူပေါင်း ၃၁၆၂ ဦး သေဆုံးခဲ့ရပြီး နှစ်နိုင်ငံပေါင်း ဒဏ်ရာရရှိသူ ၇၈၉၇၂ ဦး၊ အဆောက်အအုံပေါင်း ၄၀၀၀ ကျော်ပြိုကျပျက်စီးခဲ့သည့် ဖြစ်စဉ်များသည်လည်းကောင်း သမိုင်း တွင်    မေ့မရနိုင်သော  ကြောက်မက်ဖွယ်ရာ    ဖြစ်ရပ်ဆိုး    သဘာဝ ဘေးအန္တရာယ်များပင် ဖြစ်သည်။

 


ကူးစက်ရောဂါနှင့်     သဘာဝဘေးအန္တရာယ်       ကာကွယ်ရေး သုတေသနစင်တာ (Center for Research  on the Epidemiology of Disasters)၏ အစီရင်ခံစာများအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ ၁၀နှစ်တာကာလအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ဘေးသင့်သူလူဦးရေမှာ တစ်နှစ်လျှင်ပျမ်းမျှ ၁၆၄ သန်းကျော်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ 


၁၀ နှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များ


မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ  ၁၀  နှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များမှာ မီးဘေးအန္တရာယ် ၇၃  ရာခိုင်နှုန်း၊   ရေလွှမ်းမိုးခြင်း  ၁၁   ရာခိုင်နှုန်း၊ လေပြင်းမုန်တိုင်း ကျရောက်ခြင်း ၁၂ ရာခိုင်နှုန်းနှင့်  ကျန် ၄ ရာခိုင်နှုန်းမှာ မြေငလျင်၊ မြေပြိုခြင်းနှင့် ဆူနာမီကျရောက်ခြင်းတို့ဖြစ်ကြောင်း    ဖော်ပြထား သည်။

 


သဘာဝဘေးအန္တရာယ်တို့သည်    နေရာဒေသတစ်ခု  သို့မဟုတ် လူတစ်စုအပေါ်ကွက်၍ ရွေးချယ်ကျရောက်တတ်ခြင်းမျိုးမဟုတ်။ နိုင်ငံတစ်ခု၏     ဖွံ့ဖြိုးတိုးတက်ခြင်း၊   နည်းပညာအဆင့်မြင့်ခြင်း၊ နည်းပညာနောက်ကျခြင်းဟူ၍   ရွေးချယ်မှု၊   ညှာတာမှု၊     ခွဲခြားမှု၊ ထောက်ထားမှုမရှိ တွေ့ကြုံခံစားရမည်သာဖြစ်၏။   ထို့ပြင်  သဘာဝ ဘေးအန္တရာယ်များသည် နယ်စည်းမခြား  လူသားတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်းတွင်  ဆက်စပ်ထိခိုက်   ဆုံးရှုံးတတ်သည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်သည်။

 


 နယ်စည်းမခြား ကူညီကယ်ဆယ်


ထို့ကြောင့်      ကမ္ဘာ့နိုင်ငံအသီးသီးသည်    ဘေးအန္တရာယ်များ ကျရောက်လာပါက  နယ်စည်းမခြား ကူညီကယ်ဆယ်မည့် အသင်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။   မြန်မာနိုင်ငံတွင်လည်း “ကြိုတင်ကာကွယ်       ပြင်ဆင်မှုပြုခြင်းသည်   ကျရောက်လာမည့် ဘေးအန္တရာယ်များအတွက် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ချက် ဖြစ်သည်”  ဟူသော   စကားနှင့်အညီ    နိုင်ငံတော်အတွင်း    အချိန် ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့်   သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ  စနစ် တကျ ပြုလုပ်ထားနိုင်ရေးအတွက်   လည်းကောင်း၊    သဘာဝဘေး အန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို         လျင်မြန်သွက်လက်စွာနှင့် ထိရောက်စွာ      ဆောင်ရွက်ပေးနိုင်စေရေးအတွက်     လည်းကောင်း  “အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၃၁-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၃၀/ ၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့သည်။

 


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ 
စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများ


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အတွင်း    အချိန်ကာလအလျောက်    ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို       စီမံခန့်ခွဲမှုများ    ပြုလုပ်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကော်မတီမှ ပေးအပ်သောလုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်    စီမံခန့်ခွဲမှုဆိုင်ရာ      လုပ်ငန်းစဉ်များကို ထိရောက်စွာ     အကောင်အထည်ဖော်ဆောင်ရွက်ရန်    သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃ခုနှစ်) နှင့်အညီ “အမျိုးသား     သဘာဝဘေးအန္တရာယ်ဆိုင်ရာ           စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊  နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်  ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊     ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊      လုံခြုံရေးလုပ်ငန်းကော်မတီ၊       ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်  ပြန်ကြားရေးလုပ်ငန်း ကော်မတီ၊   ပြန်လည်ထူထောင်ရေးနှင့်    ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊   ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ   စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊       ကနဦးလိုအပ်ချက်      စစ်တမ်းကောက်ယူ၍ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ် ရေး    လုပ်ငန်းကော်မတီ၊   အသက်မွေးဝမ်းကျောင်းများ     ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေး လုပ်ငန်းကော်မတီ” စသည့် လုပ်ငန်းကော်မတီ (၁၂) ခုကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံအတွင်း  သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍        ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်လျက်ရှိသည်။

 


အမျိုးသားရှာဖွေကယ်ဆယ်ရေး ကော်မတီ


ထို့ပြင်  အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသအတွင်း အရေးပေါ် အသက်ဘေးအန္တရာယ်ကျရောက်သူများအား ရှာဖွေရေးနှင့် ကယ်ဆယ် ရေးလုပ်ငန်းများကို    ဒေသတွင်း    နိုင်ငံများအကြား   ထိရောက်စွာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊       မြန်မာနိုင်ငံအတွင်း    သဘာဝ ဘေးအန္တရာယ်များကျရောက်လာပါက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အမျိုးသား ရှာဖွေ ကယ်ဆယ်ရေး အစီအမံများကို စနစ်တကျ ချမှတ်အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ကာ “မြန်မာနိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေး ကော်မတီ”ကို နိုင်ငံတော်သမ္မတရုံး၏ ၃-၅-၂၀၁၆  ရက်နေ့ပါ  အမိန့် ကြော်ငြာစာအမှတ် (၈/ ၂၀၁၆)ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ 

 


မြန်မာနိုင်ငံသည် ပင်လယ်ပြင်တွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကွန်ဗင်းရှင်း (SOLAS)၊ နိုင်ငံတကာ ပင်လယ်လေကြောင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကွန်ဗင်းရှင်း၊ နိုင်ငံတကာ  လေကြောင်းထိန်းသိမ်းရေး ဆိုင်ရာ ကွန်ဗင်းရှင်းတို့တွင်   အဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့်    သက်ဆိုင်ရာ မြေပိုင်နက်များ၊   ရေပိုင်နက်များနှင့်    ကမ်းဝေးပင်လယ်ပြင်အတွင်း လေကြောင်းနှင့် ရေကြောင်းဆိုင်ရာ   ရှာဖွေရေးနှင့်  ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊  ဝန်ဆောင်မှုပေးခြင်းတို့အား  လုပ်ဆောင် ပေးရန် တာဝန်ရှိခြင်းနှင့် မြန်မာနိုင်ငံအတွင်း  သဘာဝဘေးအန္တရာယ် များကျရောက်လာပါက  ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ  ဆောင်ရွက်ရန်တာဝန်ရှိခြင်းတို့ကြောင့်  မြန်မာနိုင်ငံ အမျိုးသား   ရှာဖွေကယ်ဆယ်ရေးကော်မတီကို    ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

 


“မြန်မာနိုင်ငံ            အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ”၊ “အမျိုးသား   သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ” နှစ်ရပ်နှင့် လုပ်ငန်းကော်မတီ  ၁၂ ရပ်တို့သည် သဘာဝဘေးအန္တရာယ် များ ကျရောက်သည့်အခါ နိုင်ငံတော်နှင့်  ပြည်သူလူထု၏   အကျိုး စီးပွားကို    ထိခိုက်ဆုံးရှုံးမှု  လျော့ပါးသက်သာစေရန်နှင့်   အချိန်နှင့် တစ်ပြေးညီ ကူညီ ကယ်ဆယ်ကာကွယ်စောင့်ရှောက်ရာတွင် လိုအပ် ချက်များ၊ လစ်ဟာမှုများ မရှိစေရေးအတွက် ဘက်စုံထောင့်စုံ ကဏ္ဍစုံမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်  ဆက်စပ်ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများက   အချိတ်အဆက်မိမိ    ပေါင်းစပ် ဆောင်ရွက်ကြသည်။ 

 


ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်း


၂၀၂၂    ခုနှစ်    ဇန်နဝါရီ   ၁  ရက်မှ   ဒီဇင်ဘာ  ၃၁    ရက်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်း စုစုပေါင်း ၁၀၂၆ ကြိမ် ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၂၉၀၄ ဦးတို့သည် သက်ဆိုင် ရာ ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များကို ကူညီဆောင်ရွက်နိုင်ခဲ့သည်။
သဘာဝဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်၏    ကွပ်ကဲမှုဖြင့်   ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များကို တစ်မြို့နယ်လျှင် အင်အား ၃၅ ဦးစီပါဝင်သော တပ်စုတစ်စုစီဖြင့် တပ်စုပေါင်း ၃၃၃ စု၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ မြို့ကြီးများတွင် အင်အား  ၁၁၆  ဦးစီ ပါဝင်သော တပ်ခွဲတစ်ခွဲစီဖြင့်  တပ်ခွဲပေါင်း  ၁၇ ခွဲ   ဖွဲ့စည်းထားသဖြင့်   စုစုပေါင်း    ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အား ၁၃၆၂၇ ဦး  စုဖွဲ့ပြင်ဆင်ထားနိုင်ခဲ့သည်။

 


မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးအထူး တပ်ခွဲ


ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်   (နိုင်ငံ့ ဝန်ထမ်း) အင်အား ၁၁၆ ဦးတို့ ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအထူး တပ်ခွဲတစ်ခွဲစီ ထပ်မံ စုဖွဲ့ထားရှိကာ သတ်မှတ်ထားသည့် ရေပြင်နှင့် မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို စုဆောင်း၍ ဒေသအလိုက် ဖြန့်ဝေထားရှိပြီး   “မြန်မာနိုင်ငံ  အမျိုးသားရှာဖွေ ကယ်ဆယ်ရေးကော်မတီ” နှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဖွဲ့စည်းတာဝန်ပေးအပ်သည့်  “ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကော်မတီ”  တို့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

 


သဘာဝဘေးအန္တရာယ်များကြောင့်    နိုင်ငံသားတို့၏    အသက် အိုးအိမ်ဥစ္စာပစ္စည်းများစွာ ဆုံးရှုံးခဲ့ရသည်။ လူမှုစီးပွားလုပ်ငန်းများတွင် အသက်သွေးကြောပမာဖြစ်သည့်      လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့ခဲ့ရသည်။  လမ်း/တံတား၊ မြေပြိုကျမှု  (Landslide)   များ ဖြစ်ပွားပြီး ဆုံးရှုံးပျက်စီးခဲ့ရ၏။ ဘေးသင့်နေရာများတွင် ရေချိုများ ညစ်ညမ်းပြီး သောက်ရေ၊ သုံးရေပြတ်လပ် ရှားပါးခဲ့ရ၏။ စိုက်ပျိုးမြေ များစွာ ထိခိုက်ပျက်စီးခဲ့ရ၏။    တိရစ္ဆာန်များစွာ    သေကျေခဲ့ကြရ၏။ သီးနှံခင်းများလည်း စိုက်ပျိုးမရ ဖြစ်ခဲ့ရ၏။  ဓာတ်တိုင်များ ပြိုလဲ၍ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရ၏။ စာသင်ကျောင်းများလည်း ပိတ်ခဲ့ ရ၏။ ရောဂါဘယများ  ထူပြောခဲ့ရ၏။  သဘာဝဘေးသည် သဘာဝ အလှတရားကို အကျည်းတန်စေခဲ့ရ၏။ 

 


မည်သူ့အပေါ်   အပြစ်တင်ရမည်နည်း။   သဘာဝတရားကိုတော့ အပြစ်တင်၍      ရမည်မဟုတ်။    သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွင် မြေပေါ်နှင့်     မြေအတွင်းပိုင်းဟု      သဘာဝဘေးအန္တရာယ်ဖြစ်စဉ် နှစ်မျိုးရှိသည်။ လေပြင်းမုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊  ရေတိုက် စားခြင်း၊ မြေပြိုခြင်း၊   တောင်ပြိုခြင်းနှင့်  အနည်ပို့ချခြင်းတို့သည် မြေပေါ်ဖြစ်စဉ်များဖြစ်ပြီး  ကမ္ဘာ့အပေါ်ယံအလွှာ  (Earth Crust)   ၌ ဖြစ်ပေါ်လေ့ရှိကြသည်။    မီးတောင်ပေါက်ကွဲခြင်း၊    ငလျင်လှုပ်ခြင်း၊ တောင်တန်းများ၊ တိုက်ကြီးများ၊ သမုဒ္ဒရာချိုင့်ဝှမ်းများ ဖြစ်ပေါ်ခြင်းတို့ သည် မြေတွင်းဖြစ်စဉ်များပင်ဖြစ်၏။

 


သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လို


ထိုဖြစ်စဉ်နှစ်မျိုးတွင် မြေပေါ်ဖြစ်စဉ်က အကြိမ်ရေ  ပိုမိုများပြားပြီး လူသားတို့၏ ပယောဂကြောင့် မြေပေါ်ဖြစ်စဉ်များက ဖြစ်ပွားရခြင်းသာ ဖြစ်၏။ သစ်တစ်ပင်မျှပင် မစိုက်ပျိုးဖူးကြသော်လည်း  သစ်ပင် ၁၀ ပင် ခုတ်ရန် ဝန်မလေးသည့်   လူတို့၏လောဘဇောကြောင့်   သစ်တော များစွာ ပြုန်းတီးကြရ၏။ သစ်ပင်သစ်တောပြုန်းတီးသဖြင့် မိုးရေနှင့် မြေကြီးတိုက်ရိုက်ထိပြီး မိုးရေကို  မကာကွယ်နိုင်  မထိန်းနိုင်ဖြစ်လာ၏။

 


သစ်တောသစ်ပင်ရှိခြင်းက ရွာသောမိုးရေကို မြေအောက်သို့ ပိုမို စိမ့်ဝင်စေ၏။ မြေအောက်ရေကို ဖြည့်တင်းရာရောက်၏။  သစ်ပင် သစ်တောများ ပြုန်းတီးမှုကြောင့် မြေဆီလွှာပျက်စီးစေ၏။ ထိုမြေဆီလွှာ များသည်   မိုးရေနှင့်အတူ    မြစ်များ၊   ချောင်းများသို့    မျောပါ၏။ ထိုမြေဆီလွှာ အနည်အနှစ်များကြောင့် မြစ်ကြမ်းပြင်ကို တိမ်စေ၏။ သောင်ထွန်းစေ၏။ ထို့ကြောင့် မြစ်ကျဉ်းပြီး ရေကြီး ရေလျှံဖြစ်ပေါ်သည့် သဘာဝဘေးကို ခံစားရမည်ဖြစ်၏။ 

 


အခြားသော    အကြောင်းတရားတစ်ခုမှာ     စည်းစနစ်မရှိသော သယံဇာတတူးဖော်မှုများပင်ဖြစ်၏။ မြစ်ထဲ၊ ချောင်းထဲ တူးချင်သလို တူးကြ၏။     စွန့်ပစ်မြေစာများ    ပုံချင်သလို   ပုံကြ၏။    ထို့ကြောင့် ရေလမ်းကြောင်းများ ပျက်စီး၊ ပိတ်ဆို့၊ ပျောက်ဆုံးခြင်းများ  ဖြစ်ပေါ် လာ၏။ မြစ်ချောင်းတို့၏ ရေစီးဆင်းပုံစနစ် (Drainage System) ကွန်ရက်သည် လူတို့၏ မဆင်မခြင်ပြုမှုများကြောင့်သာ ပျက်စီးခြင်း ဖြစ်၏။ အကျိုးဆက်မူကား ရေကြီးမှုပမာဏများပြားလာခြင်း၊ ရေကြီး ခြင်း အကြိမ်ရေစိပ်လာခြင်းတို့ဖြစ်လာရသည်။

 


ထို့ပြင် ရိုးရာဓလေ့ဖြစ်သော ရွှေ့ပြောင်းတောင်ယာဆောင်ရွက် ခြင်း၊    တောမီးရှို့ခြင်း၊    အမှိုက်များ     စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် လမ်းတံတားများဖျက်ဆီးခံရသည့် အဖျက်အမှောင့် လုပ်ဆောင်ခြင်း များကလည်း မြေပေါ်ဘေးအန္တရာယ်များတွင် ထည့်သွင်းရမည်ဖြစ်၏။ မိမိတို့ ပတ်ဝန်းကျင်ရှိ သဘာဝတရား၏ ဟန်ချက်များ ပျက်စီးလာသည် နှင့်အမျှ သဘာဝဘေးများက မိမိတို့ကို  အချိန်တိုင်းစိန်ခေါ်နေမည်သာဖြစ်သည်။

 


အချုပ်ဆိုရသော်    နိုင်ငံသားတိုင်းက     သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ခြင်းဖြင့် သတိပြုနေထိုင်ကြရမည်ဖြစ်ပြီး မိမိတို့ ရေမြေကို  ချစ်မြတ်နိုးတန်ဖိုးထားသည့်   စိတ်ဓာတ်များဖြင့် ပူးပေါင်းကာကွယ်ဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်သည်။ 

 


ထို့အတူ       ဘေးအန္တရာယ်များ    ကျရောက်လာပါကလည်း မြန်မာနိုင်ငံအမျိုးသား     ရှာဖွေကယ်ဆယ်ရေးကော်မတီအနေဖြင့် သတင်းလက်ဦးမှုရယူ၍ အရေးပေါ်ထုတ်ပြန်ကြေညာခြင်း၊ လျင်မြန် ထိရောက်စွာ ကူညီကယ်ဆယ်တုံ့ပြန်ဖြေရှင်းခြင်းများ ဆောင်ရွက်ရာ တွင် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဖြင့် တစ်တပ်တစ်အား  ပူးပေါင်းပါဝင် ကြရန် ရေးသားတင်ပြလိုက်ရပါသည်။      ။